ပေါင်မြို့နယ်ကျေးရွာ အချို့တွင် တရားမဝင် ထိုင်းဝက် ဝင်ရောက်မှုကြောင့် ဈေးကွက်ပျက်၍ ခြောက်လအတွင်း ခြံပေါင်း ၅၀ ကျော်မှ ကျပ်သိန်းပေါင်းရာကျော် ဆုံးရှုံး

ပေါင်မြို့နယ်ကျေးရွာ အချို့တွင် တရားမဝင် ထိုင်းဝက် ဝင်ရောက်မှုကြောင့် ဈေးကွက်ပျက်၍ ခြောက်လအတွင်း ခြံပေါင်း ၅၀ ကျော်မှ ကျပ်သိန်းပေါင်းရာကျော် ဆုံးရှုံး
Published 11 December 2017

မုတ္တမဇင်းဘာရွာ ဝက်မွေးမြူုခြံအချို့ မွေးမြူထားသည်ကို တွေ့ရစဉ်

မွန်ပြည်နယ် ပေါင်မြို့နယ် မုတ္တမ ဇင်းဘာရွာရှိ ဝက်မွေးမြူရေးခြံ ၅၀ ခန့်တွင် ထိုင်းဝက်ပေါက်၊ ရောဂါရ အေးခဲဝက်သား၊ ဝက်အရှင်တို့ကို လွန်ခဲ့သော ခြောက်လခန့်မှ ကရင်ပြည်နယ်စပ်ကိုကျော်၍ တရားမဝင် ဒေသတွင်း ဝင်ရောက်လာမှုကြောင့် ထိုင်းဝက်သားပေါက်မွေးခြံဝန်းကျင်၊ ရောဂါပါ အေးခဲဝက်သား စားသုံးမှုတို့ကြောင့် ယခင်က ခြောက်လအတွင်း တစ်ကြိမ်လောက်သာ ဝက်ရောဂါဖြစ်ပွားမှုရှိရာ ယခုလစဉ်လိုလို ရောဂါဖြစ်ပေါ်နေခြင်း၊ ယခုထိုင်းဝက်အရှင်များ၊ ရန်ကုန်၊ မော်လမြိုင်ဒိုင်သို့ ထပ်မံဝင်ရောက် လာမှုတို့ကြောင့် ဝက်အဝယ်ရပ်ခြင်း၊ ဈေးနှိမ်ခြင်းတို့ကြောင့် ဒေသတွင်း ဝက်ဈေးကွက်ပျက်ကာ ဝက်မွေးမြူမှု လုပ်ငန်းများ သိန်း ၂၀၀ ကျော် ဆုံးရှုံးမှု ရှိလာနေကြောင်း ဒေသခံများထံမှ သိရသည်။

“ကျွန်တော့်ဝက်ခြံထဲနားမှာ ထိုင်းဝက်သားခွဲတွေ လာမွေးတယ်၊ ဒီမှာက ပူ၊ အေး မြန်တယ်။ ဝက်သေတယ်။ ကျွန်တော့်ခြံလည်း ဝက်နာကျတာပဲ။ နောက်ပြီး ထိုင်းဘက်က ဈေးပေါတဲ့ဝက်သား ဝယ်စားတယ်။ မကြာဘူး ဝက်နာတွေ ထပ်ကျပြန်တယ်။ အနည်းဆုံး ခြံပေါင်း ၅၀ ကျော်က တစ်ခြံကို အနည်းဆုံး ခြောက်လအတွင်းမှာ ကျပ်ငါးသိန်းကျော်လောက် ဆုံးရှုံးတယ်ဆိုတော့ သိန်း ၂၅၀ လောက် ပြုတ်ကုန်တာပေါ့။ တခြားရွာတွေ မပါသေးဘူး။ ဇင်းဘာရွာ တစ်ခုတည်း” ဟု ဇင်းဘာရွာမှ အုပ်ချုပ်ရေးမှူး ဦးကံမြင့်က ပြောကြားသည်။

ဒေသတွင်း အလှူအတန်းပေါများ၍ ယခုလရက်မျိုးတွင် ပုံမှန်ဝက်သား ဈေးကောင်းရလေ့ ရှိသော်လည်း လွန်ခဲ့သော နှစ်လခန့်မှစ၍ မော်လမြိုင်၊ ရန်ကုန်ဝက်ဒိုင်တို့သည် ထိုင်းဝက်အရှင်များ၊ အေးခဲသားများ၊  တရားမဝင် ဈေးပေါပေါနှင့် ဝယ်ရောင်းနေမှုကြောင့်၊ မုတ္တမမြို့နယ်မှ ဝက်ဈေးကွက်များ ပျက်လာကြောင်း၊ ဝက်ခြံဖမ်းဈေး တစ်ပိဿာ ကျပ် ၄၁၀၀၊ ၄၀၀၀ သာရှိပြီး ဝယ်ယူမှုပင် မရှိတော့ကြောင်း၊ ယခင်ကာလတူတွင် ကျပ် ၄၆၀၀ အထက်တွင် ရှိခဲ့ကြောင်း ဝက်မွေးမြူသူ ကိုအေးသိန်းက ပြောကြားသည်။

“ဝက်သားကွဲ ဈေးကွက်ပျက်တယ်။ ရောဂါဖြစ်တယ်။ အသားဈေးကွက်လည်း ပျောက်တယ်။ ပြောချင်တာကတော့ လုံးဝကို ပေးမဝင်စေချင်ဘူး။ ထိုင်းမှာ ကျွန်လိုလုပ်ပြီး ငွေသိန်း ၃၀၊ ၄၀ စုပြီး ကိုယ့်ရပ်ကိုယ့်ရွာမှာ မွေးမြူရေး ပြန်လုပ်ပါတယ်။ ဗမာနိုင်ငံထိ မွေးမြူရေး မလုပ်နိုင်အောင် လာဒုက္ခ ပေးနေတော့ ဘာဆက်လုပ်ရမှာလဲလို့ မေးချင်တယ်။ ထိုင်းပြန်သွားဖို့ အသက်ကကြီးပြီ” ဟု ထိုင်းနိုင်ငံမှ ပြန်လာ၍ ဝက်မွေးသူ ဦးမောင်အေးက ပြောကြားသည်။

“ဝက်မွေးမြူမှု အခြေအနေသိချင်လို့ ခြံသမားတွေနဲ့ တွေ့ပါတယ်။ ညကပဲ မြဝတီက PC-3 (နယ်ကျော်ဖြတ်ခွင့်) ယူပြီး ဝက်ကားတွေ ခုနစ်ကားဆင်းလာတဲ့ သတင်းရတယ်။ သထုံဘက်မှာ သွားစောင့်ကြည့်တယ်။ လိုအပ်ရင် မရမ်းချောင်ဂိတ် ဆက်သွယ်ပြီး စစ်ဆေးဖို့ပါ။ သတင်းရလို့ လမ်းကြောင်းပြောင်းလိုက်တယ်လို့ ထင်ပါတယ်။ လကုန်ရင် မွေးမြူရေးအဖွဲ့ချုပ် အစည်းအဝေးမှာ ဒေသမွေးမြူရေးသမားတွေက သတင်းအချက်လက် စုဆောင်းမယ်။ ကရင်ပြည်နယ် မွေးမြူရေးအဖွဲ့ချုပ်နဲ့ ညှိနိုင်းဆောင်ရွက်ဖို့ စီစဉ်ထားပါတယ်။ မြဝတီအဆင်းဂိတ်တွေမှာ သံသယဖြစ်စရာ သတင်းတွေလည်း ရထားပါတယ်။ တိတိကျကျ လုပ်ကိုင်ဖို့ ရှိပါတယ်။ မွန်ပြည်နယ် အားထားလုပ်ကိုင်မယ့် စီးပွားရေးငါးခုမှာ မွေးမြူရေးလည်း ပါပါတယ်။ မွေးမြူရေး သမားတွေကို ကာကွယ်ကူညီ ဆောင်ရွက်သွားမှာပါ” ဟု ဦးညိုမင်း (အတွင်းရေးမှူး မွန်ပြည်နယ် မွေးမြူရေးလုပ်ငန်း အဖွဲ့ချုပ်) က ပြောကြားသည်။

 

Most Read

Most Recent