သံတွဲမြို့နယ် ကျောက်ကလပ်ကျေးရွာအုပ်စု ပင်လယ်ကမ်းခြေတစ်လျှောက် အိမ်ခြံမြေဈေး သုံးနှစ်အတွင်း အဆမတန်မြင့်တက်

သံတွဲမြို့နယ် ကျောက်ကလပ်ကျေးရွာအုပ်စု ပင်လယ်ကမ်းခြေတစ်လျှောက် အိမ်ခြံမြေဈေး သုံးနှစ်အတွင်း အဆမတန်မြင့်တက်
Published 11 December 2017

သံတွဲမြို့နယ် ကျောက်ကလပ်ကျေးရွာအုပ်စု ပင်လယ်ကမ်းခြေ တစ်နေရာကို တွေ့ရစဉ်

ရခိုင်ပြည်နယ် သံတွဲမြို့နယ် ကျောက်ကလပ်ကျေးရွာအုပ်စု ပင်လယ်ကမ်းခြေတစ်လျှောက် အိမ်ခြံမြေ ဈေးနှုန်းများမှာ သုံးနှစ်တာ ကာလအတွင်း မြေတစ်ဧကခန့် တစ်ကွက်လျှင် ကျပ်သိန်းပေါင်းသောင်းနှင့်ချီ ဖြစ်လာကြောင်း သိရသည်။

သံတွဲမြို့နှင့် ၂၇ မိုင်ခန့်အကွာ ကျောက်ကလပ်ကျေးရွာ အုပ်စုအတွင်း ကျောက်ကလပ်၊ မောင်ရွှေလေး၊ ကွင်းဝိုင်း၊ ရေဖြူအိုင်၊ ပိုက်ကောက်၊ သဗြုချိုင် စသည့်ကျေးရွာများမှာ သာယာလှပသော ပင်လယ်ကမ်းခြေတွင် တည်ရှိနေပြီး အဆိုပါ ကမ်းခြေတစ်လျှောက်တွင် ဟိုတယ်ဇုန်တည်ဆောက်ရန် အိမ်ခြံမြေကွက်များအား လုပ်ငန်းရှင်များ အနေဖြင့် အိမ်ခြံမြေပွဲစားများနှင့် အပြိုင်အဆိုင် ဝယ်ယူရာမှ မြေတစ်ဧကခန့် တစ်ကွက်လျှင် ကျပ်သိန်းသောင်းချီ မြင့်တက်လာခြင်းဖြစ်ကြောင်း ဒေသခံများက ဆိုသည်။

“အိမ်ခြံမြေတွေ ကုန်ခဲ့တဲ့ နှစ်တွေကစပြီးတော့ ဈေးတက်နေတယ်။ ကုမ္ပဏီတွေ၊ ဟိုတယ်လုပ်ငန်းရှင်တွေ ဝယ်တာများတယ်။ ဈေးတက်တာကြာပြီ။ နှစ်နှစ်လောက်ရှိပြီ ထိုးတက်သွားတာ။ ထိုးတက်သွားတဲ့ အချိန်မှာ ဒေသခံတွေ ဈေးမရကြဘူး။ မရဘူး ဆိုတာက မရှိဆင်းရဲသားတွေများတယ်။ ကျပ်သိန်း ၂၀၀၀၊ ၃၀၀၀ နဲ့ ရောင်းတဲ့သူတွေလည်း ရှိတယ်။ တချို့က ကျပ်သိန်း ၈၀၀၀၊ ၉၀၀၀၊ ၁၀၀၀၀ ရသူရကြတယ်။ ဒေသခံတွေဆီမှာ မြေကွက်တွေ မရှိတော့ပါဘူး။ မရောင်းဘဲ ကျန်နေတာကတော့ အနည်းစုလောက်ပဲ ကျန်တော့တယ်” ဟု ကွင်းဝိုင်းကျေးရွာမှ ကိုသန်းထွဋ်ဇော်က ပြောကြားသည်။

ကျောက်ကလပ်ကျေးရွာအုပ်စု အတွင်းရှိ အိမ်ခြံမြေကွက်များနှင့် ပင်လယ်ကမ်းအနီးရှိ မြေကွက်များ အားလုံးနီးပါး ဒေသခံ အိမ်ခြံပိုင်ရှင်များက ရောင်းချထားကြပြီး ဖြစ်သဖြင့် ပင်လယ်ကမ်းခြေနှင့် ဝေးသည့် နေရာများတွင် ရွှေ့ပြောင်းနေထိုင်ကြပြီး ဒေသခံအများစုမှာ ငါးဖမ်းလုပ်ငန်းဖြင့် အသက်မွေးဝမ်းကျောင်း ပြုနေကြသူများ ဖြစ်ကြောင်း သိရသည်။

“ဒီကမ်းခြေမှာ နေထိုင်တဲ့ ဒေသခံတွေမှာ အိမ်ခြံမြေကွက်တွေ အကျယ်ကြီး ပိုင်ဆိုင်ကြတယ်။ တချို့ကလည်း ကိုယ့်အိမ်တစ်လုံးစာအတွက် ချန်လှပ်ထားခဲ့ပြီး အပိုမြေကွက်တွေကို ထုတ်ရောင်းကြတယ်။ တချို့ကျပြန်တော့လည်း တစ်ခြံလုံးကိုရောင်းပြီး ကမ်းခြေနဲ့ဝေးတဲ့ တောင်ခြေရင်းတွေမှာ မြေကွက်ကလေးတွေဝယ်ပြီး နေကြတယ်။ တချို့ကျတော့ လုံးဝမရောင်းသေးဘဲ မြေတစ်ကွက်ကို ကျပ်သိန်းတစ်သောင်းကျော်အထိ ဈေးခေါ်ထားတယ်” ဟု သပြုချိုင်ကျေးရွာမှ ကိုလှမောင်သန်းက ပြောကြားသည်။

အဆိုပါ ကမ်းခြေမှာ အလွန်သာယာလှပသည့် ကမ်းခြေတစ်ခုဖြစ်ပြီး ရေအောက်ကြမ်းပြင် သန္တာကျောက်ဆောင်များကို ပွင့်လင်းရာသီတွင် နိုင်ငံခြားသားများ လာရောက်၍ လေ့လာမှုရှိကြောင်း သိရသည်။

 

Most Read

Most Recent