လည်ပတ်ခွင့် သက်တမ်းကုန်ဆုံးနေသည့် မိုးကြိုးဆာလ်ဖြူရစ်အက်စစ်စက်ရုံ ပြန်လည်ပတ်ရေး ပြည်ထောင်စုအစိုးရနှင့် သက်ဆိုင်ကြောင်း စစ်ကိုင်းတိုင်းဒေသကြီး စည်ပင်ဝန်ကြီး ပြောကြား

လည်ပတ်ခွင့် သက်တမ်းကုန်ဆုံးနေသည့် မိုးကြိုးဆာလ်ဖြူရစ်အက်စစ်စက်ရုံ ပြန်လည်ပတ်ရေး ပြည်ထောင်စုအစိုးရနှင့် သက်ဆိုင်ကြောင်း စစ်ကိုင်းတိုင်းဒေသကြီး စည်ပင်ဝန်ကြီး ပြောကြား
Published 12 December 2017

စစ်ကိုင်းတိုင်းဒေသကြီး ဆားလင်းကြီးမြို့နယ် ကံကုန်ကျေးရွာအနီးရှိ မိုးကြိုးဆာလ်ဖြူရစ် အက်စစ်စက်ရုံကို တွေ့ရစဉ် (ဓာတ်ပုံ - ကောင်းခန့်လင်း)

စစ်ကိုင်းတိုင်းဒေသကြီး ယင်းမာပင်ခရိုင် ဆားလင်းကြီးမြို့နယ် ကံကုန်းကျေးရွာ ထိပ်တွင်တည်ရှိသော မိုးကြိုးဆာလ်ဖြူရစ်အက်စစ် စက်ရုံသည် ပြီးခဲ့သည့် လပိုင်းအတွင်းက လည်ပတ်ခွင့် သက်တမ်းကုန်ဆုံးနေသော်လည်း ထပ်မံပြန်လည် လည်ပတ်နိုင်ရေးအတွက် ပြည်ထောင်စုအစိုးရနှင့်သာ သက်ဆိုင်ရာကြောင်း စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့ဝင် စည်ပင်သာယာရေးဝန်ကြီး ဦးမြင့်ကြည်က ပြောကြားသည်။

မိုးကြိုး ဆာလ်ဖြူရစ်အက်စစ်စက်ရုံ လည်ပတ်ခြင်းသည် စစ်ကိုင်းတိုင်းဒေသကြီး အစိုးရက တိုက်ရိုက်ခွင့်ပြုခြင်း မဟုတ်ကြောင်း ပြည်ထောင်စုအစိုးရအဖွဲ့က သက်တမ်းတိုးခြင်းများ လုပ်ဆောင်ကြောင်း၊ အက်စစ်စက်ရုံ လည်ပတ်ခွင့် သက်တမ်းကုန်ဆုံးခဲ့သည့် ရက်အား မမှတ်မိကြောင်း အက်စစ်စက်ရုံနှင့် ပတ်သက်၍ တိုင်းအစိုးရအဖွဲ့ထံ တင်ပြထားကြောင်း ၎င်းက ဆက်လက်ပြောကြားသည်။

“ပြည်သူတွေကနေပြီးတော့ ဒီအက်စစ် စက်ရုံကို ရွှေ့ဖို့တင်ပြထားတာရှိတယ်။ ညှိနှိုင်းတာတွေ ရှိတယ်။ ဒါတွေနဲ့ ပက်သက်ပြီး ပြည်ထောင်စုကိုလည်း တင်ပြထားတာရှိတယ်။ ပြည်ထောင်စုကအဓိကပါ။ ကျွန်တော်တို့က ချပေးတာမဟုတ်ဘူး။ ပြည်ထောင်စုကပဲ ချပေးတာပါ။ ကျွန်တော်တို့ကတော့ အန္တရာယ်မရှိဘူး။ သဘာဝပတ်ဝန်းကျင်ကို မပျက်စီးဘူးဆိုရင် စီမံကိန်းအရ လိုအပ်ချက် ရှိရင်တော့ တစ်မျိုးပေါ့။ နိုင်ငံတကာကနေ ဝယ်ရတာနဲ့ ကိုယ့်မြန်မာပြည်ထဲမှာ ဖြစ်တဲ့ဟာနဲ့ ဒါမျိုးတွေပေါ်မှာ မူတည်ပြီးတော့ ကျွန်တော်တို့က အလုပ်လုပ်ရမှာလေ။ ဒါကတော့ သဘာဝပတ်ဝန်းကျင်ဌာနရယ်၊ ကျန်းမာရေးရယ် အားလုံးဌာန အသီးသီးတွေရဲ့ ဆုံးဖြတ်ချက်ပေါ်မှာ မူတည်မှာ။ ကျွန်တော်တို့အစိုးရအဖွဲ့ အနေနဲ့ကတော့ ပြည်သူနဲ့လည်း အဆင်ပြေမယ်။ ပတ်ဝန်းကျင်နဲ့လည်း အဆင်ပြေမယ်။ အားလုံး အကျိုးလည်းရှိမယ် ဆိုရင်တော့ ကျွန်တော်တို့အနေနဲ့ကတော့ ဘာမှ ထွေထွေထူးထူး ပြောစရာမရှိပါဘူး။ ဒေသခံတွေ ကန့်ကွက်တယ်ဆိုရင် ဘာကြောင့်ကန့်ကွက်သလဲ။ ဒေသခံတွေရဲ့ ကျန်းမာရေးကြောင့်လား။ လုပ်ငန်းကြောင့်လား။ ဒါတွေကို စစ်ဆေးမယ်။ စစ်ဆေးလို့ ဟုတ်တယ်ဆိုရင်တော့ ဒါကြီးကို နေရာပြောင်းရွှေ့ဖို့လို အခြားနေရာ ပြောင်းရွှေ့ဖို့လို ကျွန်တော်တို့ အစိုးရက တိုက်တွန်းပေးမှာပဲလေ” ဟု စည်ပင်သာယာရေးဝန်ကြီး ဦးမြင့်ကြည်က ပြောကြားသည်။

ဆားလင်းကြီးမြို့နယ် ကံကုန်းကျေးရွာအနီး မြန်မာ့စီးပွားရေး ဦးပိုင်ကုမ္ပဏီလီမိတက်၊ မိုးကြိုး ဆာလ်ဖြူရစ်အက်စစ်စက်ရုံသည် မြန်မာ့စီးပွားရေး ဦးပိုင်ကုမ္ပဏီ၏ စက်ရုံဖြစ်ကြောင်း စက်မှုဝန်ကြီးဌာန၏ ခွင့်ပြုချက် ရယူထားခြင်းမရှိကြောင်း ဦးပိုင်၏စီးပွားရေး လုပ်ငန်းတစ်ခုအနေဖြင့် လုပ်ကိုင်နေကြောင်း အပြည်ပြည်ဆိုင်ရာ စံသတ်မှတ်ချက် လက်မှတ်လည်း ရယူထားခြင်းမရှိကြောင်း စုံစမ်း စစ်ဆေးရေးကော်မရှင်၏ အစီရင်ခံစာတွင် ဖော်ပြထားသည်။

ကြေးနီမိုင်း၏ လိုအပ်ချက်အရ ၉၈ ရာခိုင်နှုန်း ဆာလ်ဖြူရစ်အက်စစ်ကို နေ့စဉ် တန် ၅၀ ထွက်ရှိကြောင်း စက်ရုံ၏စီမံကိန်းကို ၂၀၀၆ ခုနှစ်မှစတင်ကာ ၂၀၁၇ ခုနှစ် လေးလပိုင်းတွင် စတင်လည်ပတ် ထုတ်လုပ်ခဲ့ကြောင်း ၂၄ နာရီ စဉ်ဆက်မပြတ် လည်ပတ်ရသည့် အန္တရာယ်ရှိသော ဓာတုဗေဒပစ္စည်း စက်ရုံ (Hazardous Plant) အတန်းအစားအဖြစ် နိုင်ငံတကာက သတ်မှတ်ထားကြောင်း စုံစမ်းစစ်ဆေးရေးကော်မရှင်၏ အစီရင်ခံစာ၌ ဖော်ပြထားသည်။

Most Read

Most Recent