အမျိုးသားလွှတ်တော် သတ္တမပုံမှန်အစည်းအဝေးစတင်ချိန်တွင် ဥပဒေကြမ်း ၁၁ ခု၏ အစီရင်ခံစာများတင်သွင်းနိုင်ရန် ဆောင်ရွက်ထားပြီးဖြစ်ကြောင်း ဥပဒေကြမ်းကော်မတီအတွင်းရေးမှူး ပြောကြား

အမျိုးသားလွှတ်တော် သတ္တမပုံမှန်အစည်းအဝေးစတင်ချိန်တွင် ဥပဒေကြမ်း ၁၁ ခု၏ အစီရင်ခံစာများတင်သွင်းနိုင်ရန် ဆောင်ရွက်ထားပြီးဖြစ်ကြောင်း ဥပဒေကြမ်းကော်မတီအတွင်းရေးမှူး ပြောကြား
Published 12 December 2017

အမျိုးသားလွှတ်တော် ဆဋ္ဌမပုံမှန်အစည်းအဝေးအပြီးတွင် လွှတ်တော်ကိုယ်စားလှယ်များအား တွေ့ရစဉ်

အမျိုးသားလွှတ်တော် သတ္တမပုံမှန်အစည်းအဝေး စတင်ချိန်တွင် ဥပဒေကြမ်း ၁၁ ခု၏ အစီရင်ခံစာများတင်သွင်းနိုင်ရန် ဆောင်ရွက်ထားပြီးဖြစ်ကြောင်း ဥပဒေကြမ်းကော်မတီအတွင်းရေးမှူး ဒေါက်တာမြတ်ဉာဏစိုးက ဒီဇင်ဘာ ၁၁ ရက်က ပြောကြားသည်။

ဒေါက်တာမြတ်ဉာဏစိုးက လွှတ်တော်ရပ်နားသည့်ကာလအတွင်း အမျိုးသားလွှတ်တော်ဥပဒေကြမ်းကော်မတီအနေဖြင့် အသိဉာဏ်ပစ္စည်းဆိုင်ရာ မူပိုင်ခွင့်ဥပဒေကြမ်းလေးခုနှင့် ပတ်သက်၍ သတ္တမအကြိမ်ပြုလုပ်မည့် လွှတ်တော်အစည်းအဝေးတွင် အစီရင်ခံစာတင်သွင်းနိုင်ရန် ဆောင်ရွက်ပြီးဖြစ်ကြောင်း၊ ပြည်သူ့လွှတ်တော်မှအတည်ပြုပြီး ပေးပို့လာသည့် တောရိုင်းတိရစ္ဆာန်နှင့် သဘာဝတောရိုင်းနယ်မြေထိန်းသိမ်းရေး ဥပဒေကြမ်း၊ ခရီးသွားလုပ်ငန်းဥပဒေကြမ်း၊ ကြက်ခြေနီဥပဒေကို ပြင်ဆင်သည့်ဥပဒေကြမ်း၊ မူးယစ်ဥပဒေကိုပြင်ဆင်သည့် ဥပဒေကြမ်းအပါအဝင် ဥပဒေကြမ်း ၁၁ ခုရှိကြောင်း ပြောကြားသည်။

“ဆောင်ရွက်ဆဲဥပဒေကြမ်များအဖြစ် မြေသိမ်းဥပဒေကို အသစ်ပြန်လည်ရေးဆွဲထားတဲ့ ဥပဒေကြမ်း၊ ပြည်တွင်းပြည်ပအလုပ်ကော်မတီမှ တင်သွင်းထားတဲ့ အလုပ်ရှင်၊ အလုပ်သမား အငြင်းပွားမှုဖြေရှင်းရေး ဥပဒေကြမ်း၊ နိုင်ငံ့ဝန်ထမ်းဥပဒေကို ပြင်ဆင်တဲ့ဥပဒေကြမ်း၊ မူပိုင်ခွင့်ဥပဒေကြမ်း လေးခုကတော့ ကုန်အမှတ်တံဆိပ် မူပိုင်ခွင့်ဥပဒေကြမ်း၊ စက်မှုဒီဇိုင်းမူပိုင်ခွင့်ဥပဒေကြမ်း၊ စာပေနှင့်အနုပညာမူပိုင်ခွင့်ဥပဒေကြမ်း၊ တီထွင်မှုမူပိုင်ခွင့်ဥပဒေကြမ်း၊ မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသောဆေးဝါးများ တားဆီးနှိမ်နင်းရေးဥပဒေကို ဒုတိယအကြိမ်ပြင်ဆင်တဲ့ ဥပဒေကြမ်း၊ တောရိုင်းတိရစ္ဆာန်နှင့် သဘာဝအပင်များ ကာကွယ်စောင့်ရှောက်ရေးနှင့် သဘာဝနယ်မြေများ ထိန်းသိမ်းစောင့်ရှောက်ရေးဆိုင်ရာဥပဒေကြမ်း၊ ရှေးဦးအရွယ်ကလေးသူငယ် ပြုစုပျိုးထောင်ရေးဥပဒေကြမ်း၊ မြေလွတ်မြေလပ်နှင့် မြေရိုင်းများစီမံခန့်ခွဲရေးဆိုင်ရာဥပဒေကို ပြင်ဆင်တဲ့ဥပဒေကြမ်း၊ ခရီးသွားလုပ်ငန်းဥပဒေကြမ်း၊ စည်ပင်သာယာအဖွဲ့များဥပဒေကို ရုပ်သိမ်းတဲ့ဥပဒေကြမ်း၊ ကြက်ခြေနီဥပဒေကို ဒုတိယအကြိမ် ပြင်ဆင်တဲ့ဥပဒေကြမ်းတွေ ဖြစ်ပါတယ်။ အဲဒီဥပဒေကြမ်းတွေကို လွှတ်တော်ပြန်စချိန်မှာ အစီရင်ခံစာတွေတင်သွင်းနိုင်ဖို့ ဆောင်ရွက်နေပါတယ်” ဟု ဒေါက်တာမြတ်ဉာဏစိုးက ပြောကြားသည်။

မြေသိမ်းဥပဒေကြမ်းနှင့် အလုပ်ရှင်၊ အလုပ်သမားအငြင်းပွားမှု ဖြေရှင်းရေးဥပဒေကြမ်းများသည် ဆောင်ရွက်ဆဲဖြစ်ကြောင်း၊ နိုင်ငံ့ဝန်ထမ်းဥပဒေကို ဒုတိယအကြိမ်ပြင်ဆင်သည့် ဥပဒေကြမ်းအားဆွေးနွေးခဲ့သည့် ကိုယ်စားလှယ်များနှင့် ပြန်လည်ကြားနာရမည်ဖြစ်ကြောင်း ၎င်းက ဆက်လက်ပြောကြားသည်။

လွှတ်တော် ဆဋ္ဌမပုံမှန်အစည်းအဝေးများသည် နိုဝင်ဘာ ၂၄ ရက်တွင် ရပ်နားခဲ့ခြင်းဖြစ်ပြီး သတ္တမပုံမှန်အစည်းအဝေးများအား ၂၀၁၈ ခုနှစ် ဇန်နဝါရီတွင် ပြန်လည်ကျင်းပဖွယ်ရှိကြောင်း သိရသည်။

Most Read

Most Recent