ပြည်သူလူထုအခြေပြု ဂျပန်ဦးနှောက်ရောင်ရောဂါ ကာကွယ်ဆေးထိုးအစီအစဉ် ဒီဇင်ဘာ ၁၁ ရက် (ယနေ့) စတင်မည်

ပြည်သူလူထုအခြေပြု ဂျပန်ဦးနှောက်ရောင်ရောဂါ ကာကွယ်ဆေးထိုးအစီအစဉ် ဒီဇင်ဘာ ၁၁ ရက် (ယနေ့) စတင်မည်
Published 11 December 2017

နိုဝင်ဘာ ၁၅ ရက်က အထက (၂) စမ်းချောင်းတွင် ကျန်းမာရေးဌာနက ကျောင်းအခြေပြု ဂျပန်ဦးနှောက်ရောင် ရောဂါကာကွယ်ဆေး အစုလိုက်ထိုးနှံပေးနေစဉ် (ဓာတ်ပုံ-ကြည်နိုင်)

ပြည်သူလူထုအခြေပြု ဂျပန်ဦးနှောက်ရောင် ရောဂါကာကွယ်ဆေး အစီအစဉ်ကို ဒီဇင်ဘာ ၁၁ ရက် (ယနေ့) တွင် စတင်လုပ်ဆောင်မည်ဖြစ်ပြီး ဒီဇင်ဘာ ၂၀ ရက်အထိ လုပ်ဆောင်မည်ဖြစ်ကြောင်း သိရသည်။

ပြည်သူလူထုအခြေပြု ဂျပန်ဦးနှောက်ရောင် ရောဂါကာကွယ်ဆေး အစီအစဉ်တွင် အသက်ကိုးလမှ ငါးနှစ်အထိ ကလေးများ၊ ၁၅ နှစ် အထိ ကျောင်းမနေသော ကလေးလူငယ်များ၊ ကျောင်းအခြေပြု ကာကွယ်ဆေးထိုးအစီအစဉ်တွင် ကာကွယ်ဆေးထိုးရန် လွတ်ကျန်ခဲ့သော ကျောင်းသား ကျောင်းသူများကို ထိုးနှံပေးမည်ဖြစ်ကြောင်းနှင့် ယင်းအစီအစဉ်ကို မြို့နယ်ဆေးရုံများ၊ မိခင်နှင့်ကလေးကျန်းမာရေးဌာန၊ ဒေသန္တရကျန်းမာရေးဌာန၊ တိုက်နယ်ဆေးရုံ၊ ကျေးလက်ကျန်းမာရေး ဌာန/ ဌာနခွဲ၊ ရပ်ကွက်ကျေးရွာများ အတွင်း အုပ်ချုပ်ရေးမှူးရုံး၊ ဓမ္မာရုံများ၊ ဘုန်းကြီးကျောင်း၊ ပုဂ္ဂလိက နေအိမ်နှင့် အခြားသတ်မှတ်ထားသည့် ဆေးထိုးစုရပ်များတွင် ထိုးနှံပေးမည်ဖြစ်ကြောင်း သိရသည်။

ယခင်က ဂျပန်ဦးနှောက်ရောင် ကာကွယ်ဆေးထိုးဖူးသည်ဖြစ်စေ၊ မထိုးဖူးသည်ဖြစ်စေ ဂျပန်ဦးနှောက်ရောင်ရောဂါ ဖြစ်ဖူးသည်ဖြစ်စေ၊ မဖြစ်ဖူးသည်ဖြစ်စေ အသက်ကိုးလမှ ၁၅ နှစ်အထိ ကလေးလူငယ်အားလုံးကို ကာကွယ်ဆေးထိုးနှံပေးမည်ဖြစ်ကြောင်း သိရသည်။

ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနအနေဖြင့် ပိုမိုစိတ်ချရသော ကာကွယ်ဆေးထိုးလုပ်ငန်း ဖြစ်စေရန် ကာကွယ်ဆေးမထိုးမီ ကာကွယ်ဆေး မထိုးသင့်သည့် အခြေအနေနှင့် လက္ခဏာများ ရှိ မရှိ စစ်ဆေးခြင်း၊ ကာကွယ်ဆေးမထိုးသင့်သည့် အခြေအနေကို မိဘများ ပိုမိုသိရှိရန် ကာကွယ်ဆေးမထိုးသင့်သည့် အချက်အလက်များပါဝင်သော ဗီနိုင်းပိုစတာများကို ကာကွယ်ဆေးထိုးစုရပ်တိုင်းတွင် ချိတ်ဆွဲပေးခြင်း၊ မိဘများသိရှိလိုသော အချက်အလက်များအတွက် အမေးအဖြေ ကဏ္ဍများကို ပိုမိုကျယ်ပြန့်စွာ အသိပေးထုတ်ပြန်ခြင်း၊ ကာကွယ်ဆေးထိုးပြီး တစ်နာရီ စောင့်ကြည့်ခြင်း၊ မည်သည့်လက္ခဏာမျိုးမဆို ပေါ်ပေါက်လာပါက ဆရာဝန်၊ ဆရာမထံ ချက်ချင်းပြသရန် အသိပေးခြင်း၊ ဘေးကင်းစိတ်ချရသော လုပ်ငန်းဖြစ်စေရန် ထပ်မံအားဖြည့် ဆောင်ရွက်ထားကြောင်း ထုတ်ပြန်ချက်အရ သိရသည်။

နိုဝင်ဘာ ၁၅ ရက်မှစ၍ ကျောင်းအခြေပြု ကာကွယ်ဆေးထိုး အစီအစဉ်ကိုစတင်ခဲ့ရာ နိုဝင်ဘာ ၂၄ ရက် အထိ ရည်မှန်းကလေးဦးရေ ၈ ဒသမ ၆ သန်းခန့်အနက် ၈ ဒသမ ၃ သန်းကို ထိုးနှံနိုင်ခဲ့ပြီး ၉၆ ဒသမ ၄ ရာခိုင်နှုန်း လွှမ်းခြုံခဲ့ကြောင်းနှင့် တိုင်းဒေသကြီးနှင့်ပြည်နယ်အလိုက် ကာကွယ်ဆေးလွှမ်းခြုံမှုရာခိုင်နှုန်းမှာ ဧရာဝတီတွင် ၉၇ ရာခိုင်နှုန်း၊ ပဲခူးတွင် ၉၅ ရာခိုင်နှုန်း၊ ချင်းတွင် ၉၅ ရာခိုင်နှုန်း၊ ကချင်တွင် ၉၃ ရာ ခိုင်နှုန်း၊ ကယားတွင် ၉၄ ရာခိုင်နှုန်း၊ ကရင်တွင် ၉၅ ရာခိုင်နှုန်း၊ မကွေးတွင် ၉၇ ရာခိုင်နှုန်း၊ မန္တလေးတွင် ၉၅ ရာခိုင်နှုန်း၊ မွန်တွင် ၉၆ ရာခိုင်နှုန်း၊ နေပြည်တော်တွင် ၉၅ ရာခိုင်နှုန်း၊ ရခိုင်တွင် ၈၃ ရာခိုင်နှုန်း၊ စစ်ကိုင်းတွင် ၉၈ ရာခိုင်နှုန်း၊ ရှမ်းအရှေ့တွင် ၉၅ ရာခိုင်နှုန်း၊ ရှမ်းမြောက် ၉၁ ရာခိုင်နှုန်း၊ ရှမ်းတောင်တွင် ၉၄ ရာခိုင်နှုန်း၊ တနင်္သာရီတွင် ၉၅ ရာ ခိုင်နှုန်း၊ ရန်ကုန်တွင် ရာခိုင်နှုန်း ၉၀ အသီးသီးရှိခဲ့ကြောင်း သိရသည်။

Most Read

Most Recent