ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်သို့ ဆင်းသက်သည့် ပြည်တွင်းပြည်ပလေယာဉ်များ အနှောင့်အယှက်ဖြစ်ပြီး အန္တရာယ်ဖြစ်နိုင်သဖြင့် မြို့နယ် ၁၆ ခုတွင် Drone ပျံသန်းမှု တားမြစ်

ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်သို့ ဆင်းသက်သည့် ပြည်တွင်းပြည်ပလေယာဉ်များ အနှောင့်အယှက်ဖြစ်ပြီး အန္တရာယ်ဖြစ်နိုင်သဖြင့် မြို့နယ် ၁၆ ခုတွင် Drone ပျံသန်းမှု တားမြစ်
Published 12 December 2017

ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်သို့ ဆင်းသက်သည့် ပြည်တွင်းပြည်ပ လေယာဉ်များ အနှောင့်အယှက်ဖြစ်ပြီး အန္တရာယ်ဖြစ်နိုင်သဖြင့် ရန်ကုန်တိုင်းဒေသကြီး အတွင်းရှိ မြို့နယ် ၁၆ ခုတွင် Drone/Unmanned Aircraft (UA) များ မောင်းနှင် ပျံသန်းဝင်ရောက်ခြင်း လုံး၀ (လုံးဝ) တားမြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဒီဇင်ဘာ ၁၁ ရက်တွင် စုံစမ်းသိရသည်။

ယင်းကဲ့သို့ မောင်းနှင့်ပျံသန်းဝင်ရောက်မှုများ တားမြစ်သည့်အမိန့်ကို ရန်ကုန်တိုင်းဒေသကြီး အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနက နိုဝင်ဘာ ၂၈ ရက်တွင် အမိန့်အမှတ် (၂/ ၂၀၁၇) ဖြင့် ထုတ်ပြန်ခဲ့ပြီး မြို့နယ်အထွေထွေ အုပ်ချုပ်ရေးရုံးများသို့ ဖြန့်ဝေထားကြောင်း သိရသည်။

ရန်ကုန်တိုင်းဒေသကြီး အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးက “အခုလို အမိန့်ထုတ်ပြန်ထားတာ ဟုတ်ပါတယ်။ မြို့နယ်တွေကိုလည်း ဖြန့်ဝေထားပါတယ်” ဟု ဒီဇင်ဘာ ၁၁ ရက်တွင် The Daily Eleven သတင်းစာ၏ မေးမြန်းမှုကို ဖြေကြားသည်။

Drone/Unmanned Aircraft (UA) များ မောင်းနှင်ပျံသန်း ဝင်ရောက်ခြင်း တားမြစ်ထားသည့် မြို့နယ် ၁၆ ခုမှာ အရှေ့ဘက်တွင် မြောက်ဥက္ကလာပမြို့နယ်၊ ဒဂုံမြို့သစ် (မြောက်ပိုင်း) မြို့နယ်၊ ဒဂုံမြို့သစ် (အရှေ့ပိုင်) မြို့နယ်၊ အနောက်ဘက်တွင် အင်းစိန်မြို့နယ်၊ ရွှေပြည်သာမြို့နယ်၊ လှိုင်သာယာမြို့နယ်၊ တောင်ဘက်တွင် မရမ်းကုန်းမြို့နယ်၊ လှိုင်မြို့နယ်၊ ကမာရွတ်မြို့နယ်၊ ကြည်မြင်တိုင်မြို့နယ်၊ စမ်းချောင်းမြို့နယ်၊ ဗဟန်းမြို့နယ်၊ ဆိပ်ကြီးခနောင်တိုမြို့နယ်၊ မြောက်ဘက်တွင် မင်္ဂလာဒုံမြို့နယ်၊ လှည်းကူးမြို့နယ်၊ ထန်းတပင်မြို့နယ်တို့ ဖြစ်သည်။

အဆိုပါ ထုတ်ပြန်ချက်တွင် ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်သည် မြန်မာနိုင်ငံ၏ အဓိကနိုင်ငံတကာ လေဆိပ်ကြီးဖြစ်သည့်အနှင့်အညီ ပြည်တွင်းပြည်ပ လေယာဉ်များ နေ့၊ ညပျံသန်း ဆင်း၊ တက်လျက်ရှိရာ အဆိုပါ လေယာဉ်များ ဘေးအန္တရာယ်ကင်းရှင်းစွာ ဆင်း၊ တက်နိုင်ရေးအတွက် ၂၄ နာရီပတ်လုံး လုံလောက်သော လုံခြုံရေးအင်အားဖြင့် လေယာဉ်ကွင်းလုံခြုံရေးအား အထူးအလေးထား ဆောင်ရွက်လျက်ရှိသော်လည်း ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်သို့ ဆင်းသက်ရန် လေယာဉ်များ ချဉ်းကပ်လာစဉ် ယင်းချဉ်းကပ်လမ်းကြောင်းအတွင်း Drone များ တွေ့ရှိရကြောင်း ပါရှိသည်။

ယင်းကဲ့သို့ Drone များ တွေ့ရှိရသဖြင့် ဆင်းသက်သည့် လေယာဉ်များအတွက် များစွာ အနှောင့်အယှက်ဖြစ်ရပြီး လေယာဉ်နှင့် တိုက်မိပါက အန္တရာယ်ကြီးမားစွာ ဖြစ်ပေါ်လာနိုင်ပါသဖြင့် ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်၏ တောင်ဘက်နှင့် မြောက်ဘက်မှ ပြည်တွင်း/ပြည်ပ လေယာဉ်များ ဆင်း၊ တက်သည့် လမ်းကြောင်းအပါအဝင် လေဆိပ်မှ အလျား ၂၃ နော်တီကယ်မိုင်နှင့် အနံခြောက် နော်တီကယ်မိုင် ဧရိယာအတွင်း Drone/Unmanned Aircraft (UA) များ မောင်းနှင် ပျံသန်း ဝင်ရောက်ခြင်းများကို ကာကွယ်ရန်အတွက် ရာဇသတ်ကြီး ပုဒ်မ ၁၁၈ အရ ထုတ်ပြန်တားမြစ်ရန် လိုအပ်သည့်အလျောက် ဖော်ပြပါ နယ်မြေသတ်မှတ်ချက်အတိုင်း Drone/Unmanned Aircraft (UA) များ မောင်းနှင် ပျံသန်းဝင်ရောက်ခြင်း လုံး၀ (လုံးဝ) မပြုလုပ်ရန် တားမြစ်ခြင်းဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ပါရှိသည်။

Most Read

Most Recent