ပြည်မြို့နယ် အားကစားရုံတွင် ကျင်းပနေသော ဘောလုံးပွဲမှ ပြန်ထွက်လာသည့် နဝမတန်းကျောင်းသားများနှင့် ၁၀ တန်း ကျောင်းသားတစ်ဦးတို့ ရန်ဖြစ်ရာမှ ဓားထိုးမှုဖြစ်ပွား

ပြည်မြို့နယ် အားကစားရုံတွင် ကျင်းပနေသော ဘောလုံးပွဲမှ ပြန်ထွက်လာသည့် နဝမတန်းကျောင်းသားများနှင့် ၁၀ တန်း ကျောင်းသားတစ်ဦးတို့ ရန်ဖြစ်ရာမှ ဓားထိုးမှုဖြစ်ပွား
Published 12 December 2017

ပဲခူးတိုင်းဒေသကြီးအနောက်ပိုင်း ပြည်မြို့နယ် အားကစားရုံတွင် ကျင်းပနေသော ဘောလုံးပွဲမှ ပြန်ထွက်လာသည့် နဝမတန်း ကျောင်းသားများနှင့် ၁၀ တန်းကျောင်းသားတစ်ဦးတို့ ရန်ဖြစ်ရာက ဓားထိုးမှုဖြစ်ပွားသည်။

အဆိုပါ ပြည်မြို့ ရွှေကူရပ်ကွက် ပန်းဘဲတန်းလမ်း အားကစားကွင်းအတွင်း ဒီဇင်ဘာ ၁၀ ရက်က ကျင်းပပြုလုပ်နေသော အသက် ၁၈ နှစ်အောက် အခြေခံပညာကျောင်းပေါင်းစုံ ဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲအပြီး ညနေ ၆ နာရီခွဲခန့်တွင် အားကစားကွင်းထဲက ထွက်လာသော နဝမတန်းကျောင်းသားများနှင့် ၁၀ တန်းကျောင်းသားတစ်ဦးတို့မှ ရန်ဖြစ်ရာက ၁၀ တန်းကျောင်းသားမှာ ဓားထိုးခံခဲ့ရပြီး ပြည်မြို့ ပြည်သူ့ဆေးရုံကြီးသို့ (မစိုးရိမ်ရ) ပို့ဆောင်ပေးခဲ့ရကြောင်း သိရသည်။

“ဓားထိုးခံရတဲ့နေရာ အထိုးခံရတော့ ကလေးက ဓားဒဏ်ရာနဲ့ပြေးလာပြီး တစ်ချက်လဲတယ်။ တစ်ချက်လဲပြီး ဓနစတိုးဘက်ကို ဝင်ပြေးတယ်။ ဓနစတိုးထဲကျတော့ ကလေးက ဘယ်လိုမှ အခြေအနေ မဟန်တော့ဘူး။ ကျွန်တော်တို့က ဆုပေးပွဲမှာ ဓာတ်ပုံရိုက်ဖို့ အစီအစဉ် လုပ်နေတယ်။ ဓားထိုးခံရလို့ဆိုပြီး ပြေးတော့ တစ်ချက်ထိုးခံရတယ်။ နောက်တစ်ချက်က အားလူးကျောက်နဖူးစီးထဲကို ထည့်ပြီး တစ်ယောက်က ရိုက်တယ်။ တစ်ယောက်က ဓားနဲ့ထိုးတယ်။ ထိုးတဲ့ကောင်က ဓားကိုကိုင်ပြီး တစ်ခါတည်းပြေးတယ်။ ကျောင်းသားချင်း ထ (၁) ကျောင်းသားအချင်းချင်းပဲ” ဟု ဘောလုံးပွဲတွင် ရောက်ရှိနေသည့် ကိုပိုက်တင်က ပြောကြားသည်။

ဓားဖြင့် အထိုးခံရသည့် ကျောင်းသားမှာ ပြည်မြို့ အ.ထ.က (၁) ကျောင်းမှ ၁၀ တန်းကျောင်းသား မောင် ... ဖြစ်ပြီး ဓားဖြင့်ထိုးခဲ့သူ မောင်... ကိုးတန်းကျောင်းထွက်ထား အပါအဝင် နဝမတန်းကျောင်းသား ခြောက်ဦးတို့ဖြစ်ပြီး အရိုး/အသွား ရှစ်လက်မခန့်ရှိ လက်ကိုင်တိပ် အမည်းပတ်ထားသော ဓားဖြင့် ထိုးခဲ့ကြောင်း သိရသည်။

“သူတို့က ကျောင်းသားတွေဖြစ်နေလို့ ဝိုင်းထိန်းလိုက်တဲ့သဘောပါ။ တစ်ဖက်မိဘကလည်း တော်လို့ပေါ့။ သဘောထားပြည့်ဝတာလည်း ပါပါတယ်။ ဖြစ်တာကလည်း ကျောင်းသားအားကစားပွဲဆိုတော့ လုပ်တဲ့သူဘက်ကလည်း ကျေနပ်အောင် တောင်းပန်လို့ပေါ့ ၁၉ (င) နဲ့တော့ အမှုဖွင့်ထားပါတယ်” ဟု တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

အဆိုပါ ဓားဖြင့်အထိုးခံရသည့် ကျောင်းသားမိဘ အပါအဝင် အခြားတာဝန်ရှိသူများက ယင်းနေ့ညတွင် တွေ့ဆုံဆွေးနွေးခဲ့ကြပြီး ကျူးလွန်သူများမှာ ကျောင်းသားကလေးများ ဖြစ်ကြသည့်အတွက် ကာယကံရှင်ဖြစ်သူ၏ မိဘက အမှုဖွင့် အရေးယူလိုခြင်း မရှိကြောင်း ပြောကြားခဲ့ပြီး ဖြစ်စဉ်တွင် ဓားကိုင်ဆောင်ခဲ့သူ မောင်---ကိုးတန်းကျောင်းထွက်ထားအား ပြည်အမှတ် (၁) ရဲစခန်းတွင် ဒုရဲအုပ်ခိုင်ဝင်းက တရားလိုပြုလုပ်ကာ ပ-၁၄၂၆/ ၂၀၁၇ လက်နက်ဥပဒေပုဒ်မ (၁၉) င ဖြင့် အမှုဖွင့် အရေးယူထားသည်။

Most Read

Most Recent