လာမည့် ၂၀၁၈ ခုနှစ်တွင် ထိုင်းနိုင်ငံအတွင်း အလုပ်သမားများ၏ အခြေခံ တစ်နေ့လုပ်အားခ ၁၅ ဘတ် ထပ်မံတိုးမြှင့်ရန် သဘောတူညီမှု ရရှိကြောင်း သိရ

လာမည့် ၂၀၁၈ ခုနှစ်တွင် ထိုင်းနိုင်ငံအတွင်း အလုပ်သမားများ၏ အခြေခံ တစ်နေ့လုပ်အားခ ၁၅ ဘတ် ထပ်မံတိုးမြှင့်ရန် သဘောတူညီမှု ရရှိကြောင်း သိရ
Published 11 December 2017

ထိုင်းနိုင်ငံသို့ သွားရောက်လုပ်ကိုင်မည့် မြန်မာအလုပ်သမားများကို မြဝတီဘက်ခြမ်းတွင် တွေ့ရစဉ်

ထိုင်းနိုင်ငံအတွင်း အလုပ်လုပ်ကိုင်နေကြသော မြန်မာအပါအဝင် နိုင်ငံခြားသား အလုပ်သမားများ၏ အခြေခံ အနိမ့်ဆုံး လုပ်အားခကို ၁၅ ဘတ် တိုးမြှင့်သွားရန် အလုပ်သမား ကိုယ်စားလှယ်များ၊ အလုပ်ရှင်များနှင့် အစိုးရပါဝင်သော သုံးပွင့်ဆိုင် ကော်မတီမှ သဘောတူညီမှု ရရှိခဲ့ကြောင်း သိရသည်။

ထိုင်းနိုင်ငံရှိ စက်ရုံ၊ အလုပ်ရုံတို့တွင် လုပ်အားခအဖြစ် လက်ရှိပေးလျက်ရှိသော အနိမ့်ဆုံးနေ့စားခမှာ ဘတ် ၃၀၀ ဖြစ်ပြီး လာမည့်နှစ်အတွင်း ငါးရာခိုင်နှုန်းခန့် တိုးမြှင့်လိုက်သည့်အတွက် အလုပ်သမားများ၏ တစ်နေ့လုပ်အားခမှာ ၃၁၅ ဘတ်သို့ တိုးမြင့်သွားမည်ဖြစ်ကြောင်း သိရသည်။

မြန်မာနိုင်ငံအတွင်း လုပ်အားခဝင်ငွေ မတိုးလာသည့်အပြင် အနိမ့်ဆုံး တစ်နေ့လုပ်အားခ ကျပ် ၆၅၀၀ သတ်မှတ်နိုင်ခြင်း မရှိသလို အလုပ်အကိုင် အခွင့်အလမ်းများ ဖော်ဆောင်ပေးနိုင်ခြင်း မရှိသမျှ ပြည်တွင်းမှ လူ့စွမ်းအား အရင်းအမြစ်များ ဆုံးရှုံးနေဦးမည်ဟု မြန်မာပြည်သားများအရေး ပူးတွဲလှုပ်ရှားမှုကော်မတီ (JACBA) ဥက္ကဋ္ဌ ဦးမိုးကြိုးက ပြောကြားသည်။

“ILO က မကြာမီသော နှစ်တွေမှာ ထိုင်းနိုင်ငံက အလုပ်သမားတိုင်းဟာ မိသားစုဝင် သုံးယောက်စာ ဝင်ငွေဖြစ်တဲ့ ထိုင်းငွေ ဘတ် ၇၀၀ ရရမယ်လို့ရည်မှန်းချက်ထားတယ်။ ဒီအခြေအနေအောက်မှာ သုံးပွင့်ဆိုင်ကော်မတီက အနိမ့်ဆုံးလုပ်အားခကို ၁၅ ဘတ် တိုးပေးလိုက်တာဟာ ဆင့်ပါးစပ် နှမ်းပက်လိုက်သလိုပါပဲ။ အမိမြန်မာနိုင်ငံမှာ အလုပ်အကိုင် အခွင့်အလမ်း များပြားရန် လိုအပ်သလို ဝင်ငွေမတိုးလာတဲ့အပြင် အနိမ့်ဆုံးလုပ်အားခ ကျပ် ၆၅၀၀ လောက်ကိုတောင် ညီမျှခြင်းချလို့မဆုံး၊ အရှုံးအမြတ်တွက်လို့ မပြီးနိုင်အောင် ဖြစ်တည်နေတာ တွေ့ရတယ်။ လုပ်အားကို ရောင်းကုန်လို သဘောထားနေရတဲ့ အလုပ်သမားတွေ အတွက်တော့ ဆင်းရဲမွဲတေမှုနဲ့ ငတ်မွတ်ခေါင်းပါးမှုတွေ ကြားမှာ နာလန်မထနိုင်မယ့် အတူတူ တစ်ပါးသူရဲ့ စေခိုင်းရာကို တို့အလုပ်သမားတွေက သွားလုပ်နေရဦးမှာ ဖြစ်တဲ့အတွက် လူစွမ်းအား အရင်းအမြစ်တွေလည်း ကုန်သလောက် ဖြစ်လာတော့မှာပါ” ဟု JACBA ဥက္ကဋ္ဌ ဦးမိုးကြိုးက ပြောကြားသည်။

၂၀၁၈ ခုနှစ် ဇန်နဝါရီတွင် အဆိုပါ ဥပဒေအသစ်ကို အကောင်အထည်ဖော်နိုင်ရန်အတွက် လာမည့် အပတ်များအတွင်း အမြန်ဆုံး အတည်ပြုနိုင်ရန် တင်ပြသွားမည်ဖြစ်ကြောင်း ထိုင်းနိုင်ငံ ကုန်သွယ်ရေးဆိုင်ရာ လုပ်ငန်းရှင်များ အသင်းမှ ဒုတိယဥက္ကဋ္ဌ မစ္စတာထနစ်ဆိုရတ်က ပြောကြားခဲ့ကြောင်း ထိုင်းနိုင်ငံ ဘက်မှလာသော သတင်းများအရ သိရသည်။

အနိမ့်ဆုံးနေ့စားခကို ၁၅ ဘတ် ခန့် တိုးမြှင့်လိုက်ခြင်းမှာ ထိုင်းနိုင်ငံ အစိုးရ၊ အလုပ်ရှင်၊ အလုပ်သမား ကိုယ်စားလှယ်များ အားလုံး၏ သဘောတူညီချက်အရဖြစ်ပြီး မြို့နယ်အလိုက် တိုးမြှင့်မှုမှာ အနည်းငယ် ကွာခြားမှု ရှိနိုင်ကြောင်း မစ္စတာထနစ်ဆိုရတ်က ဆိုသည်။

 

Most Read

Most Recent