မြောင်းမြမြို့နယ် တောင်ကလေးကျေးရွာတွင် ဖြစ်ပွားခဲ့သည့် သုံးလောင်းပြိုင် လူသတ်မှုတွင် ထွက်ပြေးတိမ်းရှောင်နေသူ၏ ဓာတ်ပုံအား ရဲတပ်ဖွဲ့မှ ထုတ်ပြန်

မြောင်းမြမြို့နယ် တောင်ကလေးကျေးရွာတွင် ဖြစ်ပွားခဲ့သည့် သုံးလောင်းပြိုင် လူသတ်မှုတွင် ထွက်ပြေးတိမ်းရှောင်နေသူ၏ ဓာတ်ပုံအား ရဲတပ်ဖွဲ့မှ ထုတ်ပြန်
Published 12 December 2017

မြောင်းမြမြို့ တောင်ကလေးကျေးရွာအုပ်စု တောင်ကလေးကျေးရွာတွင် ဒီဇင်ဘာ ၁၀ ရက် ညနေ ၃ နာရီ ၃၀ မိနစ်ခန့်တွင် ဖြစ်ပွားခဲ့သည့် သုံးလောင်းပြိုင် လူသတ်မှုတွင် ထွက်ပြေးတိမ်းရှောင်သွားသော ကျူးလွန်သူဟု ယူဆရသူ ဦးသန်းဇော် (၄၅ နှစ်) ၏ အား ဖမ်းဆီးရမိရေးအတွက် ဧရာဝတီတိုင်းဒေသကြီး ရဲတပ်ဖွဲ့ရုံးမှ ဦးသန်းဇော်၏ ဓာတ်ပုံအား ဒီဇင်ဘာ ၁၁ ရက်တွင် ထုတ်ပြန်ခဲ့သည်။

ဖြစ်စဉ်မှာ အဆိုပါနေ့တွင် တောင်ကလေးရွာရှိ ဦးသန်းဇော် အသက် (၄၅ နှစ်) ၏ နေအိမ်တွင် ဇနီးဖြစ်သူ မတင်တင်စန်းနှင့်အတူ ကွမ်းရွက်များစီနေစဉ် လင်မယားချင်း စကားများရန်ဖြစ်ခဲ့ကြောင်း၊ စကားများရန်ဖြစ်ရာမှတစ်ဆင့် ဦးသန်းဇော်မှာ အနီးရှိ ဓားမဖြင့် မတင်တင်စန်း အသက် (၃၃ နှစ်) အဖ ဦးလှရီအား သေစေသည်အထိ ခုတ်ပိုင်းခဲ့ကြောင်း၊ မတင်တင်စန်းမှာ ဓားဖြင့်အခုတ်ခံရနေစဉ် အော်ဟစ်အကူညီ တောင်းခံခဲ့သောကြောင့် မတင်တင်စန်း၏ မိခင်ဖြစ်သူ ဒေါ်ခင်ရီအသက် (၆၀ နှစ်) အဖဦးချစ်အောင်မှာ လာရောက်ခဲ့သည်ကို ဦးသန်းဇော်က ဒေါ်ခင်ရီကိုပါ ထပ်မံခုတ်ပိုင်းခဲ့ပြီး ဖျန်ဖြေရန် ထပ်မံလာရောက်ခဲ့သည့် ဒေါ်ခင်ရီ၏ ချွေးမတော်စပ်သူ မစန္ဒာဦးအသက် (၂၅ နှစ်) အဖ ဦးသိန်းဇံကိုပါ ထပ်မံဓားဖြင့် ခုတ်ပိုင်းခဲ့ကြောင်း၊ ယင်းနောက် နေအိမ်ခြံဝင်းအတွင်းတွင် လာရောက်ဆော့ကစားနေသည့် တူတော်စပ်သူ မောင်လင်းလင်းထိုက် အသက် (၁၀ နှစ်) အဖဦးဇော်ထိုက်ကိုပါ ဓားမဖြင့် ထပ်မံခုတ်ပိုင်းခဲ့ကြောင်း၊ ဓားဖြင့် အခုတ်ခံရသူများ အနက် မတင်တင်စန်း၊ ဒေါ်ခင်ရီနှင့် မောင်လင်းလင်းထိုက်တို့မှာ နေရာတွင်ပင် ပွဲချင်းပြီး သေဆုံးခဲ့ပြီး မစန္ဒာဦးမှာ ဦးဝဲလက်၊ ချိုစောင်းပြတ်ရှဒဏ်ရာ တစ်ချက်၊ ဝဲလက်မပြတ် ရှဒဏ်ရာ တစ်ချက်ရရှိခဲ့ပြီး မြောင်းမြပြည်သူ့ဆေးရုံသို့ တက်ရောက် ဆေးကုသမှု ခံနေရကြောင်း၊ ကျူးလွန်ခဲ့သူဟုယူဆရသူ ဦးသန်းဇော်မှာ အခင်းဖြစ်နေရာမှ ထွက်ပြေး တိမ်းရှောင်သွားခဲ့ပြီး ရဲတပ်ဖွဲ့မှ နယ်မြေပိတ်ဆို့ လိုက်လံရှာဖွေခဲ့သော်လည်း ဖမ်းဆီးရမိသေးခြင်း မရှိခဲ့သောကြောင့် တိုင်းဒေသကြီး ရဲတပ်ဖွဲ့ရုံးမှ ကျူးလွန်သူဟု ယူဆရသူ ဦးသန်းဇော်အား ဖမ်းဆီးရမိရေးအတွက် ဦးသန်းဇော်၏ ဓာတ်ပုံများကို သတင်းထုတ်ပြန်ပေးခဲ့ပြီး တွေ့ရှိပါက ဧရာဝတီတိုင်းဒေသကြီး ရဲတပ်ဖွဲ့ရုံး ဖုန်းနံပတ် ၀၄၂၂၁၀၃၀ အား လည်းကောင်း၊ မြောင်းမြခရိုင် ရဲတပ်ဖွဲ့မှူးရုံး ဖုန်းနံပါတ် ၀၄၂၇၀၅၁၀ အားလည်းကောင်း၊ မြောင်းမြမြို့နယ် ရဲတပ်ဖွဲ့မှူးရုံးဖုန်းနံပါတ် ၀၄၂၇၀၅၁၂ အားလည်းကောင်း၊ မြောင်းမြမြို့မ ရဲစခန်းဖုန်းနံပါတ် ၀၄၂၇၀၃၁၄ အား လည်းကောင်း ဆက်သွယ် သတင်းပေးပို့ပေးပါရန် သတင်းထုတ်ပြန် ကြေညာခဲ့သည်။

“တရားခံရဲ့ ဓာတ်ပုံတွေကို ကျွန်တော်တို့ ဖြန့်ဝေထားပါတယ်။ ကျွန်တော်တို့လည်း အခုထိ နယ်မြေပိတ်ဆို့ ရှာဖွေနေတုန်းပါ၊ အသေးစိတ် အချက်အလက်တွေကိုတော့ ကျွန်တော်တို့ မကြာခင် ထုတ်ပြန်ပေးနိုင်ဖို့ လုပ်နေပါတယ်” ဟု မြောင်းမြမြို့မ ရဲစခန်းမှ တာဝန်ကျ ရဲအရာရှိတစ်ဦးက ဆိုသည်။

Most Read

Most Recent