<

First Eleven Sports Journal မှရွေးချယ်သည့် အကောင်းဆုံး ဘောလုံးသမားများ မဲပေးရန်

Vote Now

အိန္ဒိယ – မြန်မာနယ်စပ် မြန်မာနိုင်ငံအတွင်းရှိ မြေယာများပေါ်သို့ အိန္ဒိယနိုင်ငံသားများ လာရောက်စိုက်ပျိုးနေသည်ကို တားမြစ်သွားမည်ဟု ဆို

အိန္ဒိယ – မြန်မာနယ်စပ် မြန်မာနိုင်ငံအတွင်းရှိ မြေယာများအပေါ်သို့ အိန္ဒိယနိုင်ငံသားများ လာရောက်၍ စိုက်ပျိုးရေးလုပ်ငန်းများ လုပ်ကိုင်နေမှုကို တားမြစ်သွားမည်ဟု တမူးမြို့ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးမောင်မောင်လတ်က ပြောကြားသည်။

“အခု ကျွန်တော်အဲဒီကပဲ ပြန်ခဲ့တာပါ။ ကျွန်တော်နဲ့ ဒေသခံ တပ်ရင်းမှူးနဲ့ သွားတာပါ။ မနက်ကလည်း မြို့နယ်အုပ်ချုပ်ရေးမှူးကိုလည်း ပြောထားတယ်။ အဲဒီလယ်ကွက်က မြန်မာနိုင်ငံဘက်က လယ်ကွက်ပေါ့။ အဲဒီထဲကို အိန္ဒိယနိုင်ငံသားတွေက ဆောင်းရာသီ သီးနှံတွေကို စိုက်ပျိုးကြတာပေါ့။ မုန်ညင်းတို့ နံနံတို့ စသဖြင့်ပေါ့။ အဲဒါတွေကို လယ်ကွက်ပိုင်ရှင်တွေကို တွေ့ပြီးတော့ မေးဖို့လုပ်နေတယ်။ ပိုင်ရှင်ကပဲ စိုက်ခိုင်းတာလား၊ သီးစားချထားတာလား၊ ဘယ်လိုအပေးအယူမျိုးနဲ့ စိုက်ခိုင်းတာလဲဆိုတာ စုံစမ်းနေတယ်။ သူ့ဟာနဲ့သူ ကျူးကျော်ပြီး လာလုပ်တယ်ဆိုရင်လည်း အိန္ဒိယနိုင်ငံဘက်က အာဏာပိုင်နဲ့ တွေ့ဆုံပြီးတော့ ဟန့်တားမှာပါ။ လယ်ကွက်ပိုင်ရှင်က ခင်မင်ရင်းနှီးမှုနဲ့ စိုက်ခိုင်းတယ်ဆိုရင်လည်း ကန့်ကွက်ရမှာပဲ။ ကိုယ့်မြန်မာနိုင်ငံသားတွေကိုပဲ စိုက်ခိုင်းပါဆိုပြီး ပြောရမှာပေါ့။ မိုးရေး (အိန္ဒိယနိုင်ငံ) ၊ တမူး (မြန်မာနိုင်ငံ) ကလည်း နှစ်မြို့တစ်မြို့ ဖြစ်နေတော့ ချက်ချင်းကြီး အာဏာပိုင်တွေနဲ့ ဟိုဘက်ဒီဘက် ပြောရမှာမဟုတ်သေးတော့ မြေပိုင်ရှင်တွေကို မေးဖို့လုပ်နေတာပါ။ ဘယ်လိုကြောင့်ပဲ စိုက်စိုက်တားမြစ်ရမှာပါ။ ဒါပေမဲ့ အကျိုးအကြောင်း သေသေချာချာ သိချင်တော့ ပိုင်ရှင်တွေကို ခေါ်မေးဦးမှာပါ။ ကျွန်တော်တို့ သိသိချင်းသွားတယ်။ ပိုင်ရှင်နဲ့ ချက်ချင်းမတွေ့လို့ပါ” ဟု တမူးမြို့အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးမောင်မောင်လတ်က ပြောကြားသည်။

မြန်မာနိုင်ငံနှင့် အိန္ဒိယနိုင်ငံနယ်စပ် အဆိုပါနေရာများသည် နှစ်နိုင်ငံနယ်နိမိတ်ချင်း ထိစပ်လျက်ရှိပြီး အချို့နယ်စပ်နယ်နိမိတ်များသည် အငြင်းပွားနယ်မြေများအဖြစ် ရှိနေဆဲဖြစ်သည်ဟု သိရသည်။

“အဲဒီနေရာက ပိုင်ရှင်ရှိတယ်။ မြန်မာဘက်ကအခြမ်းကို အိန္ဒိယနိုင်ငံသားတွေက ၀င်လုပ်တာ။ ပြောလို့လည်းမရဘူး။ အရင်တုန်းကဆိုရင် ၀က်တွေလည်းမွေးတယ်။ ပိုင်ရှင်လည်း အမည်ပေါက်နဲ့ရှိတယ်။ အာဏာပိုင်ဘက်က တားပေးရမှာပေါ့။ မြေပိုင်ရှင်ကလည်း သူဌေးဆိုတော့ မပြောရဲဘူးလို့ ပြောတာပဲ။ ဒီမြေတွေအတွက် သူကလည်း မပြောချင်တဲ့ ပုံစံပဲ။ နှစ်တိုင်းလိုလို လုပ်နေတာလို့ ပြောတယ်။ အိန္ဒိယနိုင်ငံဘက်က အာဏာပိုင်ကလည်း မသိချင်ယောင်ဆောင်နေတာပဲ။ ကြာလာရင် မပြောဘဲထားရင် အိန္ဒိယနိုင်ငံပိုင်ဖြစ်သွားမှာ။ ကျွန်တော်တို့က ကျွန်တော်တို့ပိုင်တဲ့ မြေမဟုတ်ပေမဲ့ ကိုယ့်မြန်မာနိုင်ငံထဲကမြေလေ။ ကြာရင် အိန္ဒိယနိုင်ငံပိုင် ဖြစ်သွားမှာ စိုးရိမ်တယ်” ဟု တမူးမြို့နယ် ဒေသခံတစ်ဦးက ပြောကြားသည်။

ယခင်ကလည်း အိန္ဒိယ – မြန်မာနယ်စပ် အမှတ် ၂ ဂိတ် (နန်းဖာလုံဈေးအနီး) တွင် အိန္ဒိယနိုင်ငံသားများ စိုက်ခင်းလာလုပ်ထားမှုကို မြန်မာနိုင်ငံဘက်မှ ကန့်ကွက်မှုကြောင့် ဖျက်သိမ်းခဲ့ရသည်ဟု နန်းဖာလုံဈေးသည် တစ်ဦးက ပြောကြားသည်။

“မြန်မာနိုင်ငံအတွင်းက မြေပေါ်မှာ စိုက်ပျိုးရေးလာလုပ်နေတာ။ ဒီလိုလုပ်နေတာကလည်း ကြာပြီ။ နေရာက နန်းဖာလုံဈေးရဲ့ အရှေ့မြောက်ဘက်လောက်ကျမှာပေါ့။ အာဏာပိုင်အဖွဲ့အစည်းတွေကလည်း လာရောက်ကန့်ကွက်တာမရှိဘူး။ အိန္ဒိယနိုင်ငံ မဏိပူရ်ပြည်နယ် မိုးရေးထဲက လူတွေလာလုပ်ကြတာ။ ထွက်ပေါက်က အဲဒီနားရှိတာကိုး။ အဲဒီနားမှာ ကသည်းရွာရှိတာကိုး။ သူတို့က တောက်လျှောက်လုပ်နေတာ။ အခုဆို စပါးတောင်ရိတ်နေပြီ” ဟု တမူးမြို့နယ် နန်းဖာလုံရပ်ကွက်တွင် နေထိုင်သူတစ်ဦးက ပြောကြားသည်။