ပခုက္ကူဒေသတစ်ဝိုက်ရှိ နှမ်းစိုက်တောင်သူများ သီးနှံရိတ်သိမ်းခြွေလှေ့ချိန်တွင် အချိန်အခါမဲ့ မိုးရွာသွန်းမှုကြောင့် သီးနံှပျက်စီးမှုနှင့် အရည်အသွေးကျဆင်းမှုများ ကြုံတွေ့နေ

ပခုက္ကူဒေသတစ်ဝိုက်ရှိ နှမ်းစိုက်တောင်သူများ သီးနှံရိတ်သိမ်းခြွေလှေ့ချိန်တွင် အချိန်အခါမဲ့ မိုးရွာသွန်းမှုကြောင့် သီးနံှပျက်စီးမှုနှင့် အရည်အသွေးကျဆင်းမှုများ ကြုံတွေ့နေ
Published 10 December 2017

မြိုင်မြို့နယ် ကျောက်ဆောက်ကျေးရွာမှ တောင်သူများ ရိတ်သိမ်းပြီး နှမ်းပင်များကို စုပုံထားစဉ်

ပခုက္ကူဒေသတစ်ဝိုက်ရှိ နှမ်းစိုက် တောင်သူများ သီးနှံရိတ်သိမ်းခြွေလှည့်ချိန် ယခု ဒီဇင်ဘာလ ဒုတိယပတ်တွင် အချိန်အခါမဲ့ မိုးရွာသွန်းမှုကြောင့် သီးနံှပျက်စီးမှုနှင့် အရည်အသွေး ကျဆင်းမှုများ ကြုံတွေ့နေရကြောင်း ဒေသခံတောင်သူများထံမှ သိရသည်။

ရိတ်သိမ်းရန်ကျန်ရှိသေးသည့် နှမ်း စိုက်ခင်းများမှာ မိုးရွာသွန်းမှု ရက်ရှည်ကြုံတွေ့ရပါက သီးနှံပျက်စီးမှု ပိုမိုကြုံတွေ့ရနိုင်ပြီး လက်ရှိသီးနှံဖြစ်ထွန်းမှု အခြေအနေနှင့် ဈေးကွက်ပေါက်ဈေးနှုန်းအရ တောင်သူများ အကျိုးအမြတ်ရရန် မလွယ်ကူကြောင်း သိရသည်။

“ခုက နှမ်းတွေရိတ်နေတုန်း တချို့လည်း ရိတ်ပြီးလို့ တလင်းထဲမှာ ထောင်ထားတုန်း။ မိုးမိလိုက်တော့ မရိတ်ရသေးတဲ့ နှမ်းတွေလည်း အစိုဓာတ်ဝင်ပြီး အရောင်တွေပျက်နိုင်တယ်။ ပျက်ဖို့ သေချာသလောက်ပဲ။ တလင်းထဲရောက်နေတဲ့ ရိတ်ပြီးသားနှမ်းတွေလည်း မိုးကာအုပ်ထားရတော့ အပေါ်က အစိုဓာတ်ရယ် အောက်ကမြေငွေ့ရယ်နဲ့ အပူမိပြီး အရောင်တွေပျက် ။ အနံ့တွေ ထွက်လာတယ်။ ပွဲရုံသွားရောင်းတဲ့အခါ ဈေးကောင်း မရဘူး။ အရောင်မလှရင် အောက်ဆုံးဈေးနဲ့ အဖြတ်ခံရတာ” ဟု မြိုင်မြို့နယ် ကျောက်ဆောက်ကျေးရွာမှ တောင်သူဦးတင့်လွင်က ပြောသည်။

လက်ရှိရိတ်သိမ်းနေသည့် နှမ်းသီးနှံမှာ ပြီးခဲ့သည့် စက်တင်ဘာလဆန်းပိုင်းက စတင်စိုက်ပျိုးခဲ့ခြင်းဖြစ်ပြီး သီးနှံဖြစ်ထွန်းချိန်တွင် မိုးလုံလောက်စွာ ရရှိခဲ့သည့်အတွက် သီးနှံ အထွက်နှုန်းကောင်းမွန်မည်ဟု ခန့်မှန်းထားသော်လည်း ရိတ်သိမ်းချိန်တွင် အချိန်အခါမဲ့ မိုးရွာသွန်းမှု ကြုံတွေ့နေရခြင်းဖြစ်ကြောင်း သိရသည်။

“နှမ်းတွေက အတော်များများရိတ်ထားပြီးသားဆိုတော့ တလင်းထဲရောက်ကုန်ပြီ။ အခုလို မိုးက ရုတ်တရက်ရွာလိုက်တော့ မိုးကာတွေနဲ့ အုပ်ရတာပေါ့။ မအုပ်နိုင်တဲ့ နှမ်းတွေကတော့ ဒီတိုင်းပဲ ပစ်ထားလိုက်ရတယ်။ လက်ရှိအတိုင်း ရက်ရှည်ရင် တောင်သူမှာ သိန်းချီ ဆုံးရှုံးမှာပါ။ နှမ်းနက်က စိုက်ပျိုးစရိတ် အရင်းအနှီးကြီးပါတယ်။ တစ်တင်းကို လေးသောင်းကျော်လောက်မှ မရောင်းရရင် တောင်သူ အဆင်မပြေပါဘူး” ဟု နှမ်းစိုက်တောင်သူ ကိုအောင်မြင့်သန်းက ပြောကြားသည်။

အချိန်အခါမဲ့ မိုးရွာသွန်းမှုကြောင့် နှမ်းများ အလျင်အမြန်ရိတ်သိမ်းနေရပြီး ယာစိုက်ပျိုးရေးလုပ်ကိုင်ရာ ကျေးလက်ဒေသများတွင် လုပ်သားရှားပါးလာခြင်းနှင့် ရိတ်သိမ်းချိန် လုပ်သားအပြိုင်အဆိုင် ခေါ်ယူခြင်းများကြောင့် တစ်နှစ်ထက်တစ်နှစ် လုပ်သားခ မြင့်တက်လာကြောင်း တောင်သူများထံမှ သိရသည်။

ပခုက္ကူသီးနှံဈေးကွက်အတွင်း ဒီဇင်ဘာ ၉ ရက်တွင် နှမ်းနက်စမှုံတစ်တင်းလျှင် ကျပ် ၃၄၀၀၀- ၃၆၀၀၀ -၃၇၀၀၀ - ၄၁၀၀၀၊ နှမ်းနက်(ဂွ)တစ်တင်းလျှင် ကျပ် ၃၃၀၀၀ ဖြင့် ရောင်းဝယ်လျက်ရှိပြီး ယခုနှစ်နှမ်းဈေးနှုန်း မှာ ယခင်နှစ် နှမ်းဈေးနှုန်းများနှင့် နှိုင်းယှဉ်ပါက ဈေးနှုန်းအနည်းငယ် ကျဆင်းနေကြောင်း တောင်သူများထံမှ သိရသည်။

“နှမ်းအဝင်များနေပါတယ်။ တစ်နေ့ အိတ်အပိုင်း ၃၀၀၀ ဝန်းကျင်ပါတယ်။လက်ရှိ ဈေးကွက်က ဈေးမကောင်းဘူးဆိုရင်တောင် ကျတဲ့ဘက်မပါဘူး။ ဈေးသင့်ပါတယ်။ တရုတ်ဝယ်လက်တွေ အဓိကဝယ်နေပြီး ရန်ကုန်သမားလည်း ခပ်သင့်သင့် ဝယ်ပါတယ်” ဟု လက်ရှိမိုးကြောင့် တောင်သူတွေအတွက် အခက်အခဲရှိနိုင်ပါတယ်” ဟု ပခုက္ကူမြို့ ပွဲရုံ လုပ်ငန်းရှင် ကိုစိန်လွင်က ပြောကြားသည်။

ဘင်္ဂလားပင်လယ်အော် အနောက်အလယ်ပိုင်းတွင် ဖြစ်ပေါ်နေသော မုန်တိုင်းငယ် (Depression) အရှိန်ကြောင့် မြန်မာနိုင်ငံတွင်း ပြည်နယ်နှင့် တိုင်းဒေသကြီးများတွင် မိုးရွာသွန်းမှုဟု မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက သတင်းထုတ်ပြန်ထားသည်။

 

 

Most Read

Most Recent