အရက်မူးပြီး ဖခင်ကိုရမ်းကားသည့် သားဖြစ်သူအား သွားရောက်ဖမ်းဆီးစဉ် ဓားဖြင့်ပြန်လည်ခုခံသဖြင့် ရဲတပ်ဖွဲ့က သေနတ်ဖြင့် ပစ်ခတ်ဖမ်းဆီးခဲ့ရ

အရက်မူးပြီး ဖခင်ကိုရမ်းကားသည့် သားဖြစ်သူအား သွားရောက်ဖမ်းဆီးစဉ် ဓားဖြင့်ပြန်လည်ခုခံသဖြင့် ရဲတပ်ဖွဲ့က သေနတ်ဖြင့် ပစ်ခတ်ဖမ်းဆီးခဲ့ရ
Published 8 December 2017

ရွှေပြည်သာမြို့နယ်တွင် အရက်သေစာသောက်စားပြီး ဖခင်ဖြစ်သူကို ရမ်းကားနေသည့် အမျိုးသားအား သွားရောက်ဖမ်းဆီးစဉ် ၎င်းက ဓားဖြင့်ပြန်လည်ခုခံသည့်အတွက် ရဲတပ်ဖွဲ့က သေနတ်ဖြင့် ပစ်ခတ်ဖမ်းဆီးခဲ့ရကြောင်း ဒီဇင်ဘာ ၇ ရက်တွင် ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှ သိရသည်။

ဖြစ်စဉ်မှာ ရွှေပြည်သာမြို့နယ် လှော်ကား (တ/၁၅) ရပ်ကွက် ပန်းခြံ (၆) တွင် နေထိုင်သည့် နိုင်လင်းဖြိုး (၂၂ နှစ်) ဆိုသူမှာ ဒီဇင်ဘာ ၆ ရက် ည ၁၁ နာရီခန့်က ဓားကိုင်ဆောင်ကာ မူးယစ်ရမ်းကားနေပြီး ဖခင်ဖြစ်သူအား ရန်ရှာနေကြောင်း သိရသဖြင့် ရဲတပ်ဖွဲ့က သွားရောက်ဖမ်းဆီး ထိန်းသိမ်းရာ ၎င်းက အရိုးအသွား လက်မ ၂၀ ခန့်ရှိ ဓားဖြင့် ပြန်လည်ခုခံခဲ့ကြောင်း သိရသည်။

ထိုသို့ပြန်လည်ခုခံသဖြင့် ရဲတပ်ဖွဲ့ဝင်များက ၁၂ ဘို့ ပြောင်းချောသေနတ်ဖြင့် ခြောက်လှန့်ပစ်ခတ်ခဲ့ရာ နိုင်လင်းဖြိုးက ဓားဖြင့်အနီးရှိ ရဲတပ်ဖွဲ့ဝင်များအား ပြန်လည်ခုတ်သဖြင့် ပြောင်းချောသေနတ်ဖြင့် ထပ်မံပစ်ခတ်ပြီး ဖမ်းဆီးခဲ့ရကြောင်း သိရသည်။

“အရက်မူးပြီး အဖေဖြစ်တဲ့သူကို ရမ်းကားနေတော့ သွားရောက်ထိန်းသိမ်းခဲ့တာ ဖြစ်ပါတယ်။ အဲဒီမှာ သူက ဓားနဲ့ပြန်လည်ခုခံတဲ့အတွက် ပထမတစ်ကြိမ် ပြောင်းချောသေနတ်နဲ့ ခြောက်လှန့်ပစ်ခတ်ခဲ့ပါတယ်။ အဲဒီလို ခြောက်လှန့်ပစ်ခတ်ပေမယ့် သူက ရဲတပ်ဖွဲ့တွေကို ဓားနဲ့ထပ်ခုတ်ဖို့လုပ်တော့ ဒုတိယတစ်ကြိမ် ထပ်ပြီးပစ်ခတ်ခဲ့ပါတယ်” ဟု မြောက်ပိုင်းခရိုင် ရဲတပ်ဖွဲ့မှ ရဲအရာရှိတစ်ဦးက ပြောကြားသည်။

Most Read

Most Recent