<

First Eleven Sports Journal မှရွေးချယ်သည့် အကောင်းဆုံး ဘောလုံးသမားများ မဲပေးရန်

Vote Now

နိုင်ငံတော်အကြည်ညိုပျက်စေမှုဖြင့် တရားစွဲဆိုထားသော မန္တလေးအမျိုးသားရေးသပိတ် ဦးဆောင်သံဃာများနှင့် လူပုဂ္ဂိုလ်များအား (၁၄) ကြိမ်မြောက် ရုံးထုတ်

နိုင်ငံတော်အကြည်ညိုပျက်စေမှုဖြင့် တရားစွဲဆိုထားသော မန္တလေးအမျိုးသားရေးသပိတ် ဦးဆောင်သံဃာများနှင့် လူပုဂ္ဂိုလ်များအား (၁၄) ကြိမ်မြောက် ရုံးထုတ်စဉ်

မန္တလေးအမျိုးသားရေးသပိတ်ဦးဆောင် သံဃာနှင့် လူပုဂ္ဂိုလ်များအား နိုင်ငံတော်အကြည်ညိုပျက်စေမှုပုဒ်မ ၅၀၅ (ခ) ဖြင့် ချမ်းမြသာစည်မြို့နယ်တရားရုံး၌ စွဲဆိုထားရာ ဒီဇင်ဘာ ၆ ရက်တွင် (၁၄) ကြိမ်မြောက် ရုံးထုတ်ပြီး ပြန်ခေါ်သက်သေတစ်ဦးကို စစ်ဆေးခဲ့ကြောင်း သတင်းရရှိသည်။

(၁၃) ကြိမ်မြောက် ရုံးချိန်းတွင် သံဃာတော်များအား နိုင်ငံတော်အကြည်ညိုပျက်စေမှု ပုဒ်မ ၅၀၅ (ခ) ဖြင့် စွဲချက်တင်ကြောင်း အမိန့်ချမှတ်ခဲ့ပြီး တရားခံများဘက်မှ ပြန်ခေါ်သက်သေသုံးဦးကို စစ်ဆေးလိုကြောင်း တင်ပြရာ ဒီဇင်ဘာ ၆ ရက် ရုံးချိန်းတွင် တရားလိုပြသက်သေတစ်ဦးဖြစ်သူ မဟာမုနိဘုရား ဂေါပကဥက္ကဋ္ဌ ဦးစိုးလင်းအား စစ်ဆေးခဲ့ကြောင်း သိရသည်။

“ဒီနေ့ရုံးချိန်းမှာ ပြန်ခေါ်သက်သေနှစ်ဦး စစ်ဆေးဖို့ ခေါ်ထားတယ်။ မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးစံသူက တာဝန်ကျနေတဲ့အတွက် မလာဖြစ်ဘူး။ ဘုရားဂေါပကဥက္ကဋ္ဌကိုပဲ စစ်ဆေးခဲ့ပါတယ်။ အမှုကို ဒီဇင်ဘာ ၁၃ ရက်ကို ပြန်ချိန်းဆိုထားပါတယ်” ဟု ချမ်းမြသာစည်မြို့နယ်တရားရုံး ပြန်ကြားရေးအရာရှိ တွဲဖက်မြို့နယ်တရားသူကြီး ဦးကျော်စွာလင်းက ပြောကြားသည်။

သံဃာတော်များကို စွဲဆိုထားသည့်အမှုကို စွဲချက်တင်အမိန့်ချခဲ့သော်လည်း လူပုဂ္ဂိုလ်များဖြစ်သည့် ကိုကျော်မျိုးရွှေ အမှုတွင်မူ တရားလိုသက်သေကိုသာ စစ်ဆေးဆဲဖြစ်ကြောင်း သိရသည်။

ကိုကျော်မျိုးရွှေမှာ ၎င်းအား အချုပ်လွတ် ထုချေခွင့်အာမခံကို အထက်ရုံးသို့ တင်ပြလျှောက်ထားရာ လက်မခံဘဲ ပယ်ချခဲ့သောကြောင့် မူလမြို့နယ်တရားရုံးသို့ အမှုတွဲပြန်လည်ရောက်ရှိချိန်မှသာ စတင်စစ်ဆေးခဲ့ရခြင်းကြောင့် ကြန့်ကြာနေခြင်းဖြစ်သည်။

မန္တလေးမြို့ ချမ်းမြသာစည်မြို့နယ် ကျွန်းလုံးဥသျှောင်ရပ်ကွက် ဘုရားကြီးအနောက်ဘက်မုခ်ရှိ သာသနာ၂၅၀၀ ဗိမာန်တွင် ဖွင့်လှစ်ထားသည့် သပိတ်စခန်းအား သြဂုတ် ၅ ရက် နံနက် ၂ နာရီ ၁၅ မိနစ်ခန့်က တိုင်းဒေသကြီးအစိုးရ၏ လမ်းညွှန်မှုဖြင့် ပူးပေါင်းအဖွဲ့က ၀င်ရောက်ရှင်းလင်းရာ သံဃာ ၁၁ ပါးနှင့် အမျိုးသမီးနှစ်ဦးကို ထိန်းသိမ်းခဲ့ပြီး ဖမ်းဆီးရမိသည့် သံဃာ ၁၁ ပါးအနက် ခြောက်ပါးအား သြဂုတ် ၉ ရက်တွင် စတင်ရုံးထုတ် စစ်ဆေးခဲ့ခြင်းဖြစ်သည်။

သပိတ်စခန်းဦးဆောင် သံဃာရှစ်ပါး (နှစ်ဦးမှာ ဖမ်းမိခြင်းမရှိသေး) အား ခရိုင်သာသနာရေးဦးစီးမှူးက တရားလိုပြုလုပ်စွဲဆိုခဲ့သလို ဦးကျော်မျိုးရွှေ ပါဝင်သည့် လူပုဂ္ဂိုလ်ငါးဦးကိုလည်း မြို့နယ်ထွေအုပ်က တရားလိုပြုလုပ်ကာ ပုဒ်မ ၅၀၅ (ခ) ဖြင့် အသီးသီး စွဲဆိုထားခြင်းဖြစ်သည်။

သြဂုတ် ၅ ရက် နံနက် ၂ နာရီ သပိတ်စခန်းဖြိုခွဲစဉ်က ဖမ်းဆီးခံရပြီး လူဝတ်လဲကာ ပုဒ်မ ၅၀၅ (ခ)ဖြင့် အမှုဖွင့်ခံထားရသည့် သံဃာခြောက်ပါးမှာ ဦးအဂ္ဂဓဇ (၃၅ နှစ်၊ ၁၄ ၀ါ၊ သာသနာဝင်အမှတ် ၉/မထလ (သ) ၀၀၂၇၅၃ မိတ္ထီလာမြို့နယ် မဘသအတွင်းရေးမှူး၊ အောင်သာကျောင်း၊ ၀န်ဇင်းရပ်၊ မိတ္ထီလာမြို့)၊ ဦးဝိဝေကာနန္ဒ (၂၉ နှစ်၊ ၁၀ ၀ါ၊ သာသနာဝင်အမှတ် ၇/ပခန (သ) ၀၁၁၁၁၄ မျိုးချစ်မြန်မာရဟန်းတော်များသမဂ္ဂ၊ ချမ်းသာကြီး ချမ်းရကျောင်း၊ တံခွန်တိုင်ရပ်၊ ပြည်ကြီးတံခွန်မြို့နယ်၊ မန္တလေးမြို့)၊ ဦးဣန္ဒက (၂၆ နှစ်၊ ငါးဝါ၊ သာသနာဝင်အမှတ် ၉/ ခမစ (သ) ၀၀၄၇၄၅၊ မျိုးချစ်မြန်မာရဟန်းတော်များသမဂ္ဂ၊ ဓမ္မသုခကျောင်း၊ နှမ်းကြဲကျေးရွာ၊ ပုသိမ်ကြီးမြို့နယ်၊ မန္တလေးမြို့)၊ ဦးပဏ္ဍိတ (၄၈ နှစ်၊ ၂၈ ၀ါ၊ သာသနာဝင် အမှတ် ၉/ညဥန(သ) ၀၀၁၂၁၈၊ (မည်သည့်အဖွဲ့ဝင်မှမဟုတ်) ကြံခင်းဝန်ကျောင်း၊ ညောင်ဦးမြို့နယ်)၊ ဦးအာစာရ (၂၂ နှစ်၊ နှစ်ဝါ၊ သာသနာဝင်အမှတ် ၉/ပကခ (သ) ၀၀၂၃၉၁၊ ဓမ္မသုခကျောင်း၊ နှမ်းကြဲကျေးရွာ ပုသိမ်ကြီးမြို့နယ်)နှင့် ဦးအရိယာဝံသ (၃၀ နှစ်၊ ၁၀ ၀ါ၊ သာသနာဝင်အမှတ် (မသိရသေး) မျိုးချစ် မြန်မာရဟန်းတော်များသမဂ္ဂ၊ ငါးဆူကျောင်းတိုက်၊ ပလိုင်းရပ်၊ ချမ်းအေးသာစံမြို့နယ် မန္တလေးမြို့) တို့ဖြစ်ကာ သပိတ်စခန်း ဦးဆောင်သည့် သံဃာဖြစ်ပြီး လက်ရှိဖမ်းဆီးမခံရသေးသည့် နှစ်ပါးမှာ ဦးဣန္ဒောဘာသ (ရခိုင်ဘုန်းကြီး) (၄၅နှစ်၊ ၁၆ ၀ါ၊ မျိုးချစ်မြန်မာရဟန်းတော်များသမဂ္ဂ၊ သာသနာဝင်အမှတ် ၉/ပကသ (သ) ၀၀၂၁၀၀၊ ဓမ္မသုခကျောင်း၊ နှမ်းကြဲကျေးရွာ၊ ပုသိမ်ကြီးမြို့နယ်၊ မန္တလေးမြို့)နှင့် ဦးစန္ဒာသီရိ (၄၁ နှစ်၊ ၂၀ ၀ါ၊ သာသနာဝင်အမှတ် ၉/မဟမ (သ) ၀၀၁၂၉၁၊ မျိုးချစ်မြန်မာရဟန်းတော်များသမဂ္ဂ ဓမ္မသုခကျောင်း၊ နှမ်းကြဲကျေးရွာ၊ ပုသိမ်ကြီးမြို့နယ်၊ မန္တလေးမြို့) တို့ဖြစ်သည်။