ဧရာဝတီသတင်းဌာန၏ Facebook စာမျက်နှာနှင့် ဝက်ဘ်ဆိုက်တွင် ဖော်ပြထားသည့် ‘စစ်နှင့်ငြိမ်းချမ်းရေးစရိတ် မွန်စစ်တပ်ပြန်သုံးသပ်’ သတင်းအား ပြန်လည်ဖြုတ်ချရန် မွန်ပြည်သစ်ပါတီက သတိပေး ကန့်ကွက်စာ ပေးပို့

ဧရာဝတီသတင်းဌာန၏ Facebook စာမျက်နှာနှင့် ဝက်ဘ်ဆိုက်တွင် ဖော်ပြထားသည့် ‘စစ်နှင့်ငြိမ်းချမ်းရေးစရိတ် မွန်စစ်တပ်ပြန်သုံးသပ်’ သတင်းအား ပြန်လည်ဖြုတ်ချရန် မွန်ပြည်သစ်ပါတီက သတိပေး ကန့်ကွက်စာ ပေးပို့
Published 12 December 2017

ဧရာဝတီသတင်းဌာန၏ Facebook စာမျက်နှာနှင့် Website တွင် ဒီဇင်ဘာ ၅ ရက်က အင်္ဂလိပ်၊ မြန်မာနှစ်ဘာသာဖြင့် ဖော်ပြထားသော ‘စစ်နှင့်ငြိမ်းချမ်းရေးစရိတ် မွန်စစ်တပ် ပြန်သုံးသပ် (Mon Army Reassenssing Costs of War and Peace)’ သတင်းဖော်ပြချက်မှာ ခွင့်ပြုချက်မရရှိဘဲ လူငယ်အကြား ပြောဆိုနေသည့်စကားကို သတင်းအဖြစ် တင်ပြခြင်းဖြစ်၍ ပြန်လည်ဖြုတ်ချရန် မွန်ပြည်သစ်ပါတီက ဒီဇင်ဘာ ၉ ရက်တွင် ယင်းသတင်းဌာနသို့ သတိပေးလိုက်ကြောင်း သိရသည်။

အဆိုပါ သတင်းရေးသားသူ သတင်းထောက်လဝီဝမ်ဆိုသူ အနေဖြင့် သတင်းထောက် အနေဖြင့် လာရောက်ခြင်း မဟုတ်ကြောင်းနှင့် သတင်းရေးသား ဖော်ပြမှုအတွက် ခွင့်ပြုချက် တောင်းခံခဲ့ခြင်းလည်း မရှိကြောင်း မွန်ပြည်သစ်ပါတီ ဗဟိုကော်မတီဝင် နိုင်အောင်မငေးက ပြောကြားသည်။

၎င်းက ဆက်လက်ပြီး “ဌာနချုပ်ကိုလာတဲ့ အဖွဲ့တွေနဲ့ စစ်ဦးချုပ်တို့ ပြောနေကြတာကို အသံသွင်းလိုက်တယ်။ စစ်ဦးစီးချုပ်က မသိဘူး။ ရိုးရိုးသားသား မေးတာပဲထင်တယ်။ စကားအဖြစ် ဝိုင်းဖွဲ့ပြောတဲ့နေရာမှာ ပိုတာလဲ ရှိနိုင်သလို လိုတာလည်း ရှိနိုင်ပါတယ်။ သူက လူငယ်တွေနဲ့ အချင်းချင်း ပြောကြဆိုကြတာကို သတင်းလုပ်လိုက်ခြင်းပါ” ဟု ပြောကြားသည်။

“ပါတီရဲ့ ဂုဏ်သိက္ခာကို ထိခိုက်သလို အထင်အမြင် လွဲမှားမှုတွေလည်း ဖြစ်ပေါ်နိုင်လို့ မိမိတို့ပါတီအနေနဲ့ ဒါကိုကန့်ကွက်ပါတယ်။ သတင်းကို ဖြုတ်ချဖို့တော့ ပြောထားပါတယ်။ အကယ်၍ မဖြုတ်ချခဲ့ဘူးဆိုရင် ဧရာဝတီ သတင်းဌာနနဲ့ ထိပ်တိုက်တွေ့ဆုံ စကားပြောဆိုမှုတွေ လုပ်သွားမှာဖြစ်တယ်” ဟု နိုင်အောင်မငေးက ဆက်လက်ပြောကြားသည်။

ဒီဇင်ဘာ ၉ ရက်က မွန်ပြည်သစ်ပါတီ ဗဟိုကော်မတီဝင် နိုင်အောင်မငေးလက်မှတ် ရေးထိုးပြီး ဧရာဝတီသတင်းဌာန အယ်ဒီတာချုပ်ထံ ပေးပို့သော သတိပေး၊ ကန့်ကွက်စာတွင် သတင်းထုတ်ပြန်မှု အနေဖြင့် သတင်းထောက်တစ်ဦး၏ ကျင့်ဝတ်ကို လိုက်နာမှုမရှိသည့်အပြင် လုံးဝဆန့်ကျင်ကာ မိမိတို့အတွင်း သတင်းကို ခွင့်ပြုချက်မရရှိဘဲ လူငယ်အကြား ပြောဆိုနေသည့်စကားကို သတင်းအဖြစ် တင်ပြခြင်းဖြစ်ကြောင်း၊ တချို့အချက်များသည် အပိုအလို စကားလုံးကိုလည်း ထည့်သွင်းထားပါကြောင်း၊ မိမိတို့အတွင်း လျှို့ဝှက်ချက်များ ဖော်ထုတ်ပြီး မဟာမိတ် (KIA, UWSA) တို့မှ မိမိတို့အပေါ် သံသယဖြစ်မှု ဖြစ်စေခဲ့ကြောင်း ဖော်ပြပါရှိသည်။ ထို့ပြင် ယင်းကဲ့သို့ အခြေအမြစ်မရှိသော မြန်မာစာ၊ အင်္ဂလိပ်စာ နှစ်ဘာသာဖြင့် ရေးသားထားသော သတင်းများကို ဖြုတ်ချရန်နှင့် နောက်နောင် ယခုကဲ့သို့ လုပ်ဆောင်မှုကို မဖြစ်စေရန် သတိပေးပါကြောင်း၊ သတင်းထောက်တစ်ဦး၏ ကျင့်ဝတ်ကိုလည်း စောင့်ထိန်းပေးပါရန် တိုက်တွန်းပါကြောင်း အဆိုပါ ကန့်ကွက်လွှာတွင် ဖော်ပြထားသည်။

အဆိုပါ ‘စစ်နှင့်ငြိမ်းချမ်းရေးစရိတ် မွန်စစ်တပ်ပြန်သုံးသပ် (Mon Army Reassenssing Costs of War and Peace)’ သတင်းတွင် မွန်ပြည်သစ်ပါတီ NCA လက်မှတ်ထိုးခြင်း မထိုးခြင်းကိစ္စများ အပါအဝင် မွန်ပြည်သစ်ပါတီ၏ စစ်အသုံးစရိတ်နှင့် ပတ်သက်သော စစ်ဦးစီးချုပ် နိုင်လယီကောင်းနှင့် မွန်ပြည်သစ်ပါတီဝင်အချို့၏ ပြောဆိုချက်များကို ထည့်သွင်းဖော်ပြထားသည်။

ယခုနှစ် ဖေဖော်ဝါရီ ၈ ရက်က ဧရာဝတီသတင်းဌာနဝက်ဘ်ဆိုက်တွင် ဖော်ပြခဲ့သော (၇၀) အကြိမ်မြောက် မွန်အမျိုးသားနေ့ အခမ်းအနားတွင် လက်နက်ကိုင်ဆောင်ပြီး စစ်ရေးပြမည့် ကိစ္စနှင့်ပတ်သက်ပြီး ‘အစိုးရကို အာခံပြီး မွန်စစ်ရေးပြမည်’ သတင်းကြောင့် တပ်မတော်နှင့် မွန်ပြည်သစ်ပါတီကြား စစ်ရေးတင်းမာမှုများ ဖြစ်ပေါ်ခဲ့ဖူးပြီး ဖေဖော်ဝါရီ ၁၄ ရက် နံနက်ပိုင်းက သံဖြူဇရပ်-ဘုရားသုံးဆူလမ်းပေါ်ရှိ မွန်ပြည်သစ်ပါတီ၏ ဂိတ်စခန်းနှစ်ခုအား ဖယ်ရှားပေးရန် တပ်မတော်က ညွှန်ကြားလာသည့်အတွက် ယင်းလမ်းပေါ်ရှိ ဘုရားတောင်ဂိတ်နှင့် ဆီးနှစ်ပင်ဂိတ်တို့အား မွန်ပြည်သစ်ပါတီမှ ဖယ်ရှားပေးခဲ့ရကြောင်း၊ ထို့ပြင် ဖေဖော်ဝါရီ ၁၅ ရက် မွန်းလွဲပိုင်းက ရေးမြို့ရှိ မွန်ပြည်သစ်ပါတီ ဆက်ဆံရေးရုံးအား တပ်မတော်နှင့် ရဲတပ်ဖွဲ့ဝင်များက ဝင်ရောက်စစ်ဆေး ရှာဖွေခြင်းများ လုပ်ဆောင်ခဲ့ကြောင်းနှင့် တပ်မတော်နှင့် မွန်ပြည်သစ်ပါတီတို့ စစ်ရေးတင်းမာနေမှုကြောင့် ဘုရားသုံးဆူဒေသခံများ စိုးရိမ်ထိတ်လန့်မှုများ ဖြစ်ခဲ့ဖူးကြောင်း သိရသည်။

Most Read

Most Recent