ထားဝယ်-ထီးခီး နှစ်လမ်းသွားလမ်းမ ဖောက်လုပ်မှုအတွက် ထိုင်းနိုင်ငံ၏ ချေးငွေရယူရန် ပြည်ထောင်စု လွှတ်တော်၏ အတည်ပြုချက် ရရှိပါက စတင်ဖောက်လုပ်မည်ဖြစ်ပြီး ယခင်လမ်းအူကြောင်းကိုသာ အသုံးပြုမည်ဟု သိရ

ထားဝယ်-ထီးခီး နှစ်လမ်းသွားလမ်းမ ဖောက်လုပ်မှုအတွက် ထိုင်းနိုင်ငံ၏ ချေးငွေရယူရန် ပြည်ထောင်စု လွှတ်တော်၏ အတည်ပြုချက် ရရှိပါက စတင်ဖောက်လုပ်မည်ဖြစ်ပြီး ယခင်လမ်းအူကြောင်းကိုသာ အသုံးပြုမည်ဟု သိရ
Published 11 December 2017

ထားဝယ်-တီးခီးလမ်းပိုင်း တစ်နေရာကို တွေ့ရစဉ်

တနင်္သာရီတိုင်းဒေသကြီး ထားဝယ်ခရိုင်ရှိ ထားဝယ်ရေနက် ဆိပ်ကမ်းနှင့် အထူးစီးပွားရေးဇုန်စီမံကိန်းမှ မြန်မာ-ထိုင်းနယ်စပ် ထီးခီးသို့ နှစ်လမ်းသွားလမ်းမ ဖောက်လုပ်မှုအတွက် ထိုင်းနိုင်ငံ၏ချေးငွေ ဘတ်သန်း ၄၅၀၀ အား ချေးယူရန် ပြည်ထောင်စုလွှတ်တော်မှ အတည်ပြုပြီးပါက လမ်းဖောက်လုပ်မှု စတင်သွားမည်ဖြစ်ပြီး လက်ရှိအသုံးပြုနေသည့် လမ်းအူကြောင်း အဟောင်းကိုသာ အသုံးပြုသွားမည်ဖြစ်ကြောင်း သိရသည်။

ထားဝယ် အထူးစီးပွားရေးဇုန် စီမံကိန်းနှင့် ပတ်သက်၍ မြန်မာအစိုးရနှင့် Italian-Thai ကုမ္ပဏီတို့အကြား စာချုပ်ချုပ်ဆိုထားသည့် ၂၇ စတုရန်းကီလိုမီတာ အကျယ်ရှိ ကနဦး အထူးစီးပွားရေးဇုန်၏ Project ကိုးခု အတွင်း ပါဝင်သည့် ထားဝယ်-ထီးခီး နှစ်လမ်းသွားလမ်းမ ဖောက်လုပ်ရန် ထိုင်းနိုင်ငံအစိုးရ၏ WEDA ထံမှချေးငွေအဖြစ် ဘတ်သန်း ၄၅၀၀ ချေးယူနိုင်ရန် ပြည်ထောင်စုအစိုးရအား တင်ပြထားပြီးဖြစ်ကြောင်း၊ ယင်းချေးငွေရယူရန်အတွက် နောက်ဆုံးအနေဖြင့် ဆုံးဖြတ်နိုင်ရန် နိုင်ငံတော်ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူက ဒီဇင်ဘာ ၂ ရက်မှ ၃ ရက်အထိ ထားဝယ်ဒေသသို့ နှစ်ရက်ကြာ လာရောက်လေ့လာခဲ့ပြီး ထားဝယ်အထူးစီးပွားရေးဇုန် အမြန်ဆုံး အကောင်အထည် ဖော်နိုင်ရန်အတွက် နှစ်လမ်းသွားလမ်းမကို နံပါတ်တစ် ဦးစားပေးအနေဖြင့် ဆောင်ရွက်သွားမည် ဖြစ်ကြောင်း ပြောကြားသွားခဲ့သည်ဟု သိရသည်။

“ရေနက်ဆိပ်ကမ်းနဲ့ ပတ်သက်လို့ လုပ်ရမယ့်လုပ်ငန်း ကိုးခုရှိတဲ့ အထဲမှာ နံပါတ်တစ် အရေးကြီးဆုံးက နှစ်လမ်းသွား လမ်းမပေါ့။ ရေနက်ဆိပ်ကမ်းကနေပြီး ထီးခီး (မြန်မာ-ထိုင်းနယ်စပ်) အထိ အမြန်ဆုံး အကောင်အထည်ဖော်မှ ရေနက်ဆိပ်ကမ်းက အမြန်ဆုံး တိုးတက်မယ်လို့ ဝန်ကြီးတို့က တင်ပြတယ်။ နှစ်လမ်းသွားကို အမြန်ဆုံး အကောင်အထည်ဖော်မှ ရေနက်ဆိပ်ကမ်းက စတင်တယ်ဆိုတဲ့သဘော သက်ရောက်မယ်။ ဘာဖြစ်လို့လဲဆို သူကထိုင်းနယ်စပ်နဲ့ဒီရေနက်ဆိပ်ကမ်းကို ဆက်သွယ်တဲ့လမ်းက အဓိကကျတဲ့ အတွက်ပါ။ ဒုသမ္မတကလည်း သဘောတူတယ်။ ဒီထီးခီး-ရေနက်ဆိပ်ကမ်းလမ်းလုပ်မှ ပထမဆုံး စက်မှုဇုန်ကြီး အကောင်အထည် ဖော်ဖို့အတွက် လာမယ့်အပိုင်းကိုပေါ့။ လောလောဆယ် ခရီးသွားတွေ ဝင်လာမယ်။ ကုန်စည်စီးဆင်းမှု မြန်လာမယ်ဆိုတဲ့အတွက် ဒေသအတွက်လည်း အများကြီး အကျိုးရှိမယ်ဆိုပြီး ဒုသမ္မတက ပြောတယ်။ အစိုးရသစ် တက်တ လည်း တစ်နှစ်ခွဲကျော် နှစ်နှစ်နီးပါးရှိနေပြီ ဖြစ်လို့ ဇုန်ဖွံ့ဖြိုးတက်ဖို့ဟာကို သူကအထူးလိုလားတယ်။ ပြင်ဆင်လေ့လာတဲ့အချိန်က ဒီလောက် အတိုင်းအတာဆိုရင် ပြည့်စုံနေပြီ။ အခုအကောင်အထည်ဖော်မယ့် အပိုင်းတွေ ဖြစ်လာပြီ” ဟု တိုင်းဒေသကြီး အစိုးရအဖွဲ့ စီမံ/ဘဏ္ဍာဝန်ကြီး ဦးဖြိုးဝင်းထွန်းက ပြောကြားသည်။

ထားဝယ်-ထီးခီး နှစ်လမ်းသွား အဆင့်မြင့်လမ်းမ ဖောက်လုပ်ရာတွင် ထားဝယ်ရေနက်ဆိပ်ကမ်းနှင့် မြန်မာ-ထိုင်းနယ်စပ် ထီးခီးအထိ ဖောက်လုပ်ထားပြီး လက်ရှိအသုံးပြုနေသော အရှည် ၉၉ မိုင်ရှိ မြေသားလမ်း အူကြောင်းကိုသာ အနည်းငယ်ပြင်ဆင်၍ အသုံးပြုသွားမည်ဖြစ်ကြောင်း၊ ဒုသမ္မတ လာရောက်ခဲ့သည့် ခရီးစဉ်၌ လမ်းဦးစီးဌာနမှ တင်ပြချက်အရ ဒေသတွင်း အသုံးပြုရန် ထီးခီးနယ်စပ်မှ သရက်ချောင်းမြို့နယ်ဘက်သို့ ကျောက်မီးသွေး သယ်ယူရန် တစ်ဝက်တစ်ပျက် ဖောက်လုပ်ထားသည့် ထီးထ-စုံစင်လမ်းကို ကျေးလက် ဒေသလမ်းအဖြစ် ဖောက်လုပ်နိုင်ရန် တင်ပြခဲ့ပြီး ဒုသမ္မတမှ Survey ပြုလုပ်ရန် ညွှန်ကြားခဲ့သည်ဟု သိရသည်။

ဒုသမ္မတ ဟင်နရီဗန်ထီးယူ၏ ခရီးစဉ်မှာ ထားဝယ်-ထီးခီး နှစ်လမ်းသွားလမ်းမ ဖောက်လုပ်ရန်အတွက် ထိုင်းနိုင်ငံထံမှ ထိုင်းဘတ် ငွေသန်း ၄၅၀၀ ချေးယူရန် နောက်ဆုံးဆုံးဖြတ် ချက်ချမှတ်နိုင်ရန် လာရောက် လေ့လာခြင်းဖြစ်ပြီး ပြည်ထောင်စုလွှတ်တော်သို့ တင်ပြ၍ အတည်ပြုချက်ရရှိပါက ပြည်တွင်းပြည်ပ ကုမ္ပဏီများကို တင်ဒါခေါ်ယူကာ လမ်းစတင် ဖောက်လုပ်သွားမည်ဖြစ်ကြောင်း၊ ယင်းနှစ်လမ်းသွားလမ်းမကို ထိုင်းနိုင်ငံ၏ နံပါတ် (၄) အဆင့်ရှိ လမ်းအဖြစ် ပြုလုပ်သွားမည်ဖြစ်ပြီး လက်ရှိအသုံးပြုနေသည့် မြဝတီလမ်း အဆင့်ကဲ့သို့ဖြစ်အောင် ဆောင်ရွက်သွားမည်ဖြစ်ပြီး လာမည့် ၂၀၁၈ ခုနှစ်အတွင်း အဆုံးအဖြတ် ဖြစ်နိုင်သည်ဟု ဦးဖြိုးဝင်းထွန်းက ပြောကြား သည်။

ITD ကုမ္ပဏီမှ ၂၀၀၈ ခုနှစ်က စတင်အကောင်အထည် ဖော်ခဲ့သည့် ထားဝယ်အထူးစီးပွားရေးဇုန် စီမံကိန်းကို ရင်နှီးမြှုပ်နှံမှု ပြဿနာများကြောင့် ၂၀၁၃ ခုနှစ် နိုဝင်ဘာလတွင် စီမံကိန်း ယာယီရပ်နားခဲ့ပြီးနောက်ပိုင်း ၂၀၁၅ ခုနှစ် သြဂုတ်လအတွင်း၌ မြန်မာနှင့် ထိုင်းအစိုးရ တာဝန်ရှိသူများမှ စီမံကိန်း၌ လုပ်ငန်းကိုးခုဖြစ်သည့် နှစ်လမ်းသွားလမ်းမ၊ ရေရရှိရေးလုပ်ငန်း၊ လျှပ်စစ်လုပ်ငန်းသုံးခု၊ Town Ship တစ်ခု၊ ဆက်သွယ်ရေး၊ Small port Small နှင့် ၂၇ စတုရန်းကီလိုမီတာ အကျယ်ရှိသော အလတ်စားစက်မှုဇုန် တစ်ခုတို့ကို ကနဦးအနေဖြင့် အကောင်အထည်ဖော်ရန် MoA လက်မှတ်ရေးထိုးခဲ့ကြောင်း၊ လက်ရှိ ထားဝယ်အထူးစီးပွားရေးဇုန် စီမံခန့်ခွဲမှု ကော်မတီသစ် လက်ထက်၌ ကနဦး စီမံကိန်းနှင့် ပတ်သက်၍ ရှေ့ဆက်ဆောင်ရွက်နိုင်ရန် ထိုင်းနှင့် ဂျပန်နိုင်ငံများဖြင့် ပူးပေါင်းလုပ်ဆောင်နေသည့်အပြင် ၁၉၆ စတုရန်းကီလိုမီတာ အကျယ်ရှိ ပင်မစီမံကိန်း အတွက်လည်း ဆောင်ရွက်မှုများရှိကြောင်း၊ ကနဦး စီမံကိန်းတွင်ပါဝင်သည့် မြေသားလမ်းအဖြစ် ပြီးစီးနေပြီဖြစ်သော ထားဝယ်-ထီးခီး (မြန်မာ-ထိုင်း နယ်စပ်) နှစ်လမ်းသွားလမ်းမ အပြီးသတ် ဖောက်လုပ်ရန်နှင့် အလတ်စားစက်မှု ဇုန်တစ်ခုတို့ကို အကောင်အထည်ဖော်ရန် စတင်ဆောင်ရွက်နေပြီး လမ်းဖောက်လုပ်ရန်အတွက် လိုအပ်သော ချေးငွေဖြစ်သည့် ဘတ်သန်း ၄၅၀၀ (ဒေါ်လာ ၁၃၈ သန်းခန့်) ကို ထိုင်းနိုင်ငံမှတစ်ဆင့် ချေးယူရန် ဝန်ကြီးဌာနမှတစ်ဆင့် တင်ပြထားကြောင်း၊ ကနဦး စက်မှုဇုန်စီမံကိန်း၌ အသုံးပြုမည့် လျှပ်စစ်အတွက်လည်း သဘာဝဓာတ်ငွေ့ဖြင့် လည်ပတ်ရန် ထိုင်းကုမ္ပဏီဘက်မှ စီစဉ်ထားသည်ဟု ထားဝယ်အထူးစီးပွားရေးဇုန် စီမံခန့်ခွဲမှု ကော်မတီထံမှ သိရသည်။

 

Most Read

Most Recent