မြန်မာနိုင်ငံ လူဦးရေ စုစုပေါင်း၏ ၁၅ ဒသမ ၈ သန်းသည် ဆင်းရဲနွမ်းပါးသည့် အခြေအနေတွင် နေထိုင်လျက်ရှိကြောင်း ကမ္ဘာ့ဘဏ်၏ အကြံပြုအစီရင်ခံစာ၌ ဖော်ပြ

မြန်မာနိုင်ငံ လူဦးရေ စုစုပေါင်း၏ ၁၅ ဒသမ ၈ သန်းသည် ဆင်းရဲနွမ်းပါးသည့် အခြေအနေတွင် နေထိုင်လျက်ရှိကြောင်း ကမ္ဘာ့ဘဏ်၏ အကြံပြုအစီရင်ခံစာ၌ ဖော်ပြ
Published 13 December 2017

မြန်မာနိုင်ငံ လူဦးရေစုစုပေါင်း၏ ၁၅ ဒသမ ၈ သန်းသည် ဆင်းရဲနွမ်းပါးသည့် အခြေအနေတွင် နေထိုင်လျက်ရှိကြောင်း ဒီဇင်ဘာ ၁၂ ရက်က နေပြည်တော်၌ ကျင်းပသည့် မြန်မာနိုင်ငံ၏ ဆင်းရဲနွမ်းပါးမှု အခြေအနေ လေ့လာစိစစ်ချက် အစီရင်ခံစာ ဒုတိယတွဲ ထုတ်ပြန်သည့် အခမ်းအနားမှ ကမ္ဘာ့ဘဏ်၏ အကြံပြုချက် အစီရင်ခံစာအရ သိရသည်။

မြန်မာနိုင်ငံ၏ ဆင်းရဲနွမ်းပါးမှုသည် ၂၀၀၄ ခုနှစ်မှစ၍ သိသာစွာ ကျဆင်းခဲ့ပြီး ၂၀၁၅ ခုနှစ်တွင် ၄၈ ဒသမ ၂ ရာခိုင်နှုန်းမှ ၃၂ ဒသမ ၁ ရာခိုင်နှုန်းသို့ ကျဆင်းခဲ့ရာ နည်းလမ်းအသစ်ကို အသုံးပြုတွက်ချက်မှုအရ မြန်မာနိုင်ငံ၏ လူဦးရေ စုစုပေါင်း ၁၅ ဒသမ ၈ သန်းသည် ဆင်းရဲနွမ်းပါးသည့် အခြေအနေတွင် နေထိုင်လျက်ရှိပြီး ၁၃ ဒသမ ၈ သန်းကျော်မှာ ကျေးလက်ဒေသတွင် နေထိုင်ကာ နှစ်သန်းမှာ မြို့ပြများ၌ နေထိုင်သူများဖြစ်ကြောင်း အစီရင်ခံတွင် ဖော်ပြထားသည်။

စီမံကိန်းနှင့် ဘဏ္ဍရေးဝန်ကြီးဌာန စီမံကိန်းရေးဆွဲရေး ဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဦးမောင်မောင်တင်က “အဓိကကျဆင်းရတဲ့ အကြောင်းရင်းကတော့ နံပါတ် (၁) အချက်က Rule of Law ပေါ့။ ၂၀၀၄ လောက်တုန်းက စီးပွားရေးနဲ့ ပတ်သက်တဲ့ ဥပဒေတွေဆိုရင် ကျွန်တော်တို့မှာ သေချာမရှိဘူး။ အခုဆိုရင် ရင်းနှီးမြှုပ်နှံမှုဥပဒေ ဆိုရင်လည်း ခေတ်နဲ့အညီ အဆင့်ဆင့် ပြုပြင်ပြောင်းလဲတာတွေ ရှိတယ်။ ကုမ္မဏီအက် ဆိုတာတွေ ရှိတယ်။ စီးပွားရေး လုပ်ငန်းတွေမှာ လုပ်ကိုင်နိုင်တဲ့ အခွင့်အလမ်းတွေ အများကြီး။ ပြီးခဲ့တဲ့ အစိုးရရော၊ အခုအစိုးရရော ဖန်တီးပေးခဲ့တာတွေရှိတယ်။ ရှိတဲ့အပြင် ပုဂ္ဂလိကကဏ္ဍကို အရေးထားပြီးတော့ ဆောင်ရွက်လာတဲ့ အတွက်ဖြစ်တယ်။ ဒါကတစ်ချက်။ နောက်တစ်ချက်ကတော့ ကျွန်တော်တို့ဘာသာပဲ သီးသန့်ရပ်တည်ပြီးတော့ ကိုယ့်ဘာသာ လုပ်လာတာ။ အခုကတော့ ဒေသနဲ့လည်း ချိတ်ဆက်တယ်။ ဒေသနဲ့ ချိတ်ဆက်တယ် ဆိုတာက အာဆီယံပေါ့။ အာဆီယံနဲ့ ချိတ်ဆက်တယ်။ ကျွန်တော်တို့ တစ်တွေရဲ့ တည်နေရာ အနေအထားအရ အားသာချက်ဖြစ်တဲ့ အရှေ့တောင်အာရှနဲ့ ချိတ်ဆက်တဲ့ ကုန်းလမ်းကြီးဆိုတဲ့ အနေနဲ့ တရုတ်တို့၊ အိန္ဒိယတို့ ဒီလိုအနေအထားတွေကို အသုံးချနိုင်တယ်။ နောက်တစ်ချက် ကမ္ဘာ့အဖွဲ့အစည်းတွေက  အကူအညီ တွေကလည်း ကျွန်တော်တို့ဆီကို စီးဝင်လာတယ်။ စီးဝင်လာတယ် ဆိုတဲ့နေရာမှာ တချို့ကလည်း ချေးငွေ၊ FDI နဲ့ Graph အနေနဲ့ စီးဝင်လာတာပေါ့။ ဒီလိုကူညီ ထောက်ပံ့မှုတွေကစပြီးတော့ ကျွန်တော်တို့ဟာ ဒီလိုဖြစ်လာရတယ်လို့ ယူဆပါတယ်” ဟု ပြောကြားသည်။

ဆင်းရဲနွမ်းပါးသည့် အိမ်ထောင်စုများတွင် အလုပ်လုပ်နိုင်သည့် အသက်အရွယ်ရှိသူ ဦးရေနည်းပါးပြီး မှီခိုသူဦးရေ များလေ့ရှိပြီး ဝင်ငွေရှာပေးနိုင်သည့် မြေယာ သို့မဟုတ် လယ်ယာသုံး ပစ္စည်းများကဲ့သို့ အရင်းအမြစ် များမှာလည်း အနည်းငယ်သာရှိကြောင်း အစီရင်ခံစာတွင် ဖော်ပြထားသည်။

ထို့ပြင် အလွန်အမင်း ဆင်းရဲနွမ်းပါး သူများသည် လယ်ယာလုပ်ငန်းတွင် ကျပန်းအလုပ်သမားများ သို့မဟုတ် မြေယာအနည်းငယ် ပိုင်ဆိုင်သူများအဖြစ် အချိုးမညီမျှစွာ ရှိနေပြီး ဝင်ငွေရသည့် အခြားနည်းလမ်းများမှာလည်း အနည်းငယ်သာရှိကြောင်း ထုတ်ပြန်ချက်အရ သိရသည်။

အဆိုပါ အစီရင်ခံစာသည် စီမံကိန်းနှင့် ဘဏ္ဍာရေး ဝန်ကြီးဌာနနှင့် ကမ္ဘာ့ဘဏ် ပူးတွဲပြုစု ထားခြင်းဖြစ်ပြီး ၂၀၁၅ ခုနှစ် မြန်မာနိုင်ငံဆင်းရဲမှုနှင့် စားဝတ်နေရေး အခြေအနေ လေ့လာမှုစစ်တမ်း ပထမတွဲပါ အချက်အလက်များကို အခြေခံကာ ခေတ်ကာလ အခြေအနေ၊ အချိန်အခါနှင့် လျော်ညီသည့် အိမ်ထောင်စုများ၏ သုံးစွဲမှုပုံစံများကို ထည့်သွင်း တွက်ချက်ခြင်းဖြင့် ဆင်းရဲနွမ်းပါးမှု တိုင်းတာသည့် နည်းလမ်းအား ပြန်လည်စိစစ် သုံးသပ်နိုင်ရန် အကြံပြုဖော်ပြချက် အစီရင်ခံစာဖြစ်ကြောင်း သိရသည်။

 

Most Read

Most Recent