<

နိုင်ငံခြားသို့ အလုပ်သွားလုပ်ရန် ဆိုင်ကယ် ကယ်ရီဖြင့် ခိုးထုတ်လာသည့် ဘင်္ဂါလီနှစ်ဦးအား ပန်းတောင်းမြို့နယ် န၀ဒေးတံတား အနောက်ဘက်ဂိတ်တွင် ဖမ်းဆီးရမိ

နိုင်ငံခြားသို့ အလုပ်သွားလုပ်ရန် ခိုးထုတ်လာသည့် ဘင်္ဂါလီနှစ်ဦးအား ပဲခူးတိုင်းဒေသကြီး (အနောက်ပိုင်း)၊ ပြည်ခရိုင်၊ ပန်းတောင်းမြို့နယ်၊ န၀ဒေးတံတား အနောက်ဘက်ဂိတ်တွင် ဖမ်းဆီးရမိခဲ့ကြောင်း သတင်း ရရှိသည်။

အဆိုပါ န၀ဒေးတံတားအနောက်ဘက်ဂိတ်တွင် ရဲတပ်ဖွဲ့နှင့် သက်ဆိုင်ရာဌာနဆိုင်ရာများ၊ ရပ်ကျေးအုပ်ချုပ်ရေးမှူးတို့ ပါဝင်သည့် ပူးပေါင်းအဖွဲ့သည် ဒီဇင်ဘာ ၈  ရက် ည ၉ နာရီခွဲကျော်ခန့်က  တောင်ကုတ်ဘက်မှ ပြည်မြို့ဘက်သို့ မောင်းနှင်လာသည့် မော်တော်ယာဉ်နှင့် ဆိုင်ကယ်များကို ပိတ်ဆို့ စစ်ဆေးဆောင်ရွက်နေစဉ် နံပါတ်ပြားမပါသည့် ဆိုင်ကယ်နှစ်စီးအား စစ်ဆေးရာက နိုင်ငံခြားတွင် အလုပ်သွားလုပ်ရန်အတွက် ဆိုင်ကယ်ကယ်ရီဖြင့် ခိုးထုတ်လာသော ဘင်္ဂါလီနှစ်ဦးအား ဖမ်းဆီးရမိခဲ့ခြင်းဖြစ်ကြောင်း န၀ဒေးတံတား ရဲကင်းက သိရသည်။

“ဖမ်းမိတာက စစ်ရင်းနဲ့တွေ့တယ် ပုံမှန်လုပ်နေကျအတိုင်း လုပ်တယ်ပေါ့။ လုပ်တဲ့အချိန်မှာ မိတယ်ပေါ့။ အမှုဖွင့်တာကိုတော့ ပန်းတောင်းရဲစခန်းမှာ ဖွင့်မယ်။ ဘင်္ဂါလီကတော့ လ၀ကအက်နဲ့ ကယ်ရီသမားကတော့ ရာဇသတ်ကြီး ဥပဒေအတိုင်း အမှုဖွင့်မယ်” ဟု န၀ဒေးရဲကင်း ရဲခန်းမှူး ဒုရဲအုပ်မျိုးဇော်က ပြောကြားသည်။

ဖမ်းဆီးရမိသည့် ဘင်္ဂါလီနှစ်ဦးမှာ ရခိုင် ပြည်နယ်၊ မင်းပြားမြို့နယ်၊ တရုတ်ကျေးရွာနေ မာမွတ်ဆော်လိမ် (၁၄)နှစ်၊ ရှော်ဘူအာလောင်(၁၅)နှစ်တို့ဖြစ်ပြီး မလေးရှားနိုင်ငံသို့ အလုပ်သွားလုပ်ရန် ဒီဇင်ဘာ ၃ ရက်ကတည်းက နေရပ်မှထွက်ခွာလာခဲ့ပြီး ဆိုင်ကယ်ကယ်ရီ ဖြင့် အဆင့်ဆင့်လာရောက်ကာ ပဒါန်းပူးပေါင်း စစ်ဆေးရေးဂိတ်အနီး ဆည်တစ်ခုနားတွင် (၄) ရက်ခဲ့ တောတွင်းနေခဲ့ရပြီး ယခုအတူ ဖမ်းဆီးခံထားရသည့် မောင်မောင်သန်း(၃၄) နှစ် ချင်းလူမျိုး (ဗုဒ္ဓဘာသာ) နှင့် ဖြိုးလင်းနိုင် (၁၇)နှစ် ချင်းလူမျိုး(ဗုဒ္ဓဘာသာ)တို့က ဆိုင်ကယ်ဖြင့် ခေါ်ဆောင်လာခဲ့ပြီး ဖမ်းဆီး ခံခဲ့ရခြင်းဖြစ်ကြောင်း မင်းပြားမြို့နယ် ဘင်္ဂါလီလူမျိုးများကို ပြည်တွင်းသို့ ပို့ဆောင်ပေးနေသော ပွဲစားတစ်ဦး (ဘင်္ဂါလီ)နှင့် မောင်မောင်သန်းမှာ အဆက်အသွယ်ရှိပြီး ယခင်ကလည်း ဘင်္ဂါလီနှစ်ဦးကို ရန်ကုန်သို့ ဆိုင်ကယ် ကယ်ရီ ပို့ဆောင်ပေးဖူးကြောင်း ပဒါန်းမြို့မှ ရန်ကုန်မြို့သို့ တစ်ဦးလျှင် ၁၃ သိန်းဖြင့် ပို့ ဆောင်ပေးခြင်းဖြစ်ကြောင်း သိရသည်။

အဆိုပါဖမ်းဆီးရမိသူများအနက် မောင်မောင်သန်းနှင့် ဖြိုးလင်းနိုင်တို့အား န၀ဒေး ရဲကင်းရဲစခန်းမှူး ဒုရဲအုပ်မျိုးဇော်က တရားလိုပြုလုပ်ကာ ပန်းတောင်းမြို့မရဲစခန်းတွင် (ပ)၁၉၂/၂၀၁၇ ရာဇသတ်ကြီး ပုဒ်မ-၃၆၇ ဖြင့် အမှုဖွင့်ထားပြီး ဘင်္ဂါလီနှစ်ဦးဖြစ်သည့် မာမွတ်ဆော်လိမ်နှင့် ရှော်ဘူအာလောင်တို့ အား ပန်းတောင်းမြို့နယ် လ၀ကဦးစီးမှူး ဦးတွန့်ခန့်ဒါး ၁၉၄၉ ခုနှစ် ပြည်ထောင်စု မြန်မာနိုင်ငံအတွင်း နေထိုင်သူများ မှတ်ပုံတင်ရေး ဥပဒေပုဒ်မ ၆(၂)/၆(၃) ဖြင့် တရားရုံး ဦးတိုက်လျှောက် တရားစွဲဆိုသွားမည်ဖြစ် ကြောင်း သိရသည်။

December 9, 2017














Copy Protected by Chetan's WP-Copyprotect.