ကမ္ဘာ့ရွှေဈေး တစ်ပတ်အတွင်း ၂ ဒသမ ၅ ရာခိုင်နှုန်း ကျဆင်းပြီး လေးလတာအတွင်း အနိမ့်ဆုံးဈေးရောက်ရှိကာ ပြည်တွင်းရွှေဈေး ကျပ် ၉၁၀၀၀၀ ကျော်သို့ ထိုးဆင်း

ကမ္ဘာ့ရွှေဈေး တစ်ပတ်အတွင်း ၂ ဒသမ ၅ ရာခိုင်နှုန်း ကျဆင်းပြီး လေးလတာအတွင်း အနိမ့်ဆုံးဈေးရောက်ရှိကာ ပြည်တွင်းရွှေဈေး ကျပ် ၉၁၀၀၀၀ ကျော်သို့ ထိုးဆင်း
Published 9 December 2017

ကမ္ဘာ့ရွှေဈေးသည် ဒီဇင်ဘာလဆန်းကတည်းက အားပျော့လျက်ရှိရာ တစ်ပတ်အတွင်း ၂ ဒသမ ၅ ရာခိုင်နှုန်း ကျဆင်းပြီး လေးလတာအတွင်း အနိမ့်ဆုံးဈေး ရောက်ရှိကာ ပြည်တွင်းရွှေဈေးသည် ဒီဇင်ဘာ ၈ ရက်တွင် ကျပ် ၉၁၀၀၀၀ ကျော်သို့ ထိုးဆင်းခဲ့ကြောင်း ရွှေရောင်းဝယ်သူများထံမှ သိရသည်။

“ကမ္ဘာ့ရွှေဈေးကျလို့ ၉၁၀၀၀၀ ကျော် ထိုးဆင်းလာတာပါ။ လိုင်းကိုက်တော့ ကီလိုပြားတွေဝင်တယ် ကြားပါတယ်။ လိုင်းကိုက်တယ်ဆိုတာ မြန်မာ့ရွှေဈေးမြင့်တော့ ပြည်ပက ရွှေပြန်ဝင်လာတဲ့ သဘောပါ။ ပြည်တွင်း ရွှေထွက်အားနည်းနေပါတယ်။ ဒီလိုရက်က ကျနေကျပါ။ ဒီဇင်ဘာ ပိတ်ရက်၊ တရုတ်နှစ်ကူးနီးရင် နှစ်တိုင်းလိုပါပဲ ကျတတ်ပါတယ်။ ဒီနှစ်တော့ အကျကြမ်းတယ်ဆိုရမှာပေါ့” ဟု အောင်သမာဓိရွှေဆိုင်ပိုင်ရှင် ဦးအောင်ဆန်းဝင်းက သုံးသပ်သည်။

ပြီးခဲ့သည့် ဇူလိုင် ၂၁ ရက်မှစ၍ ပြည်တွင်းရွှေဈေးနှုန်း ကျပ် ၉၀၀၀၀၀ အထက် ရောက်ခဲ့ပြီး ကမ္ဘာ့ရွှေဈေးမြင့်တက်မှုနှင့်အတူ စံချိန်တင်ဈေးနှုန်းများအဖြစ် သြဂုတ်လအတွင်းနှင့် စက်တင်ဘာလလယ်အထိ ဆက်တိုက်မြင့်တက်ခဲ့ကာ စက်တင်ဘာ ၁၅ ရက်တွင် ၉၅၇၃၀၀ ဖြင့် စံချိန်တင်ထားသည်။

ပြီးခဲ့သည့်သုံးလက ရွှေဈေးကိုပြန်ကြည့်ပါက စက်တင်ဘာလအတွင်း ပြည်တွင်းရွှေ ဈေးအနိမ့်ဆုံးဈေးနှုန်း ကျပ် ၉၃၂၅၀၀ (စက်တင်ဘာ ၃၀ ရက်)၊ အမြင့်ဆုံးဈေးနှုန်း ကျပ် ၉၅၇၃၀၀ (စက်တင်ဘာ ၁၅ ရက်)၊ အောက်တိုဘာလအတွင်း ပြည်တွင်းရွှေဈေး အနိမ့်ဆုံးဈေးနှုန်း ကျပ် ၉၂၂၁၀၀ (အောက်တိုဘာ ၃ ရက်)၊ အမြင့်ဆုံးဈေးနှုန်း ကျပ် ၉၄၂၇၀၀ (အောက်တိုဘာ ၁၅ ရက်)၊ နိုဝင်လအတွင်း ပြည်တွင်းရွှေဈေး အနိမ့်ဆုံးဈေးနှုန်း ကျပ် ၉၂၆၉၀၀ (နိုဝင်ဘာ ၆ ရက်)၊ အမြင့်ဆုံးနှုန်း ကျပ် ၉၃၆၂၀၀ (နိုဝင်ဘာ ၂၉ ရက်) တို့ဖြစ်သည်။

ကမ္ဘာ့ရွှေဈေးနှုန်းကို ပြန်ကြည့်ပါက ဧပြီမှစ၍ အတက်အဆင်းကြမ်းလျက်ရှိပြီး လတစ်လအတွင်း အမြင့်ဆုံးနှင့် အနိမ့်ဆုံးနှုန်းသည် ဒေါ်လာ ၄၀ ခန့်မှ ဒေါ်လာ ၈၀ ခန့်အထိ ကွာခြားခဲ့သည်။ လအလိုက်ဖြစ်ပေါ်ခဲ့သော အနိမ့်ဆုံးနှင့် အမြင့်ဆုံးကမ္ဘာ့ရွှေဈေးနှုန်းများမှာ ဇူလိုင်တွင် ၁၂၀၅- ၁၂၆၈ ဒေါ်လာ၊ သြဂုတ်တွင် ၁၂၅၈-၁၃၂၅ ဒေါ်လာ၊ စက်တင်ဘာတွင် ၁၂၉၀-၁၃၅၆ ဒေါ်လာ၊ အောက်တိုဘာတွင် ၁၂၆၁-၁၃၀၃ ဒေါ်လာ ဖြစ်ပေါ်ခဲ့ပြီး ကွာဟချက်ဒေါ်လာ ၄၀ ကျော်မှ ၆၀ ကျော်အထိ ရှိခဲ့သည်။

ပြီးခဲ့သည့်အောက်တိုဘာ တတိယပတ်တွင် ဒေါ်လာ ၁၃၀၀ အထက်ရှိသော ကမ္ဘာ့ရွှေဈေးနှုန်းသည် အောက်တိုဘာလကုန်ပိုင်းတွင် ဒေါ်လာ ၁၂၆၀ အထက်နှင့် ၁၂၇၀ အထက်တွင် အတက်အကျ ဖြစ်ပေါ်ခဲ့သည်။

နိုဝင်ဘာလအတွင်း အနိမ့်ဆုံးနှုန်းအဖြစ် နိုဝင်ဘာ ၃ ရက်တွင် ၁၂၆၆ ဒေါ်လာအထိ ကျဆင်းခဲ့ပြီး အမြင့်ဆုံးနှုန်းအဖြစ် နိုဝင်ဘာ ၂၉ ရက်တွင် ၁၂၉၆ ဒေါ်လာအထိ မြင့်တက်ခဲ့သည်။

နိုဝင်ဘာလအတွင်း ဈေးနှုန်းများသည် ယခင်လများနှင့်နှိုင်းယှဉ်ပါက အတက်အကျ နည်းပါးခဲ့ရာ ဒေါ်လာ ၃၀ သာဖြစ်ပေါ်ခဲ့ပြီး ဒီဇင်ဘာလဆန်းတွင်လည်း ကမ္ဘာ့ရွှေဈေးသည် အကျပိုင်းသို့ ရောက်နေပြီး ဒီဇင်ဘာ ၈ ရက်တွင် ၁၂၄၆ ဒေါ်လာအထိ ကျဆင်းခဲ့ခြင်းဖြစ်သည်။

Most Read

Most Recent