ကုန်ဈေးနှုန်း မြင့်တက်မှု အပါအဝင် တစ်ခုခုဖြစ်တိုင်း အစိုးရကို အပြစ်တင်ခြင်းမှာ Mindset များ မပြောင်းလဲနိုင်သေးခြင်း သဘောသာဖြစ်ကြောင်း စီးပွား/ကူးသန်းဒုတိယဝန်ကြီး ဝေဖန်

ကုန်ဈေးနှုန်း မြင့်တက်မှု အပါအဝင် တစ်ခုခုဖြစ်တိုင်း အစိုးရကို အပြစ်တင်ခြင်းမှာ Mindset များ မပြောင်းလဲနိုင်သေးခြင်း သဘောသာဖြစ်ကြောင်း စီးပွား/ကူးသန်းဒုတိယဝန်ကြီး ဝေဖန်
Published 10 December 2017

ကုန်ဈေးနှုန်းများ မြင့်တက်မှုအပါအဝင် ကိစ္စတစ်ခုခုဖြစ်လာသည့်အချိန်တိုင်း အစိုးရကို အပြစ်တင်ခြင်းမှာ Mindset များ မပြောင်းလဲနိုင်သေးသည့် သဘောသာဖြစ်ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီး ဌာန ဒုတိယဝန်ကြီး ဦးအောင်ထူးက ဒီဇင်ဘာ ၉ ရက်တွင် ဝေဖန်ပြောကြားသည်။

အဆိုပါဝေဖန်ပြောကြားမှုကို လက်ရှိတိုင်းပြည်၏ စီးပွားရေးကျဆင်းနေမှုအဖြေရှာရန် ဆွေးနွေးသည့် ကုန်သည်စက်မှုအသင်းချူပ်၏ ဒီဇင်ဘာ ၉ ရက်တွင် ကျင်းပသော ညီလာခံတွင် အဖွင့်မိန့်ခွန်းပြောကြားရာ၌ ထည့်သွင်းပြောကြားခဲ့ခြင်းဖြစ်သည်။

မြန်မာနိုင်ငံအနေဖြင့် ယခင်က ဗဟိုထိန်းချုပ်မှုရှိခဲ့သည့် ဈေးကွက်ဖြင့် ရပ်တည်ခဲ့ရာမှ ဈေးကွက်စီးပွားရေးစနစ်သို့ အဆင့်ဆင့်ပြောင်းလဲခဲ့ပြီး လက်ရှိတွင် ပိုမိုလွတ်လပ်သည့် ဈေးကွက်စီးပွားရေးစနစ် (Liberal Market Economy) ဆီသို့ လျှောက်လှမ်းနေချိန်ဖြစ်ကြောင်း ဦးအောင်ထူးက ဆက်လက်ပြောကြားသည်။

ထိုသို့ ဗဟိုထိန်းချုပ်သည့်ဈေးကွက်စနစ် နှင့်အတူ Informal Market မှာလည်း ကြီးထွားလာခဲ့ပြီး ဈေးကွက်စီးပွားရေးစနစ် အောင်မြင်လာသည်နှင့်အမျှ Informal Market မှာ ပုံမှန်ဈေးကွက်စီးပွားရေးဘက်ဆီသို့ တဖြည်းဖြည်း ကူးပြောင်းလာကြောင်း ဦးအောင်ထူးက ပြောကြားသည်။

“ကျွန်တော်တို့က ဈေးကွက်စီးပွားရေးစနစ်ကို ကူးပြောင်းနေတယ်။ ဒါပေမဲ့ ကျွန်တော်နားမလည်တာက လူတွေက ဘာကြောင့် အစိုးရကိုပဲ အပြစ်တင်နေကြတာလဲ။ ကုန်ဈေးနှုန်းတက်တယ်။ တစ်ခုခုဖြစ်တယ်ဆိုတာနဲ့ “ဟာ အစိုးရ၊ အစိုးရ” ဆိုပြီး ဖြစ်တာဟာ ကျွန်တော်တို့ရဲ့ Mindset က မပြောင်းလဲ သေးဘူးဆိုတဲ့သဘော ဖြစ်ပါတယ်။ ဈေးကွက်စီးပွားရေးစနစ်မှာ ဈေးကွက်ကိုလွှမ်းမိုးတာက အစိုးရ မဟုတ်ပါဘူး။ ဝယ်လိုအားနဲ့ ရောင်းလိုအားဆိုတဲ့ ဈေးကွက်အင်အားစု ဖြစ်ပါတယ်” ဟု ဦးအောင်ထူးက ပြောကြားသည်။

ဈေးကွက်စီးပွားရေးစနစ်တွင် အစိုးရတာဝန်များမှာ အဆိုပါဈေးကွက်စီးပွားရေးစနစ် ချောချောမွေ့မွေ့အောင်မြင်ရန် ကူညီထောက်ပံ့ခြင်းသာဖြစ်ကြောင်း၊ လွှတ်တော်တွင် စီးပွားကူးသန်းဝန်ကြီး ဒေါက်တာသန်းမြင့်အား ကုန်ဈေးနှုန်းကျအောင် ဘယ်လိုလုပ်ပေးနိုင်မလဲဟု မေးမြန်းခံခဲ့ရကြောင်း၊ ဝန်ကြီးအနေဖြင့် ဘာမျှလုပ်ပေးနိုင်မည်မဟုတ်ကြောင်း ဦးအောင်ထူးက ပြောကြားသည်။

ထို့ပြင် ဘောဂဗေဒပညာရှင် အဒမ်စမစ်၏ စကားကို ကိုးကားမည်ဆိုပါက စီးပွားရေးတက်ခြင်း၊ ကျခြင်းဆိုသည်မှာ အစိုးရတာဝန်ဆိုခြင်းထက် စီးပွားရေးစနစ်တွင် ပါဝင်ကြသည့် လူတိုင်းလူတိုင်း တာဝန်သာဖြစ်ကြောင်း ဦးအောင်ထူးက ပြောကြားသည်။

“ဈေးကွက်မှာ ဈေးတွေတက်လာရင် ထုတ်လုပ်သူတွေက တိုးချဲ့ထုတ်လုပ်မယ်။ ဈေးတက်လာရင် ဝယ်ယူသူတွေကလည်း လျှော့ဝယ်ကြမယ်။ ဝယ်လိုအားနဲ့ ရောင်းလိုအား မျှလာပြီဆိုရင် ဈေးကွက်ဟာ စွမ်းဆောင်ရည်အပြည့်ဆုံးဖြစ်လာမယ်။ ဒါကြောင့်မို့ ငယ်ငယ်က ကျောင်းမှာသင်ခဲ့ရတဲ့ အဒမ်စမစ်လို့ခေါ်တဲ့ ဘောဂဗေဒပညာရှင်ကြီးပြောကြားတဲ့စကားကို ကျွန်တော် အမြဲတမ်းအမှတ်ရနေပါတယ်။ “လူတွေဟာ အတ္တတွေပဲ။ လူတွေဟာ အတ္တတွေဖြစ်တာမို့ အတ္တအကျိုးစီးပွားကို ဆောင်ရွက်ကြမယ်။ ဒါပေမဲ့ စီးပွားရေးစနစ် တစ်ခုတည်းမှာ လူတိုင်းလူတိုင်းဟာ မိမိရဲ့ အတ္တအကျိုးစီးပွား၊ မိမိရဲ့အကျိုးစီးပွားကို အကောင်းဆုံးဆောင်ရွက်ကြမယ်ဆိုရင် တစ်ဦးချင်းတစ်ဦးချင်း ပေါင်းစည်းထားတဲ့ တိုင်းပြည်ရဲ့ ဓနအင်အားဟာ တိုးတက်လာမှာပဲ” လို့ ပြောခဲ့ပါတယ်” ဟု ဦးအောင်ထူးက ဆက်လက်ပြောကြားသည်။

Most Read

Most Recent