နိုင်ငံတကာမျက်နှာစာတွင် မြန်မာနိုင်ငံဘက်မှ ထောက်ခံရပ်တည်ပေးမှုကို ကျေးဇူးတင်ကြောင်း နီပေါသမ္မတနှင့် တွေ့ဆုံစဉ် တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ပြောကြား

နိုင်ငံတကာမျက်နှာစာတွင် မြန်မာနိုင်ငံဘက်မှ ထောက်ခံရပ်တည်ပေးမှုကို ကျေးဇူးတင်ကြောင်း နီပေါသမ္မတနှင့် တွေ့ဆုံစဉ် တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ပြောကြား
Published 12 December 2017

Photo: တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး

နီပေါနိုင်ငံအနေဖြင့် နိုင်ငံတကာ မျက်နှာစာတွင် မြန်မာနိုင်ငံဘက်မှ ထောက်ခံရပ်တည်ပေးမှုကို ကျေးဇူးတင်ကြောင်း နီပေါနိုင်ငံသို့ ချစ်ကြည်ရေးခရီး ရောက်ရှိနေသည့် တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ဒီဇင်ဘာ ၁၁ ရက် ညနေတွင် နီပေါဖက်ဒရယ်ဒီမိုကရက်တစ် သမ္မတနိုင်ငံ သမ္မတ H.E.Mrs.Bidhya Devi Bhandari နှင့် ခတ္တမန္ဒူမြို့ သမ္မတရုံး ဧည့်ခန်းမတွင် တွေ့ဆုံစဉ် ပြောကြားခဲ့ကြောင်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံးက သတင်းထုတ်ပြန်သည်။

ထိုသို့တွေ့ဆုံရာတွင် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က ယခုခရီးစဉ်သည် နှစ်နိုင်ငံ တပ်မတော်နှစ်ရပ်ကြား ဆက်ဆံရေးနှင့် ချစ်ကြည်ရင်းနှီးမှုကို မြှင့်တင်နိုင်ရန်နှင့် ရှိပြီးသား နှစ်နိုင်ငံချစ်ကြည်ရေး ပိုမိုခိုင်မြဲစေရန် လာရောက်ခြင်းဖြစ်ကြောင်း၊ နီပေါကြည်းတပ် ဦးစီးချုပ်နှင့် တွေ့ဆုံဆွေးနွေးစဉ် တပ်မတော်နှစ်ရပ်အကြား ပူးပေါင်းဆောင်ရွက်မှု မြှင့်တင်ရေးဆိုင်ရာ သဘောတူညီမှုများ ရရှိခဲ့ကြောင်း၊ မြန်မာနိုင်ငံတွင် ၂၀၁၁ ခုနှစ်မှ စတင်၍ ပြည်သူမှ ရွေးချယ်သည့် ပါတီစုံဒီမိုကရေစီ လမ်းကြောင်းအတိုင်း လျှောက်လှမ်းလျက်ရှိပြီး တပ်မတော်မှ ပါဝင်ကူညီ ဆောင်ရွက်လျက်ရှိကြောင်း၊ နီပေါနိုင်ငံ၏ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်ကို လေ့လာခွင့်ရရှိသည့်အတွက် အကျိုးရှိကြောင်း၊ နီပေါနိုင်ငံ အနေဖြင့် နိုင်ငံတကာ မျက်နှာစာတွင် မြန်မာနိုင်ငံဘက်မှ ထောက်ခံ ရပ်တည်ပေးမှုနှင့် မိမိချစ်ကြည်ရေး ခရီးစဉ်လာရောက်ချိန်တွင် အဆင်ပြေချောမွေ့စွာ စီစဉ်ဆောင်ရွက်ပေးခဲ့ခြင်းများအတွက် အထူးကျေးဇူးတင်ရှိကြောင်း ပြောကြားသည်။

ထို့နောက် နီပေါဖက်ဒရယ်ဒီမိုကရက်တစ်သမ္မတနိုင်ငံသမ္မတ H.E.Mrs.Bidhya Devi Bhandari က ယခုချစ်ကြည်ရေးခရီးစဉ်မှ တိုးမြှင့်ရရှိမည့် တပ်မတော်ချင်း ဆက်ဆံရေးသာမက ပြည်သူချင်းဆက်ဆံရေးကို အခြေခံ၍ နှစ်နိုင်ငံဆက်ဆံရေးများ တိုးမြှင့်နိုင်မည်ဖြစ်ကြောင်း၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်၏ ခရီးစဉ်လာရောက်ချိန်တွင် နီပေါနိုင်ငံဆိုင်ရာ မြန်မာနိုင်ငံသံအမတ်ကြီးအား အထူးသီးသန့် အစီအစဉ်တစ်ရပ် အနေဖြင့် အချိန်မီ ခန့်အပ်လွှာ လက်ခံပေးခဲ့ကြောင်း၊ မြန်မာနိုင်ငံသမ္မတကြီး ကျန်းမာချမ်းသာစေကြောင်းနှင့် မြန်မာပြည်သူများ သာယာဝပြောပါစေရန် ဆုမွန်ကောင်းတောင်းကြောင်း ပြောကြားသည်။

ယခုကဲ့သို့ နီပေါနိုင်ငံသို့ တပ်မတော် ကာကွယ်ရေးဦးစီးချုပ် သွားရောက်ခဲ့ခြင်းမှာ နှစ် ၅၀ အတွင်း မြန်မာ့တပ်မတော်ခေါင်းဆောင်တစ်ဦး အနေဖြင့် ပထမဆုံးအကြိမ် သွားရောက်ခဲ့သည့် ခရီးစဉ်ဖြစ်သည်။

Most Read

Most Recent