တတိယအကြိမ် အာရှ-ပစိဖိတ်ရေညီလာခံ ဖွင့်ပွဲအခမ်းအနားသို့ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် တက်ရောက်

တတိယအကြိမ် အာရှ-ပစိဖိတ်ရေညီလာခံ ဖွင့်ပွဲအခမ်းအနားသို့ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် တက်ရောက်
Published 12 December 2017

တတိယအကြိမ် အာရှ-ပစိဖိတ် ရေညီလာခံ ဖွင့်ပွဲအခမ်းအနား၌ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် မိန့်ခွန်းပြောကြားစဉ် (ဓာတ်ပုံ-ချမ်းဝေစိုး)

မြန်မာနိုင်ငံမှ အိမ်ရှင်အဖြစ်လက်ခံကျင်းပသည့် တတိယအကြိမ် အာရှ-ပစိဖိတ် ရေညီလာခံကို ရန်ကုန်မြို့ရှိ Sedona Hotel တွင် ဒီဇင်ဘာ ၁၁ ရက်မှစတင်ကျင်းပရာ ညီလာခံဖွင့်ပွဲအခမ်းအနားသို့ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် တက်ရောက်မိန့်ခွန်းပြောကြားသည်။

အဆိုပါအခမ်းအနားသို့ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့်အတူ ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူ၊ ပြည်ထောင်စုဝန်ကြီးများ၊ နိုင်ငံအသီးသီးမှ ညီလာခံကိုယ်စားလှယ်များ တက်ရောက်ကြသည်။ မြန်မာနိုင်ငံအနေနှင့် Asia Pacific Water Forum နှင့်ပူးပေါင်းကာ ရေညီလာခံအား အိမ်ရှင်အဖြစ် လက်ခံကျင်းပခြင်းဖြစ်သည်။

“ဒီထိပ်သီးဆွေးနွေးပွဲက Water for Sustainable Development အား ဆယ်စုနှစ် နှစ်စုအတွင်းမှာ အားလုံးအတွက် အမြင်နဲ့အထင်တွေကို ဆွေးနွေးဖလှယ်ဖို့ လွန်စွာကောင်းသော အခွင့်အရေးတစ်ခုဖြစ်ပါတယ်။ တက်ရောက်တဲ့ အာရှ-ပစိဖိတ်ဒေသထဲက မိတ်ဖက်တွေအကုန်လုံး ကျွန်မတို့နဲ့ ရေအရင်းအမြစ်ကိုအသုံးချနိုင်မယ့် လုပ်ငန်းအကြံဉာဏ်နဲ့ အတွေ့အကြုံတွေကိုမျှဝေပြီး ပိုမိုကောင်းမွန်သော ပူးပေါင်းဆောင်ရွက်မှုတွေကို ဖော်ဆောင်နိုင်မယ်လို့ မျှော်လင့်ပါတယ်” ဟု နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ပြောကြားသည်။

ထို့ပြင် အာရှ-ပစိဖိတ်ဒေသအတွင်း ကမ္ဘာပေါ်တွင် အဆင်းရဲဆုံးနိုင်ငံအချို့ရှိနေပြီး စိုက်ပျိုးရေးကဏ္ဍအတွက် ရေအရင်းအမြစ်၏ ရာခိုင်နှုန်း ၈၀ ခန့်အား သုံးစွဲနေရဆဲဖြစ်ကြောင်း၊ မြန်မာနိုင်ငံတွင် စိုက်ပျိုးရေးကဏ္ဍအတွက် ၂၁ ရာခိုင်နှုန်းကျော် သုံးစွဲနေကြကြောင်း၊ ကမ္ဘာပေါ်တွင် ၁ ဒသမ ၇ ဘီလျံခန့်ရှိသည့်လူများသည် ယခုအချိန်အထိ ရေနှင့်ပတ်သက်သည့် အခြေခံကျန်းမာသန့်ရှင်းမှုမရှိကြကြောင်း၊ ၂၀၅၀ ပြည့်နှစ်တွင် လူဦးရေ ၅ ဒသမ ၂ ဘီလျံခန့်နှင့် ၂၀၃၀ ပြည့်နှစ်တွင် ၂၂ မီဂါစီးတီးခန့်ပေါ်ထွက်လာမည်ဟု ခန့်မှန်းတွက်ဆမှုများရှိပြီး ရာသီဥတုပြောင်းလဲမှုများစွာကြားထဲ၌ ရေအရင်းအမြစ်များပေါ် အင်မတန်ကြီးမားသည့် ဖိအားများပေါ်လာမည်ဖြစ်ကြောင်း၊ အာရှ-ပစိဖိတ်တစ်ဝန်းတွင် နှစ်စဉ်တိုးတက်မှုများစွာရှိနေသော်လည်း နိုင်ငံဈေးကွက်တစ်ခုနှင့်တစ်ခုယှဉ်ပါက ကြီးမားသောမတူညီမှုများကို တွေ့ရမည်ဖြစ်ကြောင်း နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ပြောကြားသည်။

ထို့အတူ ဒေသအတွင်း၌ ၃၀၀ မီလျံခန့်ရှိသည့်လူများသည် သန့်ရှင်းသောရေကို လုံလောက်စွာမရရှိဘဲ နှစ်စဉ် Greenhouse Gas ထွက်မှုနှုန်းသည်လည်း တစ်ကမ္ဘာလုံး၏ ပျမ်းမျှထွက်နှုန်းထက် ပိုများပြားနေကြောင်း၊ အာရှ-ပစိဖိတ်ဒေသသည်လည်း ကမ္ဘာပေါ်တွင် ရေနှင့်ပတ်သက်သည့် ဘေးအန္တရာယ်အဖြစ်ဆုံးဖြစ်ကြောင်း၊ ဒေသအတွင်း အစိုးရအားလုံးက ပြင်းထန်သော ရာသီဥတုပြောင်းလဲမှုနှင့်တကွ မကြာခဏပေါ်ပေါက်လာသည့် သဘာဝဘေးအန္တရာယ်များအတွက် ကြိုတင်ပြင်ဆင်ရမည်ဖြစ်ကြောင်း၊ သို့ရာတွင် ADB အစီရင်ခံစာများကိုသုံးသပ်ပါက နိုင်ငံအချို့ကသာ သဘာဝဘေးအန္တရာယ်ကာကွယ်ရေးအတွက် ရင်းနှီးမြှုပ်နှံထားသည်ကို တွေ့ရမည်ဖြစ်ကြောင်း ၎င်းကဆိုသည်။

“ကျွန်မတို့က ရေအရင်းအမြစ်နှင့်ပတ်သက်တဲ့ ဆိုးကျိုးများကိုလျှော့ချပြီး ကောင်းကျိုးများကို မြှင့်တင်တယ်ဆိုရင် အားစိုက်လုပ်ရမည့် အရာနှစ်ခုရှိပါတယ်။ ပထမတစ်ခုက ရေအရင်းအမြစ်အခြေခံ စီးပွားရေးဈေးကွက်ကို တည်ထောင်ရမှာဖြစ်ပြီး နောက်တစ်ခုကတော့ သဘာဝဘေးအန္တရာယ်ကာကွယ်ရေးအတွက် ရင်းနှီးမြှုပ်နှံရမည်ဖြစ်ပါတယ်။ မြန်မာနိုင်ငံမှာ ရေအရင်းအမြစ်များစွာရှိပြီး ရေအားလျှပ်စစ်ကို ကောင်းမွန်စွာ ထုတ်လုပ်နိုင်သော အလားအလာရှိပါတယ်။ ဒါပေမဲ့ ကျွန်မတို့မှာ ရေအရင်းအမြစ်နဲ့ပတ်သက်ပြီး လုံခြုံမှုနည်းပါးသလို ပြဿနာများစွာရှိပါတယ်။ အလွယ်ဆုံး အရှင်းဆုံးပြောရမယ်ဆိုရင် လိုအပ်သောနေရာနဲ့ လိုအပ်သောအချိန်တွေမှာ ကျွန်မတို့ ရေကိုလုံလောက်စွာမရရှိပါဘူး။ မျှတညီညာခြင်းမရှိတဲ့ မိုးရွာသွန်းမှု၊ ရာသီဥတုပြောင်းလဲမှုနဲ့ အခြားသော ရေသယံဇာတနဲ့ပတ်သက်ပြီး ပြောင်းလဲမှုများစွာကြောင့်ပါ” ဟု နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်က ပြောကြားသည်။

အလားတူ မြို့ပြများတွင် လူဦးရေများပြားမှုနှင့် သိပ်သည်းမှုကြောင့် ရေသုံးစွဲမှုများစွာမြင့်လာသကဲ့သို့ ကျေးလက်ဒေသများတွင်လည်း စိုက်ပျိုးရေးတိုးချဲ့လာမှုနှင့် အခြားလှုပ်ရှားမှုများကြောင့် မြင့်တက်နေကြောင်း၊ အခြားစီးပွားရေးနယ်မြေများတွင်လည်း ရေသုံးစွဲမှုမြင့်မားနေကြောင်း၊ ရေရရှိရန် လျှပ်စစ်စွမ်းအားလိုအပ်သလို လျှပ်စစ်စွမ်းအားရရှိရန် ရေလိုအပ်ကြောင်း၊ စားနပ်ရိက္ခာ လုံခြုံမှုဆိုသည်မှာလည်း ရေလုံခြုံမှုပေါ်မူတည်ကြောင်း နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်က ပြောကြားသည်။

လက်ရှိတွင် Myanmar Water Law ကို ကမ္ဘာ့ဘဏ်နှင့် အတူတူပြင်ဆင်နေဆဲဖြစ်ပြီး ပြည်သူလူထုသိရှိအောင် ကြေညာနိုင်မည့် အဆင့်ရောက်ရှိတော့မည်ဖြစ်ကြောင်း နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်က အသိပေးခဲ့သည်။ ထို့နောက် Nauru နိုင်ငံသမ္မတ H.E.Mr.Baron Waga နှင့် Asia Pacific Water Forum (APWF) ဥက္ကဋ္ဌ H.E.Mr.Yoshinori Imai တို့ကလည်း အဖွင့်မိန့်ခွန်းများပြောကြားသည်။

ထိုသို့ ဖွင့်ပွဲအခမ်းအနားပြီးနောက် ညီလာခံအား ခေတ္တနားစဉ် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်သည် ညီလာခံသို့တက်ရောက်ရန် မြန်မာနိုင်ငံသို့ ရောက်ရှိနေသည့် တီမောလက်စ်တေနိုင်ငံ သမ္မတဟောင်း ဝါရင့်ဝန်ကြီး အမျိုးသားလုံခြုံရေးအကြံပေး H.E.Mr. Jose Ramos-Horta အား နံနက် ၁၀ နာရီခွဲ တွင် ဆီဒိုးနားဟိုတယ်အလုံခန်းမ၌ လက်ခံတွေ့ဆုံခဲ့သည်။

ထို့အတူ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်သည် ဂျပန်နိုင်ငံ မြေယာ၊ အခြေခံအဆောက်အအုံ၊ ပို့ဆောင်ရေးနှင့် ခရီးသွားလာရေးဝန်ကြီး H.E.Mr.Keiichi ISHII ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့အား လက်ခံတွေ့ဆုံခဲ့ပြီး မြန်မာနိုင်ငံ၏ အခြေခံအဆောက်အအုံ ဖွံ့ဖြိုးရေးအတွက် မြန်မာ-ဂျပန်နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်လျက်ရှိသည့် စီမံကိန်းများနှင့်ပတ်သက်၍ ဆွေးနွေးခဲ့ကြကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာန၏ ထုတ်ပြန်မှုအရ သိရသည်။

နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်သည် နံနက် ၁၁ နာရီခွဲတွင် အိန္ဒိယနိုင်ငံ အိုးအိမ်နှင့် အခြေခံအဆောက်အအုံဖွံ့ဖြိုးတိုးတက်ရေး ဝန်ကြီး H.E.Dr. Seyed Abbas Araghchi ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့အား လက်ခံတွေ့ဆုံခဲ့ပြီး ရေနှင့်ပတ်သက်၍ မြန်မာနိုင်ငံနှင့် အိန္ဒိယနိုင်ငံတို့ ရင်ဆိုင်နေရသော တူညီသည့်စိန်ခေါ်မှုများအား ပူးပေါင်းဖြေရှင်းရန် နှစ်နိုင်ငံ၏ သက်ဆိုင်ရာဝန်ကြီးဌာနများအချင်းချင်း ပိုမိုပူးပေါင်းဆောင်ရွက်ရေး၊ အတွေ့အကြုံများမှ အပြန်အလှန် လေ့လာရေးအပါအဝင် နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်ရေးကိစ္စရပ်များအပေါ် ဆွေးနွေးခဲ့သည်။

Most Read

Most Recent