၂၀၁၄ ခုနှစ်မှ ၂၀၁၇ ခုနှစ် စက်တင်ဘာလအထိ မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့်အရေးကော်မရှင်သို့ တိုင်တန်းချက်အမှုပေါင်း ၄၀၀၀ ကျော်ရှိပြီး မြေယာသိမ်းဆည်းမှုနှင့်ဆိုင်သော တိုင်တန်းချက်မှာ ၁၉၀၀ ကျော်နှင့် တရားရေးနှင့်ဆိုင်သည့် တိုင်တန်းချက်မှာ ၄၀၀ ကျော်ရှိ

၂၀၁၄ ခုနှစ်မှ ၂၀၁၇ ခုနှစ် စက်တင်ဘာလအထိ မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့်အရေးကော်မရှင်သို့ တိုင်တန်းချက်အမှုပေါင်း ၄၀၀၀ ကျော်ရှိပြီး မြေယာသိမ်းဆည်းမှုနှင့်ဆိုင်သော တိုင်တန်းချက်မှာ ၁၉၀၀ ကျော်နှင့် တရားရေးနှင့်ဆိုင်သည့် တိုင်တန်းချက်မှာ ၄၀၀ ကျော်ရှိ
Published 12 December 2017

၂၀၁၄ ခုနှစ်မှ ၂၀၁၇ ခုနှစ် စက်တင်ဘာလအထိ မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့်အရေးကော်မရှင်သို့ တိုင်တန်းချက်အမှုပေါင်း ၄၀၀၀ ကျော်ရှိပြီး မြေယာသိမ်းဆည်းမှုနှင့်ဆိုင်သော တိုင်တန်းချက်မှာ ၁၉၀၀ ကျော်နှင့် တရားရေးနှင့်ဆိုင်သည့် တိုင်တန်းချက်မှာ ၄၀၀ ကျော်ရှိကြောင်း ကော်မရှင်၏ထုတ်ပြန်ချက်များအရ သိရသည်။

မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့်အရေးကော်မရှင်သို့ တိုင်တန်းချက်များပါ အမှုအမျိုးအစားများနှင့် ပတ်သက်၍ မြေယာသိမ်းဆည်းမှုနှင့်ဆိုင်သော ကိစ္စမှာ ၂၀၁၄ ခုနှစ် တွင် ၉၄၄ မှု၊ ၂၀၁၅ ခုနှစ်တွင် ၆၂၆ မှု၊ ၂၀၁၆ ခုနှစ်တွင်၂၇၄ မှု၊ ၂၀၁၇ ခုနှစ်အတွင်း ၁၀၃ မှု စုစုပေါင်း ၁၉၄၇ မှုရှိကြောင်း ထုတ်ပြန်ချက်များအရ သိရသည်။

ထို့ပြင် တရားရေးနှင့်ဆိုင်သောကိစ္စမှာ ၂၀၁၄ ခုနှစ်တွင် ၁၆၆ မှု၊ ၂၀၁၅ ခုနှစ်တွင် ၁၄၁ မှု၊ ၂၀၁၆ ခုနှစ်တွင် ၈၀ နှင့် ၂၀၁၇ ခုနှစ်အတွင်း ၂၈ မှု စုစုပေါင်း ၄၁၅ မှု ကော်မရှင်သို့ တိုင်တန်းခဲ့ကြောင်း သိရသည်။

ထို့အတူ ကော်မရှင်သို့ ၂၀၁၄ ခုနှစ်မှ ၂၀၁၇ ခုနှစ် စက်တင်ဘာလအထိ တိုင်တန်းချက်များတွင် ရဲတပ်ဖွဲ့နှင့်ဆိုင်သောကိစ္စမှာ ၂၆၀၊ ဝန်ထမ်းရေးရာနှင့်ဆိုင်သောကိစ္စမှာ ၂၈၈ မှု၊ မြို့/ကျေးအုပ်ချုပ်ရေးမှူးနှင့်ဆိုင်သောကိစ္စမှာ ၁၈၀၊ ငွေကြေးနှင့်ဆိုင်သောကိစ္စမှာ ၁၁၃ မှု၊ စည်ပင်နှင့်ဆိုင်သောကိစ္စမှာ ၁၀၉ မှု၊ အမျိုးသမီး၊ အလုပ်သမားနှင့်သာသနာရေးဆိုင်ရာကိစ္စမှာ ၁၁၄ မှု၊ အကြမ်းဖက်၊ အကျဉ်းထောင်နှင့် လူကုန်ကူးဆိုင်ရာကိစ္စမှာ ၇၆ မှုနှင့် အခြားကိစ္စများမှာ ၅၆၄ မှုရှိကြောင်း မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့်အရေးကော်မရှင်၏ သတင်းထုတ်ပြန်ချက်များအရ သိရသည်။

“လယ်ယာမြေသိမ်းပိုက်မှုတွေနဲ့ ပတ်သက်တဲ့အမှုတွေဖြစ်ပါတယ်။ ဘာကြောင့်လဲဆိုတဲ့အခါကျတော့ အခုအချိန်မှာပေါ့နော် နိုင်ငံကနေပြီးတော့ ပြုပြင်ပြောင်းလဲနေပြီး ရင်းနှီးမြှုပ်နှံမှုတွေ ပြုလုပ်တော့မယ်ဆိုတဲ့အခါမှာ နိုင်ငံခြားကလည်း စိတ်ဝင်စားမှုတွေ အများကြီးရှိလာတယ်။ ရှိလာတဲ့အခါကျတော့ အစတုန်းက စိတ်ဝင်စားမှုမရှိခဲ့ဘူးဆိုပေမယ့် အခုအချိန်မှာ မိမိတို့ရဲ့မြေတွေပြန်ရဖို့ လယ်ယာလုပ်ငန်းနဲ့ပတ်သက်ပြီးတော့ သိမ်းပိုက်ထားတဲ့မြေတွေကို ပြန်ပြီးတောင်းတာတို့ဘာတို့ ဒီလိုဟာတွေ အများကြီးဖြစ်လာပါတယ်” ဟု မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့်အရေးကော်မရှင်ဥက္ကဋ္ဌ ဦးဝင်းမြက ဒီဇင်ဘာ ၉ ရက်တွင် မီဒီယာများကို ပြောကြားသည်။

၂၀၁၇ ခုနှစ် ဒီဇင်ဘာ ၁၀ ရက်တွင်ကျရောက်သော အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေးနေ့အထိမ်းအမှတ် မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့်အရေးကော်မရှင်၏ သတင်းထုတ်ပြန်ချက်တွင် ကော်မရှင်သည် လူ့အခွင့်အရေး ကာကွယ်စောင့်ရှောက်ရေးလုပ်ငန်းအဖြစ် တိုင်တန်းချက်များကို လက်ခံဆောင်ရွက်လျက်ရှိရာ ၂၀၁၇ ခုနှစ် ဇန်နဝါရီ ၁ ရက်မှ လက်ရှိအထိ လက်ခံရရှိသော တိုင်တန်းချက်ပေါင်း ၃၅၉ စောင်ကျော်ကိုစိစစ်၍ လုပ်ထုံးလုပ်နည်းနှင့်အညီ ဆောင်ရွက်ခဲ့ကြောင်း၊ တိုင်တန်းချက်အချို့နှင့် ပတ်သက်၍လည်း လိုအပ်သကဲ့သို့ ကွင်းဆင်းစစ်ဆေးမှုများ ပြုလုပ်ခဲ့ကြောင်း ထုတ်ပြန်ခဲ့သည်။

ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူဦးဆောင်သည့် လယ်ယာမြေနှင့်အခြားမြေများ သိမ်းဆည်းခြင်းခံရမှုများ ပြန်လည်စိစစ်ရေးဗဟိုကော်မတီသို့ မြေကိစ္စများနှင့်ပတ်သက်၍ ယခင်အစိုးရလက်ထက်ဖြေရှင်းရန် ကျန်သည့်အမှုနှင့် အသစ်ထပ်မံရောက်ရှိလာသည့် တိုင်ကြားစာအမှု စုစုပေါင်း ၁၂၀၀၀ ကျော်ရှိပြီး အမှု ၂၅၀၀ ကျော်ကိုဖြေရှင်းပြီးဖြစ်ကြောင်းနှင့် အမှုပေါင်း ၉၉၀၀ ကျော်မှာ စိစစ်ဆဲဖြစ်ကြောင်း ဗဟိုကော်မတီက သတင်းထုတ်ပြန်ခဲ့သည်။

ထို့ပြင် လယ်ယာမြေနှင့်အခြားမြေများ သိမ်းဆည်းခြင်းခံရမှုများ ပြန်လည်စိစစ်ရေး ဗဟိုကော်မတီလက်ထက်၌ စိုက်ပျိုးမြေအဖြစ် သက်ဆိုင်သူများထံလွှဲပြောင်းပေးမည့် မြေဧကမှာ ၃၈၀၀၀ ကျော်ရှိပြီး စိုက်ပျိုးမြေမဟုတ်သော နိုင်ငံပိုင်မြေအဖြစ် ထိန်းသိမ်းထားရှိမည့်ဧကမှာ ၈၈၀၀၀ ကျော်နှင့် အခြားဝန်ကြီးဌာနသို့ လွှဲပြောင်းရန် စွန့်လွှတ်သည့်ဧကမှာ ၁၃၀၀၀ ကျော်ရှိကြောင်း သတင်းထုတ်ပြန်ခဲ့သည်။

Most Read

Most Recent