ပြည်တွင်းရွှေအရောင်းအဝယ်ပြုလုပ်ရာတွင် ရွှေတစ်ကျပ်သား ၁၆ ဒသမ ၆၀၆ ဂ၇မ် ရှိရမည်ဟု သတ်မှတ်

ပြည်တွင်းရွှေအရောင်းအဝယ်ပြုလုပ်ရာတွင် ရွှေတစ်ကျပ်သား ၁၆ ဒသမ ၆၀၆ ဂ၇မ် ရှိရမည်ဟု သတ်မှတ်
Published 10 December 2017

ပြည်တွင်းရွှေအရောင်းအဝယ်ပြုလုပ်ရာတွင် ရွှေတစ်ကျပ်သားလျှင် ၁၆ ဒသမ ၆၀၆ ဂရမ်ရှိရမည်ဖြစ်ကြောင်း ဒီဇင်ဘာ ၉ ရက်ကပြုလုပ်သည့် မြန်မာနိုင်ငံ ရွှေလုပ်ငန်းရှင်များအသင်း (၁၅) ကြိမ်မြောက် နှစ်ပတ်လည်အသင်းသား စုံညီအစည်းအဝေးမှ သိရသည်။

“ကျွန်တော်တို့နိုင်ငံမှာ ချိန်တွယ်တဲ့အခါမှာ တစ်နေရာမှာနဲ့တစ်နေရာချိန်တွယ်တဲ့ အလေးချင်းမတူဘူး။ ရန်ကုန်မှာဝယ်တဲ့တစ်ကျပ်သားကို မန္တလေးမှာ၊ တောင်ကြီးမှာချိန်ရင် အလေးချိန်မတူဘူး။ တစ်နေရာနဲ့တစ်နေရာဝယ်တဲ့ အလေးချိန်ချင်းမတူတဲ့အခါ ကျွန်တော်တို့က စံတစ်ခုတစ်နိုင်ငံလုံးဖြစ်ချင်တယ်။ ဖြစ်ချင်တဲ့အခါ တစ်ကျပ်သားကို ၁၆ ဒသမ ၆၀၆ ဂ၇မ်ရှိရမယ်လို့ ကျွန်တော်တို့က သတ်မှတ်လိုက်တယ်။ အဲဒီလိုသတ်မှတ်ရတဲ့အကြောင်းရင်းက တစ်နိုင်ငံလုံးကို ဘယ်နေရာပဲသွားဝယ်သွားဝယ် ဒီတစ်ကျပ်သားကိုဝယ်ရင် ဒီစံဒီအလေးချိန်အတိုင်း ရှိကိုရှိရမယ်။ အဲဒီလိုစံပေါ့။ ပထမသတ်မှတ်လိုက်တာ။ ဒါအလေးချိန်ပဲ” ဟု မြန်မာနိုင်ငံရွှေလုပ်ငန်းရှင်များအသင်းဥက္ကဌ ဦးကျော်ဝင်းက မီဒီယာများ၏ မေးမြန်းမှုကိုဖြေကြားသည်။

ထို့ပြင် ပြည်တွင်း၌ ရွှေရောင်းဝယ်ရာတွင် တိကျသည့်အရည်သွေးသတ်မှတ်ချက်ရှိရန် လိုအပ်သည့်အတွက် ရောင်းဝယ်မည့်ရွှေများ၏ အရည်အသွေးမှာ ၁၉ ဒသမ ၂၅ သိပ်သည်းစ (Density) ရှိရမည်ဟု သတ်မှတ်ထားကြောင်း သိရသည်။

“အဲဒီတော့ ကွာလတီပြည့်တဲ့အနေအထားက နိုင်ငံတကာမှာတော့ ၉ လေးလုံးပေါ့၊ ၉ လေးလုံးက ကျွန်တော်တို့ Density နဲ့တိုင်းတော့ ၁၉ ဒသမ ၃၁၊ ၃၂ စသဖြင့်ရှိပါတယ်။ သို့သော်လည်း ကျွန်တော်တို့နိုင်ငံက ဒီလောက်ထိ နည်းပညာအဆင့်မရှိသေးဘူး။ မရှိသေးတော့ ၁၉ ဒသမ ၃၁၊ ၃၂ လောက်သတ်မှတ်လိုက်ရင် သန့်စင်ရေးမှာ အခက်အခဲရှိတဲ့အတွက် ရွှေနဲ့စံမီရမယ်။ ကွာလတီလည်းမီရမယ်။ နိုင်ငံတကာလည်း တိုးလို့ရအောင် အနည်းဆုံးအဆင့်က ၁၉ ဒသမ ၂၅ ရှိရမယ်ဆိုပြီးမှ သတ်မှတ်လိုက်တာ။ ၁၉ ဒသမ ၂၅၊ ၂၆၊ ၂၇၊ ၂၈ စသဖြင့် အဲဒီလောက်ရှိမှ စံလို့သတ်မှတ်လို့ရတာ” ဟု ဦးကျော်ဝင်းက ဆက်လက်ပြောကြားသည်။

သတ်မှတ်ထားသည့် အလေးချိန် စံချိန်စံညွှန်းနှင့် အရည်အသွေး စံချိန်စံညွှန်းများအတိုင်းရောင်းချရန် ပြည်နယ်နှင့်တိုင်းဒေသကြီးအားလုံးရှိ ရွှေလုပ်ငန်းရှင်များအသင်းနှင့် ရွှေလုပ်ငန်းရှင်များအား အကြောင်းကြားထားပြီးဖြစ်ကြောင်း သိရသည်။

နိုင်ငံတကာနှင့် ရွှေရောင်းဝယ်ရာတွင် ပိုမိုအဆင်ပြေစေရန် မြန်မာ့ရွှေဈေးကွက်အတွင်း အသုံးပြုနေသည့် ကျပ်၊ ပဲ၊ ရွေးစနစ်ဖြင့် ရောင်းချမှုမှ နိုင်ငံတကာသုံး စံချိန်စံညွှန်းဂရမ်စနစ်သို့ ပြောင်းလဲနိုင်ရန် ပြီးခဲ့သည့်အောက်တိုဘာလကုန်ပိုင်းက ရန်ကုန်မြို့ရှိ ကုန်သည်စက်မှုအသင်းချုပ်တွင် ရွှေလုပ်ငန်းရှင်များ တွေ့ဆုံဆွေးနွေးခဲ့ပြီး အစိုးရထံတင်ပြခဲ့ကြောင်း သိရသည်။

Most Read

Most Recent