ငါးဖမ်းပိုက် သိမ်းဆည်းသည့်ကိစ္စ မကျေနပ်၍ ဓားဖြင့်ခုတ်မှု တိုက်ကြီးမြို့နယ်တွင် ဖြစ်ပွား

ငါးဖမ်းပိုက် သိမ်းဆည်းသည့်ကိစ္စ မကျေနပ်၍ ဓားဖြင့်ခုတ်မှု တိုက်ကြီးမြို့နယ်တွင် ဖြစ်ပွား
Published 8 December 2017

တိုက်ကြီးမြို့နယ်တွင် ငါးဖမ်းပိုက် သိမ်းဆည်းသည့်ကိစ္စကို မကျေနပ်၍ ဓားဖြင့်ခုတ်မှု ဒီဇင်ဘာ ၆ ရက် နံနက် ၉ နာရီခွဲခန့်က ဖြစ်ပွားခဲ့ကြောင်း ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှ သိရသည်။

ဖြစ်စဉ်မှာ တိုက်ကြီးမြို့နယ်နေ ဦး.... (၆၀ နှစ်)သည် တိုက်ကြီးမြို့နယ်၊ ရင်းတိုက်ကွင်းကျေးရွာအုပ်စုနေ ဦး....(၄၆ နှစ်) အပါအဝင် အခြားအလုပ်သမားလေးဦးနှင့်အတူ ရင်းတိုက်ကွင်းကျေးရွာရှိ ဦးကျင်မောင် ချောင်းရိုးအတွင်း ငါးဖမ်းနေကြောင်း သိရသည်။

ထိုသို့ ငါးဖမ်းနေစဉ် ဦး....(၆၀ နှစ်) ၏ အင်းထဲတွင် ယခင်က ငါးဖမ်းပိုက်များ ခိုးချနေသူ ကျော်ဇော်ထွန်းဆိုသူ ရောက်ရှိလာပြီး ပြီးခဲ့သည့် ငါးရက်ခန့်က ၎င်းခိုးချသည့် ငါးဖမ်းပိုက်များကို ဦး.... (၄၆ နှစ်) က ဖြုတ်ယူသိမ်းဆည်းထားသည်ကို မကျေမနပ်ဖြစ်ပြီး အသင့်ယူဆောင်လာသည့် ကိုင်းခုတ်ဓားဖြင့် ဦး... (၄၆ နှစ်) အား ခုတ်ခဲ့ကြောင်း သိရသည်။

ထိုသို့ ခုတ်ခဲ့သဖြင့် ဦး.... (၄၆ နှစ်) မှာ ဝဲချိုစောင်းပြတ်ရှဒဏ်ရာ၊ လည်ပင်းဝဲဘက် ပြတ်ရှဒဏ်ရာ၊ ဝဲမေးစေ့၊ လည်ပင်းအောက် ပြတ်ရှဒဏ်ရာများ ရရှိပြီး တိုက်ကြီးဆေးရုံမှတစ်ဆင့် ရန်ကုန်ပြည်သူ့ဆေးရုံကြီးသို့ (စိုးရိမ်ရ) လူနာအဖြစ် တင်ပို့ကုသထားရကြောင်း သိရသည်။

“ငါးဖမ်းပိုက်ကို သိမ်းသွားတဲ့အတွက် မကျေနပ်ဖြစ်ပြီး ဓားနဲ့ခုတ်တာလို့ သိရတယ်။ အခုတ်ခံရတဲ့လူကတော့ ခုဆေးရုံမှာပါ။ ကျူးလွန်သူကို ဖမ်းဆီးရမိရေး ဆောင်ရွက်နေပါတယ်” ဟု မြောက်ပိုင်းခရိုင်ရဲတပ်ဖွဲ့မှ ရဲအရာရှိတစ်ဦးက ပြောကြားသည်။

အဆိုပါ ဓားခုတ်မှုဖြစ်စဉ်ကို တိုက်ကြီးမြို့မရဲစခန်းက (ပ) ၅၅၇/၂၀၁၇၊ ရာဇသတ်ကြီးပုဒ်မ ၃၂၆ ဖြင့် အမှုဖွင့်ထားပြီး ကျူးလွန်သူအား ဖမ်းဆီးရမိရေး ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

Most Read

Most Recent