ပုသိမ်မြို့တွင် မီးလောင်သည်ဟုဆိုကာ ဖုန်းဆက် သတင်းမှားပေးသူအား ဖော်ထုတ်အရေးယူရန် ဆောင်ရွက်နေ

ပုသိမ်မြို့တွင် မီးလောင်သည်ဟုဆိုကာ ဖုန်းဆက် သတင်းမှားပေးသူအား ဖော်ထုတ်အရေးယူရန် ဆောင်ရွက်နေ
Published 7 December 2017

ဧရာဝတီတိုင်းဒေသကြီး ပုသိမ်မြို့တွင် မီးလောင်သည်ဟုဆိုကာ ဖုန်းဆက် သတင်းမှားပေးသူကို ဖော်ထုတ်အရေးယူနိုင်ရန် ဆောင်ရွက်လျက်ရှိကြောင်း ပုသိမ်နယ်မြေ မီးသတ်တပ်ဖွဲ့မှ သိရသည်။

အဆိုပါ ဖုန်းဆက်သတင်းပေးသူမှာ  ဒီဇင်ဘာ ၆ ရက် ည ၈ နာရီ မိနစ်၂၀ တွင်အမှတ် (၇) ရာမည ရပ်ကွက် လမ်းမကြီး ၅လမ်း လမ်းသွယ် (၂) လမ်းစဉ် မီးလောင်ကျွမ်းမှု ဖြစ်ပွားနေကြောင်း ဖုန်းဆက် သတင်းပေးခဲ့သဖြင့် မီးသတ်ယာဉ် သုံးစီးဖြင့် လာရောက်ခဲ့ရာ မီး လောင်ကျွမ်းသည်ကို မတွေ့ရှိရဘဲ မြို့နေ

ပြည်သူများ ထိန်လန့်မှုဖြစ်ပွားခဲ့ကြောင်း၊ ဆက်သွယ်လာသည့် နံပါတ်မှာ ooredoo ဆင်းကတ် အမျိုးအစားဖြစ်ကြောင်း သိရသည်။

“မီးသတ်အနေနဲ့ကတော့ အကြောင်းကြားရင်တော့ အချိန်မရွေး ထွက်ရပါတယ်။ အခုရောက်သွားတော့ မတွေ့လို့ပတ်ရှာတယ်။ ကားဝင်လို့မရတဲ့ နေရာတွေကိုလည်း အရန်မီးသတ်တွေနဲ့အတူ ဆိုင်ကယ်နဲ့ ပတ်ရှာတယ်။ နောက်ဆုံးမတွေ့တော့မှ ပြန်လာခဲ့ပါတယ်။ ဖုန်းဆက်ခဲ့တဲ့ ဖုန်းကို အခုပြန်ဆက်တော့ စက်ပိတ်ထားပါတယ်။ ရဲတပ်ဖွဲ့ကနေ ဆက်လက်စုံစမ်းနေပါတယ်။ သက်ဆိုင်ရာ ဥပဒေတွေနဲ့ အရေးယူနိုင်ဖို့ဆောင်ရွက်သွားမှာပါ” ဟု ပုသိမ်နယ်မြေမီးသတ်စခန်းမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

ယခုကဲ့သို့ သတင်းအမှားကြောင့် ထိတ်လန့်မှု ဖြစ်ပွားခဲ့သောကြောင့် ဒေသခံများ မကျေနပ်မှုများဖြစ်ပွားကာ သတင်းအမှားပေး ဖုန်းဆက်သူအား ဖော်ထုတ်အရေးယူရန် လိုလားကြောင်း သိရသည်။

“ဖုန်းကတ်တွေကို မှတ်ပုံတင်ထားပါတယ်။ ဖုန်းနံပါတ်ကနေ တစ်ဆင့် သက်ဆိုင်ရာ ဖုန်းကုမ္ပဏီက စုံစမ်းဖော်ထုတ်ပေးဖို့ တာဝန်ရှိတယ်။ မှတ်ပုံတင်ထားတာ မရှိတဲ့ဖုန်းကို မပိတ်ဘဲ ထားထားတယ်ဆိုရင်လည်း ဖုန်းကုမ္ပဏီကို အရေးယူသင့်တယ်။ မှတ်ပုံတင် ထားတဲ့သူက သူမသုံးတော့တဲ့ ဖုန်းပါဆိုလည်း အရေးယူသင့်တယ်” ဟု ပုသိမ်မြို့ခံ ဦးတင်စိုးက ပြောကြားသည်။

ပုသိမ်တွင် ယခုကဲ့သို့ဖုန်းဖြင့် မီးသတင်း အမှားပေးမှုမှာ ပထမဆုံးအကြိမ်ဖြစ်ကြောင်း နယ်မြေမီးသတ်စခန်းမှ သိရသည်။

Most Read

Most Recent