၂၀၁၆ ခုနှစ် နှစ်ကုန်အထိ ပြည်ပချေးငွေ ဒေါ်လာသန်း ၉၀၀၀ နီးပါးရှိနေပြီး ၂၀၅၂- ၂၀၅၃ ဘဏ္ဍာနှစ်အထိ နှစ်စဉ် ဒေါ်လာ သန်း ၁၀၀ မှ သန်း ၇၀၀ ကျော်အထိ ပြန်လည်ပေးဆပ်ရန် တွက်ချက်ထားမှုအပြင် လက်ရှိအစိုးရအနေဖြင့် ၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ် ပထမခြောက်လပတ်တွင် ထပ်မံပြီး ဒေါ်လာ ၁၂၂၀ ဒသမ ၁၆ သန်း ချေးယူရန် ညှိနှိုင်းရရှိထားပြီးဖြစ်ကြောင်း ပြည်ထောင်စုလွှတ်တော် ပြည်သူ့ငွေစာရင်း ပူးပေါင်းကော်မတီ၏ အစီရင်ခံစာအရ သိရသည်။
၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ် ပထမခြောက်လပတ်တွင် ထပ်မံပြီး ဒေါ်လာ ၁၂၂၀ ဒသမ ၁၆ သန်း ချေးယူရန် နိုင်ငံအချင်းချင်းနှင့် အပြည်ပြည်ဆိုင်ရာ အဖွဲ့အစည်းများမှ ညှိနှိုင်းရရှိထားသည့် ငွေများတွင် ဂျပန်နိုင်ငံမှ ချေးယူရရှိငွေမှာ ဒေါ်လာ ၇၅၃ ဒသမ ၁၉ သန်းရှိနေကြောင်း သိရသည်။
ပြည်ပချေးငွေ အများဆုံးရရှိသော ၀န်ကြီးဌာနမှာ စီမံကိန်းနှင့် ဘဏ္ဍာရေး ၀န်ကြီးဌာနဖြစ်ပြီး ချေးငွေ၏ ၆၅ ရာခိုင်နှုန်းကို ရယူထားကာ ဒုတိယအများဆုံးမှာ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနဖြစ်ကာ စုစုပေါင်း ပြည်ပချေးငွေ၏ ၂၂ ရာခိုင်နှုန်းကို ရရှိထားကာ အဆိုပါ ချေးငွေအားလုံး၏ ၂၅ ရာခိုင်နှုန်းမှာမူ လူမှုကာကွယ်ရေးအတွက် အသုံးပြုရန်ဖြစ်ကြောင်း တွေ့ရှိရသည်ဟု ပြည်သူ့ငွေစာရင်း ပူးပေါင်းကော်မတီက သုံးသပ်ထားသည်။
၂၀၁၆ ခုနှစ် ဒီဇင်ဘာ ၃၁ ရက်အထိ ပြည်ပကြွေးမြီ ဒေါ်လာ သန်း ၉၀၀၀ နီးပါးရှိပြီး ၂၀၅၂-၂၀၅၃ ဘဏ္ဍာနှစ်အထိ နှစ်စဉ် ဒေါ်လာသန်း ၁၀၀ မှ သန်း ၇၀၀ ကျော် ပြန်လည်ပေးဆပ်ရမည် ဖြစ်ကြောင်း ၂၀၁၇ ခုနှစ် ကာလလတ်ကြွေးမြီစီမံခန့်ခွဲမှု မဟာဗျူဟာ (မူကြမ်း) အရ သိရသည်။
မြန်မာနိုင်ငံ၏ ပြည်ပကြွေးမြီများမှာ အပြည်ပြည်ဆိုင်ရာ အဖွဲ့အစည်းများ (ADB၊ IDA၊ အခြား) မှ အမေရိကန်ဒေါ်လာ ၁၃၆၄ ဒသမ ၂ သန်း၊ နှစ်နိုင်ငံ အစိုးရကြား ချေးငွေအမေရိကန်ဒေါ်လာ ၇၆၂၅ ဒသမ ၇ သန်း စုစုပေါင်း အမေရိကန်ဒေါ်လာ ၈၉၈၉ ဒသမ၉ သန်း ပြည်ပကြွေးမြီ ရှိနေကြောင်း သိရသည်။
ပြည်ပချေးငွေများကို နှစ်အလိုက် ပြန်လည်ပေးဆပ်ရမည့် ပမာဏမှာ ၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ်မှ ၂၀၁၉-၂၀၂၀ အထိ နှစ်စဉ် အမေရိကန်ဒေါ်လာ သန်း ၆၀၀ မှ ၇၀၀ အထိ၊ ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ်မှ ၂၀၂၁-၂၀၂၂ ဘဏ္ဍာနှစ်အထိ နှစ်စဉ် အမေရိကန်ဒေါ်လာ သန်း ၇၀၀ ကျော်၊ ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ်မှ ၂၀၂၄-၂၀၂၅ ဘဏ္ဍာနှစ်အထိ နှစ်စဉ် အမေ ရိကန်ဒေါ်လာ သန်း ၆၀၀ မှ ၇၀၀ အထိ၊ ၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ်မှ ၂၀၂၆-၂၀၂၇ ဘဏ္ဍာနှစ်အထိ နှစ်စဉ် အမေရိကန်ဒေါ်လာ သန်း ၅၀၀ မှ ၆၀၀ အထိ၊ ၂၀၂၇-၂၀၂၈ ဘဏ္ဍာ နှစ်တွင် နှစ်စဉ် အမေရိကန်ဒေါ်လာ သန်း ၄၀၀ မှ ၅၀၀အထိ၊ ၂၀၂၈-၂၀၂၉ ဘဏ္ဍာ နှစ်မှ ၂၀၃၀-၂၀၃၁ ဘဏ္ဍာနှစ်အထိ နှစ်စဉ် အမေရိကန်ဒေါ်လာ သန်း ၃၀၀ မှ ၄၀၀ အထိ၊ ၂၀၃၁-၂၀၃၂ ဘဏ္ဍာနှစ်မှ ၂၀၃၆-၂၀၃၇ ဘဏ္ဍာနှစ်အထိ နှစ်စဉ် အမေရိကန်ဒေါ်လာ သန်း ၁၀၀ မှ ၂၀၀ အထိဖြစ် ပြီး ၂၀၃၇-၂၀၃၈ ဘဏ္ဍာနှစ်မှ ၂၀၅၂-၂၀၅၃ ဘဏ္ဍာနှစ်အထိ နှစ်စဉ် အမေရိကန်ဒေါ်လာ သန်း ၁၀၀ ခန့် ပြန်လည်ပေးဆပ်ရမည် ဖြစ်ကြောင်း အစီရင်ခံစာအရ သိရသည်။