ရွှေသံလွင် ဟိုင်းဝေးကုမ္ပဏီ၏ ကတိကဝတ်ပျက်ယွင်းမှု၊ ပြည်နယ်အစိုးရ၏ တာဝန်ယူ ညှိနှိုင်းဖြေရှင်းပေးမှု မရှိခြင်းကြောင့် အလုပ်မှ ရပ်စဲခံရသည့် စက္ကူစက်ရုံ (စစ်တောင်း) မှ ဝန်ထမ်းများ ဆန္ဒထုတ်ဖော်

ရွှေသံလွင် ဟိုင်းဝေးကုမ္ပဏီ၏ ကတိကဝတ်ပျက်ယွင်းမှု၊ ပြည်နယ်အစိုးရ၏ တာဝန်ယူ ညှိနှိုင်းဖြေရှင်းပေးမှု မရှိခြင်းကြောင့် အလုပ်မှ ရပ်စဲခံရသည့် စက္ကူစက်ရုံ (စစ်တောင်း) မှ ဝန်ထမ်းများ ဆန္ဒထုတ်ဖော်
Published 10 December 2017

ရွှေသံလွင်ဟိုင်းဝေးကုမ္ပဏီမှ ကတိကဝတ် ပျက်ယွင်းမှု၊ ပြည်နယ်အစိုးရမှ တာဝန်ယူညှိနှိုင်းဖြေရှင်းပေးခြင်း မရှိခြင်းကြောင့် လက်ရှိအလုပ်အကိုင်မှ ရပ်ဆိုင်းခံရသည့် စက္ကူစက်ရုံ (စစ်တောင်း) မှ ဝန်ထမ်း ၂၄၀ ခန့်က ဒီဇင်ဘာ ၉ ရက် နံနက် ၈ နာရီတွင် မွန်ပြည် နယ် ကျိုက်ထိုမြို့နယ် သိမ်ဇရပ်မြို့၌ ဆန္ဒထုတ်ဖော်ခဲ့ကြသည်။

“ဒီစက်ရုံက ရွှေသံလွင်ကုမ္ပဏီက လွှဲပြောင်းပြီးတော့ လုပ်ကိုင်တဲ့အချိန် အရင်အစိုးရ လက်ထက်ကစပြီးတော့ ကတိကဝတ်တွေ အများကြီး ကျွန်တော်တို့ဝန်ထမ်းတွေကို ပေးခဲ့ပြီးမှ ကျွန်တော်တို့ နိုင်ငံ့ဝန်ထမ်းကနေ ကုမ္ပဏီဝန်ထမ်း ဖြစ်ခဲ့ရတယ်။ ကုမ္ပဏီက လည်း ဘာတွေပြောခဲ့လဲဆိုလို့ရှိရင် သူတို့ ကုမ္ပဏီမှာ စစ်တောင်းစက္ကူစက်က ဝန်ထမ်းတွေ အလုပ်ကို စဉ်ဆက်မပြတ် လုပ်ခွင့်ရမယ်။ နောက်ဆုံး ဘယ်လိုပြောခဲ့လဲဆိုရင် အသက် ၆၀ ပြည့်တဲ့အထိကို တာဝန်ထမ်းဆောင်ခွင့်ရမယ်။ နောက်ပြီးတော့ သူတို့ကုမ္ပဏီကြောင့် ဒီကဝန်ထမ်းတွေ နစ်နာသွားတာ။ အလုပ်ပြုတ်သွားတာ။ ဒုက္ခရောက်သွားတာ မဖြစ်စေရဘူးလို့ ပြောခဲ့ပါတယ်။ အခု ကျွန်တော်တို့ ဆန္ဒထုတ်ဖော်တာကလည်း အဲဒီ ကတိကဝတ်တွေကို ပြောခဲ့ပြီးမှ အမှတ်မထင် လစာတွေ ရပ်ဆိုင်းတယ်။ ဥပဒေအတိုင်း နစ်နာကြေးကိုပေးပြီး လစာတွေ ရပ်ဆိုင်းမယ်ဆိုပြီး လုပ်တော့ ဒီကိစ္စအပေါ် ကျွန်တော်တို့ ဝန်ထမ်းထုက ကျေလည်မှုမရှိဘူး။ ဒါကြောင့် ကျွန်တော်တို့က ဆန္ဒထုတ်ဖော်ရတာ ဖြစ်ပါတယ်” ဟု ယခင် စက္ကူစက် (စစ်တောင်း) တွင် အလုပ်ရုံ စိတ်မှူးအဖြစ် တာဝန်ထမ်းဆောင်ခဲ့သူ ဦးဆန်းဝင်းက ပြောကြားသည်။

“ကျွန်တော်တို့ ဖြစ်ချင်တဲ့ဆန္ဒကတော့ အခု ကုမ္ပဏီဘက်ကပေးတဲ့ နစ်နာကြေးဆိုတာကို လက်မခံနိုင်ဘူး။ ကျွန်တော်တို့ကို ကုမ္ပဏီက ကတိကဝတ်ပြုထားခဲ့တဲ့အတိုင်း လုပ်ငန်းတစ်ခု အကောင်အထည်မဖော်မချင်း လစာခံစားခွင့် ပေးထားရမယ်။ ဒါလေးတွေ ကျွန်တော်တို့ ပြောထားတာရှိပါတယ်။ မွန်ပြည်နယ် အစိုးရအနေနဲ့ကလည်း ဒီစစ်တောင်း စက္ကူစက်မှာ လုပ်ငန်းတစ်ခု အမြန်ဆုံး အကောင်အထည်ဖော်ပေးဖို့ဆန္ဒ ကျွန်တော်တို့မှာ ရှိပါတယ်။ ဒါမှလည်း ဒီဒေသမှာ အလုပ်အကိုင်အခွင့်အလမ်းတွေ ပြန်ပေါ်လာမယ်။  ဒါမှလည်း ဒီဒေသမှာ တစ်ဦးချင်းဝင်ငွေတွေ ရှိလာမယ်ပြီးတော့ မိသားစုဘဝတွေရဲ့ ရှေ့ရေးရပ်တည်လို့ရသွားမှာ ဖြစ်ပါတယ်” ဟု ဦးဆန်းဝင်းက ဆက်လက်ပြောကြားသည်။

“ရွှေသံလွင်ကုမ္ပဏီက နိုဝင်ဘာ ၂၉ ရက်မှာ နို့တစ်စာသုံးစောင် ကပ်ပြီးတော့ နိုဝင်ဘာ ၃၀ ရက်မှာ နောက်ဆုံးလစာအဖြစ် သတ်မှတ်ပြီးတော့ နစ်နာကြေးအဖြစ် သုံးလစာ ပေးပြီးတော့ အလုပ်ကနေ ရပ်ဆိုင်းခိုင်းပါတယ်။ ကျွန်မတို့က ကုမ္ပဏီဝန်ထမ်း စစ်စစ် မဟုတ်ဘူး။ ရွှေသံလွင်ကုမ္ပဏီမှာ တိုက်ရိုက် အလုပ်လျှောက်ပြီးတော့ အလုပ်ဝင်လာတဲ့ ကုမ္ပဏီဝန်ထမ်းစစ်စစ် မဟုတ်ဘူး။ အစိုးရဝန်ထမ်းဘဝကနေပြီးတော့ ရွှေသံလွင်ကုမ္ပဏီကို အသွင်ပြောင်းဝန်ထမ်းအဖြစ် ကူးပြောင်းခဲ့ရတဲ့ ဝန်ထမ်းတွေဖြစ်တဲ့အတွက် ဒါကို နစ်နာကြေး ငါးလစာပေးပြီး အလုပ်ထုတ်တာကို ကျွန်မတို့က လက်မခံနိုင်ဘူး။ ဒါပေမဲ့ လက်ရှိ ကျွန်မတို့ဝန်ထမ်းတွေမှာ နို့တစ်ကြေး တစ်လစာဆိုပြီးတာ့ အချိန်တစ်လ ရှိသေးတယ်။ ကျွန်မတို့ ဒီအချိန် တစ်လအတွင်းမှာ ဝန်ထမ်းတွေ အဆင်ပြေအောင် လှုပ်ရှားသွားမှာဖြစ်ပါတယ်” ဟု ယခင်စက်ရုံမန်နေဂျာအဖြစ် တာဝန်ထမ်းဆောင်ခဲ့သူ ဒေါ်စုစုလှိုင်က ပြောကြားသည်။

“လက်ရှိမှာ ဝန်ထမ်းတွေက အလုပ်ရပ်ဆိုင်းသွားပြီဆိုတော့ နောက်လကစပြီး ဝန်ထမ်းအားလုံးက ကစင့်ကလျားဖြစ်ကုန်မယ်။ ကျွန်မတို့မှာက တစ်ဦးတစ်ယောက်တည်းရဲ့ ဘဝရပ်တည်မှု မဟုတ်ဘူး။ စက်ရုံဝန်ထမ်း ၄၇၃ ယောက်နဲ့ နောက်မှာ မိသားစုကလည်း ရှိသေးတယ်။ အခု ပြည်နယ်အစိုးရက ဒီစက်ရုံကို ပြန်လက်ခံလိုက်တယ်ဆိုတဲ့အတွက် ပြည်နယ်အစိုးရမှာ တာဝန်လုံးလုံးလျားလျား ရှိပါတယ်။ သူတို့အနေနဲ့ကလည်း တာဝန်ယူ ဖြေရှင်းပေးရမှာဖြစ်ပါတယ်။ ပြည်နယ်အစိုးရကနေ ဒီစက်ရုံ ထိန်းသိမ်းကြပ်မတ်ဖို့အတွက် ကော်မတီတစ်ခု ဖွဲ့ပေးခဲ့တယ်ဆိုပေမယ့် ကျွန်မတို့ ဝန်ထမ်းတွေ မသိရဘူး။ ဝန်ထမ်းတွေနဲ့လည်း ဘာမှဆွေးနွေးတာတွေမရှိဘူး။ သူတို့ဟာသူတို့ စက်ရုံအနေအထားကိုကြည့်သွားတာပဲ ရှိတယ်။ ကျွန်မတို့ဝန်ထမ်းတွေနဲ့ ဆွေးနွေးခြင်း၊ ညှိနှိုင်းခြင်း ဘာမှမရှိပါဘူး”  ဟု ဒေါ်စုစုလှိုင်က ဆက်လက်ပြောကြားသည်။

အဆိုပါစက္ကူစက်ရုံ (စစ်တောင်း) မှ ဝန်ထမ်းများက ဆန္ဒထုတ်ဖော်မှုကို စက်ရုံအဝင်၀ ဂိတ်ရှေ့မှ သိမ်ဇရပ်မြိ့ နဝရတ်ရပ်ကွက်ရှိ ပြည်သူ့အားကစားဝင်းအထိ 'ဒေသ အလုပ်အကိုင်ရရှိရေး ဒို့အရေး၊ အိမ်ရာနေထိုင်မှု ခိုင်မြဲရေးဒို့အရေး၊ လစာမပြတ်ရရှိရေး ဒို့အ ရေး၊ ပြည်နယ်အစိုးရအဖွဲ့မှ ညှိနှိုင်းပေးရေး ဒို့အရေး၊ ရွှေသံလွင်ကုမ္ပဏီ၏ ပျက်ကွက်မှုအား အရေးယူပေးရေး ဒို့အရေး' စသည့်ကြွေးကြော်သံများ ကြွေးကြော်ကာ လမ်းလျှောက်ချီတက် ဆန္ဒထုတ်ဖော်ခဲ့ကြသည်။

 

Most Read

Most Recent