ကချင်လူထုဆန္ဒအရ ပါတီပေါင်းစည်းရေးကို လက်ခံသော်လည်း ပါတီများ၏ မူဝါဒပိုင်းဆိုင်ရာ ရပ်တည်ချက်ခိုင်မာမှုမရှိပါက ပေါင်းစည်းရာတွင် အခက်အခဲရှိနိုင်ကြောင်း KNC ပါတီ ပြောကြား

ကချင်လူထုဆန္ဒအရ ပါတီပေါင်းစည်းရေးကို လက်ခံသော်လည်း ပါတီများ၏ မူဝါဒပိုင်းဆိုင်ရာ ရပ်တည်ချက်ခိုင်မာမှုမရှိပါက ပေါင်းစည်းရာတွင် အခက်အခဲရှိနိုင်ကြောင်း KNC ပါတီ ပြောကြား
Published 12 December 2017

ကချင်ပြည်သူလူထုဆန္ဒအရ ပါတီပေါင်းစည်းရေးကို လက်ခံမည်ဖြစ်သော်လည်း ပါတီများ၏ မူဝါဒပိုင်းဆိုင်ရာ ရပ်တည်ချက်ခိုင်မာမှုမရှိပါက ပေါင်းစည်းရာတွင် အခက်အခဲများရှိနိုင်ကြောင်း ကချင်အမျိုးသားကွန်ဂရက်ပါတီ (KNC) ဥက္ကဋ္ဌ ဒေါက်တာအန်ကောလက ဒီဇင်ဘာ ၁၁ ရက်တွင် ပြောကြားသည်။

ကချင်နိုင်ငံရေးပါတီများပူးပေါင်းရေးအတွက် လာမည့်ဇန်နဝါရီတွင် အပြီးသတ်ဆွေးနွေးသွားမည်ဆိုသည့် ကိစ္စနှင့်ပတ်သက်၍ KNC ပါတီထံ ဆက်သွယ်မေးမြန်းခဲ့ရာ ပါတီဥက္ကဋ္ဌက ထိုသို့ဖြေကြားခဲ့ခြင်းဖြစ်သည်။

“ကျွန်တော်တို့ ပါတီညီလာခံလုပ်ဖို့ရှိတယ်။ အဲဒါမတိုင်ခင် ဗဟိုကော်မတီအစည်းအဝေးမှာ ဒါကိုဆုံးဖြတ်ချက်ယူပြီးမှ ဆက်ပြောရမယ်။ ကချင်ပြည်သူလူထုအနေနဲ့ကတော့ ပေါင်းစေချင်တယ်ဆိုတော့ ကျွန်တော်တို့ကပေါင်းရမှာပဲ။ ပေါင်းရမယ်ဆိုပေမယ့် တခြားတိုင်းရင်းသားပါတီတွေကြားထဲမှာလည်း ပါတီပေါင်းစည်းရေးတွေနဲ့ပတ်သက်ပြီး ပြဿနာတွေရှိတယ်။ ကျွန်တော်တို့ကတော့ မူဝါဒရပ်တည်ချက်တွေအပေါ်မှာ မူတည်တယ်။ ချမှတ်ထားတဲ့ မူဝါဒအတိုင်း ခိုင်ခိုင်မာမာဆက်လျှောက်ရမယ်လေ နိုင်ငံရေးပါတီဆိုတာ။ မူဝါဒတွေရမ်းသမ်းပြီး ထင်ရာစိုင်းနေလို့မရဘူး။ အဲဒီလိုမျိုးအနေအထားဆိုတော့ မူဝါဒခိုင်ခိုင်မာမာမရှိတဲ့သူတွေနဲ့ဆိုရင်တော့ ပေါင်းစည်းဖို့ဆိုတဲ့နေရာမှာ အခက်အခဲရှိတယ်။ မူမတူတဲ့အခါမှာ ပါတီတွေပေါင်းပြီးရင် ဦးဆောင်မှုအခန်းကဏ္ဍ ဘယ်လိုဆောင်ရွက်မလဲဆိုတာ မေးခွန်းတွေအများကြီး ညှိနှိုင်းဆွေးနွေးရဦးမယ်လေ။ ရှေ့မှာလည်း တခြားတိုင်းရင်းသားပါတီတွေ ခိုင်ခိုင်မာမာလုပ်ထားပေမယ့် ပြဿနာတွေဖြစ်လာတာပဲလေ။ သင်ခန်းစာတွေရှိတယ်” ဟု ဒေါက်တာအန်ကောလက ပြောကြားသည်။

ကချင်ပြည်သူလူထုအနေဖြင့် ကချင်ပြည်နယ်အခြေစိုက် နိုင်ငံရေးပါတီများ ပေါင်းစည်းရေးကို လိုလားလျက်ရှိနေပြီး လက်ရှိတွင် ကချင်ပြည်နယ်အခြေစိုက် နိုင်ငံရေးပါတီများဖြစ်သည့် ကချင်ဒီမိုကရက်တစ်ပါတီ (KDP)၊ ကချင်ပြည်နယ်ဒီမိုကရေစီပါတီ (KSDP)၊ ကချင်အမျိုးသားကွန်ဂရက်ပါတီ (KNC)၊ လော်ဝေါ်အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးပါတီ (LNUDP) တို့ပူးပေါင်း၍ ကချင်နိုင်ငံရေးပါတီများ ညှိနှိုင်းပူးပေါင်းဆောင်ရွက်ရေးကော်မတီ (KPCC) ကိုဖွဲ့စည်းထားသည်။

“ကျွန်တော်တို့သဘောကတော့ ၂၀၂၀ မတိုင်ခင်မှာ ပေါင်းသွားလည်းပေါင်းမှာပေါ့။ ပေါင်းတာက ပြဿနာမဟုတ်ဘူး။ အချိန်မရွေးပေါင်းလို့ရတယ်။ ကျွန်တော်တို့ကတော့ ပေါင်းမယ်။ အနှေးနဲ့အမြန်ပဲ။ ပေါ်လစီတွေကိုက်ဖို့လိုမယ်။ အမျိုးသားနိုင်ငံရေးကိုတော့ သေချာလုပ်ဖို့လိုမယ်။ အဓိကလူထုအတွက် ဘာမှမလုပ်ဘဲနဲ့ပေါင်းပြီး ငုတ်တုတ်ထိုင်နေလို့တော့မဖြစ်ဘူးလေ။ ပေါင်းစည်းရေးထိုင်အော်နေပြီး အလုပ်မလုပ်တဲ့သူတွေနဲ့ ပေါင်းစည်းဖို့ဆိုတာတော့ခက်တယ်။ ပေါင်းတာတော့ အချိန်မရွေးပေါင်းလို့ရတယ်။ ပြဿနာမရှိဘူး။ ပြဿနာရှိတာက နိုင်ငံရေးပေါ်လစီမကိုက်ရင် ပြဿနာရှိနိုင်တယ်။ လူထုကပေါင်းစေချင်တယ်။ လူထုက ပေါင်းစေချင်တဲ့အတွက် ကျွန်တော်တို့ကပေါင်းမယ်။ ဒါပေမဲ့ ပေါ်လစီတွေတော့ အတော်လေးညှိယူရဦးမယ့်အနေအထားရှိတယ်” ဟု ပါတီပေါင်းစည်းရေးနှင့်ပတ်သက်၍ ဒေါက်တာအန်ကောလက ပြောကြားသည်။

ကချင်အမျိုးသားကွန်ဂရက်ပါတီ (KNC) အနေဖြင့် ပါတီသက်တမ်း နှစ် ၇၀ နီးပါးခန့်ရှိပြီဖြစ်ရာ လာမည့်ဇန်နဝါရီ ၁၀ ရက် တွင်ကျရောက်သည့် ကချင်ပြည်နယ်နေ့တွင် ပါတီ၏ (၆၉) နှစ်မြောက် နှစ်ပတ်လည်အခမ်းအနားနှင့် ပါတီညီလာခံကို ပူးတွဲကျင်းပသွားရန်ရှိကြောင်းလည်း သိရသည်။

Most Read

Most Recent