အစုရှယ်ယာရောင်းချခွင့်မရှိသည့် ကုမ္ပဏီများက အွန်လိုင်းအသုံးပြုပြီး အတိုးကြီးပေးမည်ဟုဆိုကာ မက်လုံးပေးခေါ်နေသဖြင့် ပြည်သူများ အယုံမလွယ်ကြရန် သတိပေး

အစုရှယ်ယာရောင်းချခွင့်မရှိသည့် ကုမ္ပဏီများက အွန်လိုင်းအသုံးပြုပြီး အတိုးကြီးပေးမည်ဟုဆိုကာ မက်လုံးပေးခေါ်နေသဖြင့် ပြည်သူများ အယုံမလွယ်ကြရန် သတိပေး
Published 8 December 2017

အစုရှယ်ယာ ရောင်းချခွင့်မရှိသည့် ကုမ္ပဏီများက အွန်လိုင်းအသုံးပြုပြီး အတိုးကြီး ပေးမည်ဟုဆိုကာ မက်လုံးပေးခေါ်နေသည့် ဖိတ်ခေါ်မှုများရှိနေသဖြင့် ပြည်သူများအနေဖြင့် အယုံမလွယ်ကြရန် ငွေချေးသက်သေခံလက်မှတ်လုပ်ငန်း ကြီးကြပ်ရေးကော် မရှင်အဖွဲ့ဝင် ဦးဌေးချွန်က သတိပေးပြောကြားသည်။

“အစုရှယ်ယာ ရောင်းချခွင့်မရှိတဲ့ ကုမ္ပဏီတွေကနေ အွန်လိုင်းအသုံးပြုပြီးတော့  အတိုးကြီးတွေပေးမယ်ဆိုပြီး မက်လုံးပေးခေါ်တဲ့ ဖိတ်ခေါ်မှုတွေရှိပါတယ်။ အဲဒါ ပြည်သူတွေမယုံဖို့၊ အယုံမလွယ်ဖို့လိုပါတယ်” ဟု ဦးဌေးချွန်က ပြောကြားသည်။ “ရင်းနှီးမြှုပ်နှံသူတွေ သတိပြုရမယ့် အချက်ပေါ့လေ။ မကြာခင်က ကြားခဲ့ရတဲ့ အွန်လိုင်းကနေ အရင်းအနှီးထည့်ဖို့ဖိတ်ခေါ်လို့ ဆုံးရှုံးတာတွေ အများကြီးဖြစ်ကြောင်း ကျွန်တော်တို့ကြားရပါတယ်။ ဒါတွေကြောင့်မို့ အများပြည်သူတွေ ရင်းနှီးမြှုပ်နှံတဲ့အခါ အစုရှယ်ယာရောင်းချခွင့်ရှိတဲ့ ကုမ္ပဏီဖြစ်ဖို့လိုပါတယ်။ အစုရှယ်ယာရောင်းချခွင့်ရှိတဲ့ ကုမ္ပဏီဆိုတာ Public ကုမ္ပဏီဖြစ်ရမယ်။ Securities ကုမ္ပဏီမှာ Prospectus တင်ထားရမယ်။ DICA မှာ မှတ်ပုံတင်ထားရမယ်။ ဒီအချက်တွေနဲ့ပြည့်စုံမှ ရောင်းချခွင့်ရှိပါတယ်” ဟု ဦးဌေးချွန်က ပြောကြားသည်။

မြန်မာနိုင်ငံတွင် ကုမ္ပဏီများအက်ဥပဒေအရ အများပိုင်ကုမ္ပဏီဆိုတိုင်း ရှယ်ယာထုတ်ရောင်းချခွင့် မရှိကြောင်း MIC အတွင်းရေးမှူး ဦးအောင်နိုင်ဦးက ပြောကြားသည်။

“ကုမ္ပဏီဥပဒေအရ အများနှင့်သက်ဆိုင်သော ကုမ္ပဏီ၊ တစ်နည်းအားဖြင့် အများပိုင်ကုမ္ပဏီမဟုတ်ရင် ရှယ်ယာရောင်းချခွင့် မရှိဘူး။ အများပိုင်ကုမ္ပဏီမှာတောင်မှ ကျွန်တော်တို့က စီးပွားရေးလုပ်ငန်း စတင်လုပ်ကိုင်ခွင့်ထုတ်ပေးတဲ့ ကုမ္ပဏီများကပဲ ရှယ်ယာရောင်းခွင့်ရှိတယ်။ အများပိုင်ကုမ္ပဏီဆိုတိုင်း ရှယ်ယာရောင်းချခွင့် မရှိဘူး။ အများပိုင် ကုမ္ပဏီတွေ ၂၀၀ ကျော်၊ ၃၀၀နီးပါးလောက် ရှိတယ်။ အဲဒီအထဲမှာ ၆၀ ကျော်လောက်သာ ရှယ်ယာရောင်းခွင့်ပေးထားတယ်။ ကျန်တဲ့ကုမ္ပဏီတွေ ရှယ်ယာရောင်းချခွင့် မရှိပါဘူး” ဟုဦးအောင်နိုင်ဦးက ပြောကြားသည်။

Most Read

Most Recent