ရန်ကုန်-မန္တလေးအမြန်လမ်းမကြီး၌ သတ်မှတ်မိုင်နှုန်းထက်ပိုမောင်းသည့် မော်တော်ယာဉ်နှစ်သောင်းကျော်အား ဖမ်းဆီးအရေးယူ

ရန်ကုန်-မန္တလေးအမြန်လမ်းမကြီး၌ သတ်မှတ်မိုင်နှုန်းထက်ပိုမောင်းသည့် မော်တော်ယာဉ်နှစ်သောင်းကျော်အား ဖမ်းဆီးအရေးယူ
Published 12 December 2017

တစ်နှစ်ကျော်ကာလအတွင်း ရန်ကုန်-မန္တလေး အမြန်လမ်းမကြီး၌ သတ်မှတ်မိုင်နှုန်းထက် ပိုမိုမောင်းနှင်သည့် မော်တော်ယာဉ်အစီးရေ နှစ်သောင်းကျော်အား ဖမ်းဆီးအရေးယူခဲ့ကြောင်း ဒီဇင်ဘာ ၁၁ ရက်တွင် ပြည်ထဲရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်သည်။

အဆိုပါတစ်နှစ်ကျော်ကာလမှာ ၂၀၁၆ ခုနှစ် စက်တင်ဘာ ၁ ရက်မှ ၂၀၁၇ ခုနှစ် ဒီဇင်ဘာ ၁၀ ရက်အထိဖြစ်ပြီး သတ်မှတ်အရှိန်မိုင်နှုန်းထက် ပိုမိုမောင်းနှင်သော မော်တော်ယာဉ် ၂၁၂၅၂ စီးတို့အား ဖမ်းဆီးအရေးယူခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ထို့ပြင် ၂၀၁၇ ခုနှစ် ဒီဇင်ဘာ ၉ ရက် နံနက် ၈ နာရီမှ ၁၀ ရက် ညနေ ၅ နာရီအထိ ရန်ကုန်-မန္တလေး အမြန်လမ်း မိုင်တိုင် (၂၀၁) နေပြည်တော်တိုးဂိတ်၌ သတ်မှတ်မိုင်နှုန်းထက် ကျော်လွန်သည့် မော်တော်ယာဉ် ၂၅ စီး၊ လှည်းကူးမြို့နယ် အမှတ် (၃) လမ်းဆုံတိုးဂိတ်၌ မော်တော်ယာဉ် ၂၄ စီး၊ တံတားဦးမြို့နယ် စကားအင်းတိုးဂိတ်၌ မော်တော်ယာဉ် ၁၄ စီး၊ ဖြူးမြို့နယ် ၁၁၅ မိုင် ဖြူးတိုးဂိတ်၌ မော်တော်ယာဉ် ၂၈ စီး၊ မိတ္ထီလာမြို့နယ် သီးကုန်းတိုးဂိတ်၌ မော်တော်ယာဉ်ခြောက်စီး စုစုပေါင်း ၉၇ စီး ဖမ်းဆီးခဲ့ပြီး ယာဉ်စည်းကမ်းတရားရုံးများသို့ တရားစွဲတင်ပို့သွားမည်ဖြစ်ကြောင်း သိရသည်။

ထို့အတူ ၂၀၁၇ ခုနှစ် ဇွန် ၁ ရက်မှ ဒီဇင်ဘာ ၁၀ ရက်အထိ ခုနှစ်လအတွင်း ရန်ကုန်-မန္တလေး အမြန်လမ်းမကြီး၌ ခါးပတ်မပတ်ဘဲ မောင်းနှင်သော မော်တော်ယာဉ် ၄၄၄၄ စီးတို့အား ဖမ်းဆီးအရေးယူခဲ့ကြောင်း သိရသည်။

ယင်းအပြင် ၂၀၁၇ ခုနှစ် ဒီဇင်ဘာ ၉ ရက် ညနေ ၆ နာရီမှ ၁၀ ရက် ညနေ ၅ နာရီ အထိ ရန်ကုန်-မန္တလေးအမြန်လမ်း မိုင်တိုင် ၂၀၁ နေပြည်တော်တိုးဂိတ်၌ ခါးပတ်မပတ်ဘဲ မောင်းနှင်သော မော်တော်ယာဉ်တစ်စီး၊ တံတားဦးမြို့နယ် စကားအင်းတိုးဂိတ်၌ မော်တော်ယာဉ်ခြောက်စီး စုစုပေါင်း ခုနစ်စီးဖမ်းဆီးခဲ့ကြောင်း အဆိုပါထုတ်ပြန်ချက်အရ သိရသည်။

Most Read

Most Recent