ဖျာပုံမြို့နယ်မှ ထွက်ခွာသည့် ပင်လယ်ငါးဖမ်းသင်္ဘောတစ်စင်း နစ်မြုပ်ပြီး တစ်ဦးသေဆုံးကာ လေးဦး ပျောက်ဆုံးလျက်ရှိ

ဖျာပုံမြို့နယ်မှ ထွက်ခွာသည့် ပင်လယ်ငါးဖမ်းသင်္ဘောတစ်စင်း နစ်မြုပ်ပြီး တစ်ဦးသေဆုံးကာ လေးဦး ပျောက်ဆုံးလျက်ရှိ
Published 7 December 2017

ငါးဖမ်းသင်္ဘောနစ်မြုပ်မှု ဖြစ်ပွားခဲ့သည့် နေရာအနီးတစ်ဝိုက်အား တွေ့ရစဉ် (ဓာတ်ပုံ- myo san soe)

ဧရာဝတီတိုင်းဒေသကြီး ဖျာပုံမြို့နယ်မှ ထွက်ခွာခဲ့သည့် ရွှေပင်လယ်ငါးဖမ်းသင်္ဘောမှာ ဒီဇင်ဘာ ၅ ရက်က ပင်လယ်ရေမိုင် ၄၅ မိုင်အရောက်တွင် နစ်မြုပ်မှုဖြစ်ပွားခဲ့ပြီး ရေလုပ်သားတစ်ဦး သေဆုံးကာ လေးဦးပျောက်ဆုံးနေကြောင်း ဧရာဝတီတိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးမှ သိရသည်။

အဆိုပါ ရွှေပင်လယ် ငါးဖမ်းသင်္ဘောမှာ ရန်ကုန်တိုင်းဒေသကြီး လှိုင်မြို့နယ်မှ ပိုင်ရှင်ဦးဇော်ဝင်း၏ ငါးဖမ်းသင်္ဘောဖြစ်ကြောင်း၊ ဒီဇင်ဘာ ၄ ရက်တွင် ဖျာပုံမှစတင်ထွက်ခွာခဲ့ပြီး ရေလုပ်သား ၁၉ ဦးပါရှိကာ နစ်မြုပ်စဉ်အနီးရှိ ငါးဖမ်းစက်လှေများမှ ဆယ်ယူခဲ့သဖြင့် ရေလုပ်သား ၁၄ ဦး အသက်ရှင်လျက် ဆယ်ယူရရှိပြီး တစ်ဦးသေဆုံးကာ လေးဦးပျောက်ဆုံးနေကြာင်း ဧရာဝတီတိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးမှ ဒုရဲမှူးကြီး ခင်မောင်လတ်ထံမှ သိရသည်။

“ဒီဇင်ဘာ ၅ ရက် မွန်းတည့် ၁၂ နာရီလောက် ဖျာပုံမြို့ရဲ့ အရှေ့ဘက်ပင်လယ်ပြင် ရေမိုင် ၄၅ မိုင်လောက်ရောက်တဲ့အခါမှာ ရေလမ်းကြောင်းပြောင်းပြီး လှိုင်းကြီးလို့ သင်္ဘောထဲရေဝင်ပြီး နစ်မြုပ်သွားခဲ့တယ်။ ပျောက်ဆုံးနေတဲ့သူတွေကို အနီးပတ်ဝန်းကျင်မှာရှိတဲ့ စက်လှေတွေနဲ့ ပူးပေါင်းရှာဖွေနေပါတယ်။ တွေ့ရှိတာနဲ့ သူတို့နေ့ရပ်ကို ပြန်ပို့ဖို့ စီစဉ်ထားပါတယ်” ဟု ဧရာဝတီတိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူရုံးမှ ဒုရဲမှူးကြီး ခင်မောင်လတ်က ပြောကြားသည်။

သေဆုံးခဲ့သည့် ရေလုပ်သားမှာ ရန်ကုန်တိုင်းဒေသကြီး ဒလမြို့နယ် ကမာကဆစ်ကျေးရွာမှ ကိုမျိုးနိုင်ဖြစ်ပြီး ပျောက်ဆုံးနေသူများမှာ လပွတ္တာမြို့နယ်မှ စောစောအယ်၊ ပုသိမ်မြို့နယ်မှ စောဖိုးမောင်ကျော် ၊အောင်နိုင်ဌေး၊ စောထူးစေးတို့ဖြစ်ကြောင်း သိရသည်။

အဆိုပါ ငါးဖမ်းသင်္ဘောနစ်မြုပ်မှုအား လက်ရှိအချိန်ထိ အရေးယူမှု မပြုလုပ်ရသေးကြောင်း၊ မည်သည့်အကြောင်းကြောင်းကြောင့် ဖြစ်ပွားသည်ကို သိရှိမှသာ အရေးယူ ဆောင်ရွက်မှုများ ပြုလုပ်မည်ဖြစ်ကြောင်း ဧရာဝတီတိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးမှ သိရသည်။

Most Read

Most Recent