ဂျပန်အစိုးရ၏ အသေးစားစီမံကိန်းများ ထောက်ပံ့ရေးအစီအစဉ်အရ ရှမ်းပြည်နယ်နှင့် ဧရာဝတီတိုင်းဒေသကြီးရှိ အခြေခံပညာ ကျောင်းလေးကျောင်းအတွက် ဒေါ်လာ ၆၃၀,၀၀၀ ကျော်ထောက်ပံ့

ဂျပန်အစိုးရ၏ အသေးစားစီမံကိန်းများ ထောက်ပံ့ရေးအစီအစဉ်အရ ရှမ်းပြည်နယ်နှင့် ဧရာဝတီတိုင်းဒေသကြီးရှိ အခြေခံပညာ ကျောင်းလေးကျောင်းအတွက် ဒေါ်လာ ၆၃၀,၀၀၀ ကျော်ထောက်ပံ့
Published 8 December 2017

ဂျပန်အစိုးရ၏ အသေးစားစီမံကိန်းများ ထောက်ပံ့ရေးအစီအစဉ်အရ ရှမ်းပြည်နယ်နှင့် ဧရာဝတီတိုင်းဒေသကြီးရှိ အခြေခံပညာ ကျောင်းလေးကျောင်းအတွက် ဒေါ်လာ ၆၃၀,၀၀၀ ကျော် ထောက်ပံ့ခဲ့ကြောင်း  မြန်မာနိုင်ငံဆိုင်ရာ ဂျပန်သံရုံး၏ သတင်းထုတ်ပြန်ချက်အရ သိရသည်။

မြန်မာနိုင်ငံဆိုင်ရာ ဂျပန်သံအမတ်ကြီး H.E Mr.Tateshi HIGUCHI နှင့် ပြည်နယ်နှင့် တိုင်းဒေသကြီးမှ ဆောက်လုပ်ရေး ကော်မတီဥက္ကဋ္ဌတို့သည် စီမံကိန်းလေးခုအတွက် အထောက်အပံ့ပေးရေး သဘောတူစာချုပ်များကို ၂၀၁၇ ခုနှစ် ဒီဇင်ဘာ ၆ ရက်တွင် လက်မှတ်ရေးထိုးခဲ့ပြီး အဆိုပါသဘောတူ စာချုပ်များအရ ဂျပန်နိုင်ငံအစိုးရ၏ အသေးစားစီမံကိန်းများ ထောက်ပံ့ရေး အစီအစဉ်အရ စုစုပေါင်း ၆၃၁,၀၉၈ ဒေါ်လာကို ထောက်ပံ့မည် ဖြစ်သည်။

အဆိုပါ စီမံကိန်းများမှာ ရှမ်းပြည်နယ် လွိုင်လင်မြို့နယ် ပင်လုံအမှတ် (၁) အခြေခံပညာ အထက်တန်းကျောင်း ဆောက်လုပ်ရေးစီမံကိန်း (၁၆၆,၆၀၇ ဒေါ်လာ)၊ ရှမ်းပြည်နယ် လွိုင်လင်မြို့နယ် ပင်လုံအမှတ် (၂) အခြေခံပညာ အထက်တန်းကျောင်း ဆောက်လုပ်ရေးစီမံကိန်း (၁၈၆,၄၀၀ ဒေါ်လာ)၊ ဧရာဝတီတိုင်းဒေသကြီး ကျိုက်လတ်မြို့နယ် မရမ်းဂွကျေးရွာ အခြေခံပညာအလယ်တန်းကျောင်း ဆောက်လုပ်ရေးစီမံကိန်း (၁၂၃,၂၂၂ ဒေါ်လာ) နှင့် ဧရာဝတီတိုင်းဒေသကြီး၊ ပန်းတနော်မြို့နယ်၊ မြစ်ဝကျေးရွာအခြေခံပညာ အထက်တန်းကျောင်းခွဲ ဆောက်လုပ်ရေးစီမံကိန်း (၁၅၄,၈၆၉ ဒေါ်လာ) တို့ဖြစ်သည်။

ပင်လုံအမှတ်(၁) အခြေခံပညာ အထက်တန်းကျောင်းတွင် သင့်တင့်လျောက်ပတ်သော ပညာရေးပတ်ဝန်းကျင်တစ်ခုကို ဖန်တီးပေးရန် ဂျပန်အစိုးရက စာသင်ခန်းရှစ်ခန်း၊ ကျောင်းသုံးပရိဘောဂ အပြည့်အစုံပါဝင်သော နှစ်ထပ်သံကူကွန်ကရစ် ကျောင်းဆောင်တစ်ဆောင် ဆောက်လုပ်ရန်အတွက် ရန်ပုံငွေထောက်ပံ့ပေးမည်ဖြစ်ပြီး ယင်းစီမံကိန်းကြောင့် ကျောင်းတွင် ပညာသင်ကြားနေကြသော ကျောင်းသူ ကျောင်းသား ၂,၁၆၁ ဦး အကျိုးခံစားရမည် ဖြစ်သည်။

ပင်လုံအမှတ်(၂)အခြေခံပညာ အထက်တန်းကျောင်းတွင်လည်း ဂျပန်အစိုးရက စာသင်ခန်း ၁၀ ခန်း၊ ကျောင်းသုံးပရိဘောဂ အပြည့်အစုံနှင့် သန့်စင်ခန်းများ ပါဝင်သော နှစ်ထပ်သံကူကွန်ကရစ်ကျောင်းဆောင် တစ်ဆောင် ဆောက်လုပ်ရန် ရန်ပုံငွေထောက်ပံ့ပေးမည်ဖြစ်ပြီး အဆိုပါစီမံကိန်းကြောင့် ကျောင်းသူကျောင်းသား ၁,၉၆၃ ဦး အကျိုးခံစားရမည် ဖြစ်သည်။

ဧရာဝတီတိုင်းဒေသကြီး ကျိုက်လတ်မြို့နယ်ရှိ မရမ်းဂွကျေးရွာအခြေခံပညာ အလယ်တန်းကျောင်းတွင် သင့်တင့်လျောက်ပတ်သော ကျောင်းပတ်ဝန်းကျင်တစ်ခုကိုဖန်တီးရန် ဂျပန်အစိုးရက စာသင်ခန်းခြောက်ခန်း၊ ကျောင်းသုံးပရိဘောဂ အပြည့်အစုံပါဝင်သော နှစ်ထပ်သံကူကွန်ကရစ် ကျောင်းဆောင်တစ်ဆောင် ဆောက်လုပ်ရန်အတွက် ရန်ပုံငွေ ထောက်ပံ့ပေးမည်ဖြစ်ပြီး ကျောင်းတွင်ပညာသင်ကြားနေကြသော ကျောင်းသူ ကျောင်းသား ၃၈၂ ဦး အကျိုးခံစားရမည်ဖြစ်ကြောင်း သိရသည်။

ထို့အတူ ဧရာဝတီတိုင်းဒေသကြီး ပန်းတနော်မြို့နယ် မြစ်ဝကျေးရွာ အခြေခံပညာအထက်တန်းကျောင်းခွဲတွင်လည်း သင့်တင့်လျောက်ပတ်သော ပညာရေးပတ်ဝန်းကျင်တစ်ခုကို ဖန်တီးရန် ဂျပန်အစိုးရက စာသင်ခန်းရှစ်ခန်းနှင့် ကျောင်းသုံးပရိဘောဂ အပြည့်အစုံပါဝင်သော နှစ်ထပ်သံကူကွန်ကရစ် ကျောင်းဆောင်တစ်ဆောင် ဆောက်လုပ်ရန် ရန်ပုံငွေထောက်ပံ့ပေးအပ်ခဲ့ပြီး ယင်းစီမံကိန်းကြောင့် ကျောင်းသူကျောင်းသား ၆၆၇ ဦး အကျိုးခံစားရမည် ဖြစ်သည်။

ဂျပန်နိုင်ငံအစိုးရသည် မြန်မာနိုင်ငံတွင် အသေးစားစီမံကိန်းများ ထောက်ပံ့ရေး အစီအစဉ်ဖြင့် ၁၉၉၃ ခုနှစ်မှစတင်၍ စီမံကိန်းပေါင်း ၈၂၈ ခုကို ထောက်ပံ့ပေးခဲ့ပြီးဖြစ်ရာ ပညာရေးထောက်ပံ့ရေးစီမံကိန်း ပေါင်း ၄၀၂ ခု၊ ကျန်းမာရေးစောင့်ရှောက်မှု အဆင့်မြှင့်တင်ရေးစီမံကိန်းပေါင်း ၁၉၉ ခု နှင့် လူမှုဖူလုံရေးနှင့် ပတ်ဝန်းကျင်စီမံကိန်း ပေါင်း ၁၃၉ ခု၊ အခြေခံအဆောက်အအုံ စီမံကိန်းပေါင်း ၅၃ ခုနှင့် အခြားအမျိုးမျိုးသော စီမံကိန်းပေါင်း ၃၅ ခုတို့ပါဝင်ကြောင်း သိရသည်။

Most Recent