လက်ရှိဘဏ္ဍာနှစ်ဝက်အတွင်း အာဆီယံနိုင်ငံများနှင့် ကုန်သွယ်မှုပမာဏ ဒေါ်လာငါးဘီလျံကျော်ရှိပြီး ပို့ကုန်တင်ပို့မှုထက် သွင်းကုန်တင်သွင်းမှုများခဲ့

လက်ရှိဘဏ္ဍာနှစ်ဝက်အတွင်း အာဆီယံနိုင်ငံများနှင့် ကုန်သွယ်မှုပမာဏ ဒေါ်လာငါးဘီလျံကျော်ရှိပြီး ပို့ကုန်တင်ပို့မှုထက် သွင်းကုန်တင်သွင်းမှုများခဲ့
Published 8 December 2017

အပြည်ပြည်ဆိုင်ရာ ကုန်သွယ်မှု ဆောင်ရွက်သည့် ရန်ကုန်မြို့ရှိ ဆိပ်ကမ်းတစ်ခုကို တွေ့ရစဉ် (ဓာတ်ပုံ-ကျော်ဇင်ဖြိုး)

လက်ရှိဘဏ္ဍာနှစ်ဝက် (ဧပြီမှ စက်တင်ဘာလ) အတွင်း အာဆီယံနိုင်ငံများနှင့် ကုန်သွယ်မှုပမာဏ ဒေါ်လာငါးဘီလျံကျော်ရှိပြီး ပို့ကုန်တင်ပို့မှု ထက်သွင်းကုန်တင်သွင်းမှု များပြားခဲ့ကြောင်း စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာနမှ ထုတ်ပြန်သည့် မြန်မာနိုင်ငံ ပို့ကုန်/သွင်းကုန် အခြေအနေများအရ သိရသည်။

၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ် ဧပြီမှ စက်တင်ဘာလအထိ အာဆီယံအဖွဲ့ဝင်နိုင်ငံများနှင့် ကုန်သွယ်မှုပမာဏမှာ ဒေါ်လာ ၅၇၂၁ ဒသမ ၁ သန်းရှိပြီး ယင်းပမာဏတွင် ပို့ကုန်တန်ဖိုးဒေါ်လာ ၂၂၉၃ ဒသမ ၄၄ သန်း၊ သွင်းကုန်တန်ဖိုးဒေါ်လာ ၃၄၂၇ ဒသမ ၆၆ သန်း ပါဝင်ကြောင်း သိရသည်။

အဆိုပါ ကာလအတွင်း အာဆီယံအဖွဲ့ဝင်နိုင်ငံများဖြစ်သည့် ဘရူနိုင်း၊ ကမ္ဘောဒီးယား၊ အင်ဒိုနီးရှား၊ လာအို၊ မလေးရှား၊ ဖိလစ်ပိုင်၊ စင်ကာပူ၊ ထိုင်း၊ ဗီယက်နမ်တို့နှင့် ကုန်သွယ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ကုန်သွယ်မှု ဆောင်ရွက်ရာတွင် မြန်မာနိုင်ငံမှ လယ်ယာထွက်ကုန်များ၊ တိရစ္ဆာန်ထွက်ပစ္စည်းများ၊ သတ္တုတွင်းထွက်များ၊ သစ်တောထွက်ကုန်များ၊ စက်မှုကုန်ချောများ တင်ပို့ခဲ့ပြီး လူသုံးကုန်ပစ္စည်း၊ လုပ်ငန်းသုံးကုန်ကြမ်းများ၊ ရင်းနှီးမြှုပ်နှံမှု ကုန်ပစ္စည်းများကို မြန်မာနိုင်ငံသို့ တင်သွင်းခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ်တွင် မြန်မာနိုင်ငံ၏ ပြည်ပကုန်သွယ်မှုပမာဏ ဒေါ်လာ ၂၉ ဘီလျံနှင့် ကုန်သွယ်မှုလိုငွေ ဒေါ်လာတစ်ဘီလျံရှိမည်ဟု ခန့်မှန်းထားကြောင်း စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာနမှ ထုတ်ပြန်သည့် ၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ် ပြည်ထောင်စု၏ဘဏ္ဍာငွေအရအသုံး ခန့်မှန်းခြေ အဆိုပြုတင်ပြချက် အနှစ်ချုပ်တွင် ဖော်ပြထားချက်အရ သိရသည်။

အဆိုပါ ဘဏ္ဍာနှစ်တွင် ပြည်ပပို့ကုန်တန်ဖိုး ဒေါ်လာသန်း ၁၄၀၀၀ နှင့် သွင်းကုန်တန်ဖိုး ဒေါ်လာ သန်း ၁၅၀၀၀ ဟု ခန့်မှန်းထားသဖြင့် ကုန်သွယ်မှုပမာဏမှာ ဒေါ်လာသန်း ၂၉၀၀၀ ဖြစ်ပြီး ကုန်သွယ်မှုလိုငွေမှာ ဒေါ်လာ သန်း ၁၀၀၀ (တစ်ဘီလျံ) ဖြစ်မည်ဟု ခန့်မှန်းထားသည်။

ဗဟိုစာရင်းအင်းအဖွဲ့မှ ထုတ်ပြန်သည့် ကုန်သွယ်မှုစာရင်းများအရ ၂၀၁၂-၂၀၁၃ ဘဏ္ဍာနှစ်တွင် ကုန်သွယ်မှုလိုငွေ ဒေါ်လာ ၉၁ ဒသမ ၉ သန်း၊ ၂၀၁၃-၂၀၁၄ ဘဏ္ဍာနှစ်တွင် ကုန်သွယ်မှုလိုငွေ ဒေါ်လာ ၂၅၅၅ ဒသမ ၅ သန်းရှိခဲ့ပြီး ၂၀၁၄-၂၀၁၅ ဘဏ္ဍာနှစ်တွင် ကုန်သွယ်မှုလိုငွေမှာ ဒေါ်လာ ၄၉၁၂ ဒသမ ၅၅၉ သန်းရှိခဲ့ကြောင်း သိရသည်။

Most Read

Most Recent