လွှတ်တော်အဆောက်အအုံကို Drone ဖြင့် မှတ်တမ်းယူခဲ့သည့် တူရကီအခြေစိုက် သတင်းထောက်နှစ်ဦး အပါအဝင် လေးဦးအား (၆) ကြိမ်မြောက် ရုံးထုတ်ခဲ့ပြီး တရားလိုနှင့် တရားလိုပြသက်သေများကို စစ်ဆေး

လွှတ်တော်အဆောက်အအုံကို Drone ဖြင့် မှတ်တမ်းယူခဲ့သည့် တူရကီအခြေစိုက် သတင်းထောက်နှစ်ဦး အပါအဝင် လေးဦးအား (၆) ကြိမ်မြောက် ရုံးထုတ်ခဲ့ပြီး တရားလိုနှင့် တရားလိုပြသက်သေများကို စစ်ဆေး
Published 12 December 2017

လွှတ်တော်အဆောက်အအုံအား Drone ဖြင့် မှတ်တမ်းယူခဲ့သည့် တူရကီသတင်းထောက်ပါ လေးဦးအား ရုံးထုတ်စဉ်

လွှတ်တော်အဆောက်အအုံအား Drone ဖြင့် မှတ်တမ်းယူခဲ့သည့် တူရကီသတင်းထောက်နှစ်ဦး အပါအဝင် လေးဦးအား ဒီဇင်ဘာ ၁၁ ရက်က ဇဗ္ဗူသီရိမြို့နယ် တရားရုံးတွင် ခြောက်ကြိမ်မြောက် ရုံးထုတ်ခဲ့ပြီး တရားလိုနှင့် တရားလိုပြသက်သေများအား စစ်ဆေးခဲ့ကြောင်း သိရသည်။

တူရကီ အခြေစိုက် သတင်းထောက်နှစ်ဦး အပါအဝင် လေးဦးအား ပို့ကုန်၊ သွင်းကုန် ဥပဒေပုဒ်မ ၈ ဖြင့် တရားစွဲဆိုထားသည့်အမှုအတွက် တရားလိုပြသက်သေနှင့် နိုင်ငံခြားသားနှစ်ဦးအား ထပ်မံစွဲဆိုထားသည့် လူဝင်မှုကြီးကြပ်ရေး အက်ဥပဒေပုဒ်မ ၁၃ (၁) အတွက် တရားလိုနှင့် တရားလိုပြသက်သေများအား စစ်ဆေးခဲ့ကြောင်း သိရသည်။

တရားစွဲဆိုခံထားရသူများဘက်မှ လိုက်ပါအကျိုးဆောင်ပေးနေသည့် တရားလွှတ်တော်ရှေ့နေ ဦးခင်မောင်ဇော်က “ဒီနေ့က အမှုနှစ်မှုကြားနာတယ်။ နဂိုကတင်ထားတဲ့ ပို့ကုန်သွင်းကုန်ဥပဒေပုဒ်မ ၈ နဲ့ရော။ နိုင်ငံခြားသားနှစ်ယောက်အပေါ် သပ်သပ်တင်တဲ့ လူဝင်မှုကြီးကြပ်ရေးဥပဒေ ၁၃ (၁) နှစ်ခု လုံးကြားနာတယ်။ တရားလိုကို စစ်လိုက်တော့ တရားလိုကပြောတာကတော့ တရားဝင်ဗီဇာနဲ့ ဝင်လာတယ်။ ဝင်လာပေမယ့် ဒီအထဲ ရောက်တဲ့အခါကျတော့ ပြစ်မှုတစ်ခုကျူးလွန်ပြီး ပြစ်ဒဏ်ကျတယ်။ အဲဒါဟာ ပုဒ်မ ၄ (၂)နဲ့ အကျုံးဝင်တယ်။ ၁၃ (၁) က ပြည်တွင်းကို တရားဝင်ရောက်ပြီးတဲ့နောက်မှာ ဥပဒေကို ချိုးဖောက်ပြီးတော့ ဆက်လက်နေထိုင်ရင်ဆိုတဲ့ကိစ္စမှာ ဥပဒေကိုချိုးဖောက်ရင်ဆိုတာ ယူလိုက်ပြီးတော့၄ (၂) အရ ချိုးဖောက်ထားပြီးပြီ။ ပြစ်မှုတစ်ခုကိုလည်း ကျူးလွန်ပြီးပြီ။ အဲဒါကြောင့် ၁၃ (၁) နဲ့ အကျုံးဝင်တယ်ဆိုပြီး တရားစွဲတယ်လို့ သူတို့ကပြောတယ်” ဟု ပြောကြားသည်။

တူရကီ အခြေစိုက်သတင်းထောက်နှစ်ဦး အပါအဝင် လေးဦးက လွှတ်တော် အဆောက်အအုံအား Drone ဖြင့် မှတ်တမ်းယူခဲ့သည်ကို ဝန်ခံခဲ့သည့်အတွက် ၁၉၃၄ လေယာဉ်အက်ဥပဒေပုဒ်မ ၁၀ ဖြင့် ထောင်ဒဏ်နှစ်လ ကျခံထားရပြီး ပို့ကုန်၊ သွင်းကုန်ဥပဒေပုဒ်မ ၈ ဖြင့် ဆက်လက် တရားစွဲထားခြင်းအား ပယ်ဖျက်ပေးရန် တရားရုံးသို့ လျှောက်ထားခဲ့မှုအပေါ် နိုဝင်ဘာ ၂၇ ရက်က မြို့နယ်တရားသူကြီးက ပယ်ချခဲ့ပြီး အဆိုပါနေ့တွင် နိုင်ငံခြားသားနှစ်ဦးအား လူဝင်မှုကြီးကြပ်ရေး အက်ဥပဒေပုဒ်မ ၁၃ (၁) ဖြင့် ထပ်မံတရားစွဲခဲ့ကြောင်း သိရသည်။

တူရကီအခြေစိုက် သတင်းထောက်နှစ်ဦး အပါအဝင် လေးဦးအား လာမည့်ဒီဇင်ဘာ ၂၀ ရက်တွင် ဇဗ္ဗူသီရိမြို့နယ်တရားရုံး၌ ဆက်လက် ရုံးထုတ်စစ်သွားမည်ဖြစ်ကြောင်း သိရသည်။

နေပြည်တော်ရှိ လွှတ်တော်အဆောက်အအုံအား အောက်တိုဘာ ၂၇ ရက်က လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာနရုံးအမှတ် ၂၇ အနီးမှ Drone ဖြင့် မှတ်တမ်းယူရန် ပြင်ဆင်နေချိန် ပြည်သူ့လွှတ်တော်ဝင်း လုံခြုံရေးဝန်တာဝန်ကျ ဝန်ထမ်းတစ်ဦးက တွေ့ရှိခဲ့သည့်အတွက် သက်ဆိုင်ရာ ရဲစခန်းသို့ ခေါ်ယူစစ်ဆေးခဲ့ကြောင်း သိရသည်။

Most Read

Most Recent