အလုံမြို့နယ်တွင် စိတ်ကျန်းမာရေးချို့တဲ့သူတစ်ဦးက YBS လမ်းညွှန်ဆိုင်းဘုတ်နှင့် ဓာတ်ကြိုးများကို ဖျက်ဆီးနေသဖြင့် ထိန်းသိမ်းကာ ရွာသာကြီးသို့ ပို့ဆောင်

အလုံမြို့နယ်တွင် စိတ်ကျန်းမာရေးချို့တဲ့သူတစ်ဦးက YBS လမ်းညွှန်ဆိုင်းဘုတ်နှင့် ဓာတ်ကြိုးများကို ဖျက်ဆီးနေသဖြင့် ထိန်းသိမ်းကာ ရွာသာကြီးသို့ ပို့ဆောင်
Published 7 December 2017

အလုံမြို့နယ်တွင် စိတ်ကျန်းမာရေး ချို့တဲ့သူတစ်ဦးက YBS လမ်းညွန်ဆိုင်းဘုတ်နှင့် ဓာတ်ကြိုးများအား ဖျက်ဆီးနေသဖြင့် ၎င်းကို ရဲတပ်ဖွဲ့မှ ဖမ်းဆီးထိန်းသိမ်းကာ ရွာသာကြီး စိတ်ကျန်းမာရေးဆေးရုံသို့ ပို့ဆောင်ပေးခဲ့ရကြောင်း ရဲတပ်ဖွဲ့ထံမှ သိရသည်။

ဒီဇင်ဘာ ၅ ရက် ၈ နာရီ ၂၀ မိနစ်ခန့်က ရန်ကုန်တိုင်းဒေသကြီး အလုံမြို့နယ် စောရန်ပိုင် အရှေ့ရပ်ကွက် အောက်ကြည့်မြင်တိုင်လမ်းရှိ အခြေခံပညာအထက်တန်း ကျောင်းတစ်ကျောင်းအနီးရှိ သခင်မြပန်းခြံ ကားမှတ်တိုင် YBS လမ်းညွှန်ဆိုင်းဘုတ်အား စိတ်ကျန်းမာရေးချို့တဲ့သူ အမျိုးသားတစ်ဦးက ရိုက်ချိုးဖျက်ဆီးခဲ့ကြောင်း သိရသည်။

ထို့နောက် အဆိုပါ အမျိုးသားသည် ကားမှတ်တိုင်အနောက်ရှိ သစ်ပင်ပေါ်သို့တက်ကာ ဓာတ်ကြိုးများအား ဖျက်ဆီးနေသဖြင့် အလုံမြို့နယ်လှည့် ကင်းမီးတန်းယာဉ်မှ တာဝန်ကျရဲအရာရှိများက သွားရောက် ထိန်းသိမ်းကာ ရဲစခန်းသို့ ခေါ်ဆောင်စစ်ဆေးခဲ့ကြောင်း သိရသည်။

ထိုသို့ စစ်ဆေးရာ အဆိုပါအမျိုးသားမှာ စိတ်ကျန်းမာရေးချို့တဲ့နေသူဖြစ်သည်ဟု စစ်ဆေးပေါ်ပေါက်သောကြောင်း ၎င်းကို ရွာသာကြီး စိတ်ကျန်းမာရေးဆေးရုံသို့ ပို့ဆောင်ပေးခဲ့ရကြောင်း ရဲတပ်ဖွဲ့မှ စုံစမ်းသိရသည်။

ထို့အတူ ဒီဇင်ဘာ ၅ ရက် ည ၇ နာရီခွဲခန့်က ရန်ကုန်တိုင်းဒေသကြီး စမ်းချောင်းမြို့နယ်ရှိ အိမ်ရာတစ်ခုတွင်လည်း အမျိုးသားတစ်ဦး ဆူပူသောင်းနေကြောင်း သတင်းအရ စမ်းချောင်းမြို့မရဲစခန်းမှ ရဲတပ်ဖွဲ့ဝင်များနှင့် တာဝန်ရှိသူများက သွားရောက် ထိန်းသိမ်းရာ အဆိုပါ အမျိုးသားမှာ နေအိမ်ဝရန်တာပေါ်၌ စိတ်ဖောက်ပြန်ကာ ဆူပူသောင်းကျန်းနေသည်ဟု စုံစမ်းသိရသဖြင့် ၎င်းကို ရွာသာကြီး စိတ်ကျန်းမာရေးဆေးရုံသို့ အပ်နှံခဲ့ရကြောင်း သိရသည်။

“သူက အဖေနဲ့အမေ မရှိတော့ဘူး။ တစ်လစီလောက်ခြားပြီး ဆုံးသွားတာလို့ စုံစမ်းသိရှိရတယ်။ သတင်းအရသွားတော့ သူက ရဲတွေ လာလို့ဖမ်းမှာကြောက်ပြီး ခုန်ချဖို့ ဝရန်တာမှာ တွဲလောင်းဖြစ်နေတာ။ အဲဒါသူ့ကို ချော့ပြောပေမဲ့ အောက်ကဆန်းရှိတ်လိုဟာပေါ်ကနေတစ်ဆင့် အောက်ထပ်ကို ခုန်ချထွက်ပြေးတာပေါ့။ အောက်မှာဆိုဖာတွေလည်း ခံထားတယ်။ နိမ့်တဲ့အခါကျတော့ လူကတော့ ထိခိုက်ဒဏ်ရာမရဘူး။ ရွာသာကြီး စိတ်ကျန်းမာရေးဆေးရုံကို ဖုန်းဆက်လို့ လာခေါ်သွားပြီ” ဟု အနောက်ပိုင်းခရိုင် ရဲတပ်ဖွဲ့ဝင် ရဲအရာရှိတစ်ဦးက ပြောကြားသည်။

Most Read

Most Recent