ဦးသန့်အရေးအခင်း (၄၃) နှစ်မြောက် နှစ်ပတ်လည်အထိမ်းအမှတ် အခမ်းအနားနှင့် ဂူဗိမာန်တွင် ပန်းခွေချဂါရဝပြုခြင်းများ ပြုလုပ်

ဦးသန့်အရေးအခင်း (၄၃) နှစ်မြောက် နှစ်ပတ်လည်အထိမ်းအမှတ် အခမ်းအနားနှင့် ဂူဗိမာန်တွင် ပန်းခွေချဂါရဝပြုခြင်းများ ပြုလုပ်
Published 12 December 2017

ရွှေတိဂုံဘုရားလမ်းပေါ်ရှိ ဦးသန့်ဂူဗိမာန်၌ ပန်းခွေချဂါဝရပြုစဉ် (ဓာတ်ပုံ-စည်သူ)

၁၉၇၄ ခုနှစ်ကဖြစ်ပွားခဲ့သော ဦးသန့်အရေးအခင်း (၄၃) နှစ်မြောက် နှစ်ပတ်လည်အထိမ်းအမှတ် အခမ်းအနားနှင့် ဂူဗိမာန်တွင် ပန်းခွေချဂါဝရပြုခြင်းများကို ဒီဇင်ဘာ ၁၁ ရက်က ရန်ကုန်မြို့ရှိ ရွှေတောင်ကျောင်းတိုက်နှင့် ဦးသန့်ဂူဗိမာန်တို့တွင် ၇၄-၇၅-၇၆ နိုင်ငံရေးအင်အားစုများက ဦးစီးပြီးပြုလုပ်ခဲ့သည်။

ရန်ကုန်မြို့ မင်္ဂလာတောင်ညွန့်မြို့နယ် ပုဇွန်တောင်ဘူတာအနီးရှိ ရွှေတောင်ကျောင်းတိုက်တွင် ၇၄-၇၅-၇၆ နိုင်ငံရေးအင်အားစုများက ဦးဆောင်ပြုလုပ်သည့် ဦးသန့်အရေးအခင်း (၄၃) နှစ်မြောက်အခမ်းအနားကို နံနက် ၁၀ နာရီက စတင်ကျင်းပခဲ့ရာ သံဃာတော်များ၊ နိုင်ငံရေးအကျဉ်းသားဟောင်းများ၊ အလုပ်သမားအဖွဲ့အစည်းများနှင့် ကျောင်းသားအဖွဲ့အစည်းများ တက်ရောက်ခဲ့ကြသည်။

ထို့နောက် တက်ရောက်လာသူများက ရွှေတောင်ကျောင်းတိုက်မှတစ်ဆင့် ရွှေတိဂုံဘုရားတောင်ဘက်မုခ်၊ ရွှေတိဂုံဘုရားလမ်းပေါ်ရှိ ဦးသန့်ဂူဗိမာန်သို့သွားရောက်ပြီး ပန်းခွေချဂါဝရပြုခြင်းများ ပြုလုပ်ခဲ့ကြောင်း သိရသည်။

“ဦးသန့်အရေးအခင်းဆိုတာက ဦးသန့်ဈာပနကို အကြောင်းပြုပြီး ဖြစ်ခဲ့တာတော့မှန်တယ်။ ဦးသန့်ဈာပနကို ထိုက်ထိုက်တန်တန် ဖြစ်စေချင်တာထက်ကို တိုင်းပြည်မှာရှိတဲ့ ကျောင်းသားပြည်သူတွေက မဆလအစိုးရကို မကျေနပ်လို့ဖြစ်ခဲ့တဲ့ အုံကြွမှုကြီးပေါ့နော်။ နောင်လာနောက်သားတွေ အောက်မေ့အမှတ်ရစေဖို့ ဒီအခမ်းအနားကိုကျင်းပခဲ့တာ ဖြစ်ပါတယ်။ ဦးသန့်အရေးအခင်းအပါအဝင် အရင်တုန်းကလှုပ်ရှားခဲ့တဲ့ လှုပ်ရှားမှုတွေက ဒီမိုကရေစီရရှိရေးအတွက် လှုပ်ရှားခဲ့ကြတာပါ။ မဆလအာဏာရှင်စနစ်ကို အန်တုကြွေးကြော်ပြီးတော့ လှုပ်ရှားခဲ့တဲ့အရေးအခင်းပေါ့။ အဲဒီအရေးအခင်းတွေအတွက် အမှတ်တရလုပ်တဲ့ပွဲတွေမှာ အရင်ကလည်း ကိုယ့်ဘာသာလုပ်ခဲ့ရတယ်။ အခုလည်း ကိုယ့်ဘာသာလုပ်ခဲ့ရတယ်။ လက်ရှိဒီမိုကရေစီအစိုးရအနေနဲ့ ဒီလိုအရေးအခင်းတွေကို တာဝန်ယူလုပ်ပေးသင့်တယ်။ အခုက ကိုယ့်ဘာသာလုပ်နေရတယ်။ ဒါကမဖြစ်သင့်ဘူး” ဟု ၇၄-၇၅- ၇၆ မျိုးဆက် ကျောင်းသားခေါင်းဆောင်ဟောင်းတစ်ဦးဖြစ်သူ ဦးကျော်အောင်က ပြောကြားသည်။

အဆိုပါ ဦးသန့်အရေးအခင်း (၄၃) နှစ်မြောက် နှစ်ပတ်လည်အခမ်းအနားသို့ လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ (ဌာနချုပ်) က ဂုဏ်ပြုသဝဏ်လွှာပေးပို့ခဲ့ပြီး ၇၄-၇၅-၇၆ နိုင်ငံရေးအင်အားစုများက သဘောထားထုတ်ပြန်ချက် ထုတ်ပြန်ခဲ့သည်။

၇၄-၇၅-၇၆ နိုင်ငံရေးအင်အားစုများ၏ သဘောထားထုတ်ပြန်ချက်တွင် ဦးသန့်၏ ဈာပနအားအကြောင်းပြုလျက် ပေါ်ပေါက်ခဲ့သည့် အရေးအခင်းအပါအဝင် ၁၉၇၄-၇၅-၇၆ ခုနှစ်ကာလများတွင် ပေါ်ပေါက်ခဲ့သည့် အရေးအခင်းအသီးသီးနှင့် လှုပ်ရှားမှုအသီးသီးတွင် ပေးဆပ်စွန့်လွှတ်ခဲ့သည့် ရဲဘော်ရဲဘက်များအား အောက်မေ့သတိရစွာဖြင့် ဦးညွှတ်အလေးပြုကြောင်း ထုတ်ပြန်ထားသည်။

ဦးသန့်သည် ကုလသမဂ္ဂ၏ တတိယမြောက်အတွင်းရေးမှူးချုပ်ဖြစ်ပြီး ၁၉၆၁ ခုနှစ် နိုဝင်ဘာလတွင် ကုလသမဂ္ဂ၏ အတွင်းရေးမှူးချုပ် ဒက်ဂ်ဟမ်းမားရှိုးလ်ဒ် လေယာဉ်ပျက်ကျမှုဖြင့် ကွယ်လွန်ခဲ့ပြီးနောက် ဦးသန့်အား ယာယီအတွင်းရေးမှူးချုပ်အဖြစ် ခန့်အပ်ခဲ့သည်။ ၁၉၆၂ ခုနှစ်တွင် အတွင်းရေးမှူးချုပ်အဖြစ် အချိန်ပြည့်ခန့်ထားပြီး ၁၉၇၁ ခုနှစ်အထိ အတွင်းရေးမှူးချုပ်အဖြစ် နှစ်ကြိမ်ဆက် တာဝန်ထမ်းဆောင်ခဲ့သည်။

ဦးသန့်သည် ၁၉၇၄ ခုနှစ် နိုဝင်ဘာ ၂၅ ရက်တွင် အမေရိကန်နိုင်ငံ၌ ကွယ်လွန်ခဲ့ပြီး ၎င်း၏ရုပ်ကလပ်အား နိုင်ငံတော်အဆင့်ဈာပနအဖြစ် မကျင်းပခြင်းအပေါ် အခြေခံပြီး ဦးသန့်အရေးအခင်း စတင်ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

Most Read

Most Recent