<

First Eleven Sports Journal မှရွေးချယ်သည့် အကောင်းဆုံး ဘောလုံးသမားများ မဲပေးရန်

Vote Now

မန္တလေးဈေးကွက်တွင် သိုလှောင်ထားသည့် ပဲများကို ကုန်သည်ကြီးများက ပြန်ရောင်းချသည့်အတွက် ကုလားပဲ သုံးတင်းဝင် တစ်အိတ်လျှင် ကျပ်သုံးသောင်းခန့် ဈေးကျဆင်း

မန္တလေးကုန်စည်ဒိုင်တွင် ရောင်းဝယ်နေမှုများကို ဒီဇင်ဘာ ၆ ရက်က တွေ့ရစဉ်

ကုလားပဲစပေါ်သည့်အချိန်တွင် သုံးတင်းဝင် တစ်အိတ်လျှင် ကျပ် ကိုးသောင်းသာ ဈေးရှိပြီး တဖြည်းဖြည်း အ၀ယ်လိုက်လာ၍ ဈေးမြင့်တက်လာခဲ့ရာ ယခုလ ပထမအပတ်အတွင်း ကုလားပဲ သုံးတင်းဝင်တစ်အိတ်လျှင် ကျပ် ၁၃၈၀၀၀ အထိ ဈေးအမြင့်ဆုံး ဖြစ်သွားခဲ့ရာမှ တပ်မတော်ရိက္ခာအတွက် သိုလှောင်ထားသည့် ကုန်သည်ကြီးများက ပြန်ရောင်းချသည့်အတွက် လက်ရှိတွင် ကုလားပဲ (ထိုင်ဝမ်) သုံးတင်းဝင်တစ်အိတ်လျှင် ကျပ် ၈၂၀၀၀၊ ၈၃၀၀၀၊ ကုလားပဲ (၉၂၉) သုံးတင်းဝင်တစ်အိတ်လျှင် ကျပ် ၈၂၀၀၀၊ ကုလားပဲဖြူကြီး (V2) သုံးတင်းဝင် တစ်အိတ်လျှင် ကျပ် ၁၂၀၀၀၀ အထိ ဈေးပြန်ကျသွားကြောင်း မုံရွာကြီးပွဲရုံမှ ဦးမျိုးဆွေက ပြောကြားသည်။

“ခုရက်ပိုင်း တပ်မတော်ရိက္ခာအတွက် သိုလှောင်ထားတဲ့ ကုန်သည်ကြီးများက ပြန်ရောင်းတဲ့အတွက် ကုလားပဲ ဈေးကျတာပေါ့။ ပြီးခဲ့တဲ့နှစ်ကထက်စာရင် တစ်အိတ်ကို နှစ်သောင်း၊ သုံးသောင်းလောက်အထိ ပြုတ်ကျသွားတယ်။ လောလောဆယ် အဲဒီအတွက် အစားထိုးပြီး ပဲစင်းငုံကို ပြန်ဝယ်နေတယ်လို့ ကြားတယ်။ အဓိကက အဲဒါကြောင့် ကုလားပဲ ဈေးကျတာပေါ့” ဟု ၎င်းက ပြောကြားသည်။

ယင်းကဲ့သို့ ကုလားပဲဈေးထိုးကျသော်လည်း လှောင်လက်ကုန်သည်များအနေဖြင့် အရှုံးဖြစ်ပေါ်မှုသိပ်မရှိဘဲ နည်းပါးကြောင်း၊ ကုလားပဲစက်ပိုင်းများသာ အနည်းငယ် နစ်နာမှုဖြစ်ပေါ်လျက်ရှိကြောင်း၊ ၎င်းကုလားပဲ စက်ပိုင်းများအနေဖြင့် အော်ဒါမှာယူသူရှိလာပါက ကုန်ကြမ်းပဲမရှိမှာ ဆိုးသည့်အတွက် ပစ္စည်းရရှိတုန်း ၀ယ်ယူထားကြသဖြင့် ကုလားပဲစက်ပိုက်များလက်ထဲ၌ တစ်ယောက်လျှင် အိတ် ၄၀၀၀၊ ၅၀၀၀ ပစ္စည်းလက်ကျန်များ ရှိနေကြောင်း မန္တလေးမြို့ ပွဲစား၊ ကုန်သည် စက်ပိုင်များ မဟာကထိန်တော်အသင်း (ကုန်စည်ဒိုင်) မှ အထွေထွေအတွင်းရေးမှူး ဦးကျော်သွင်က ပြောကြားသည်။

ယခုနှစ် မတ်ပဲစိုက်သည့်နေရာများတွင် ကုလားပဲကို တိုးချဲ့စိုက်ကြသည့်အတွက် ကုလားပဲထွက်နှုန်းမှာ ရာသီဥတုမဖျက်ဆီးပါက မနှစ်ကထက် အထွက် ရာခိုင်နှုန်း ၃၀ မှ ရာခိုင်နှုန်း ၆၀ အထိ အထွက်နှုန်းတိုးလာနိုင်ကာ ယမန်နှစ်က တင်း ၁၀၀ ထွက်လျှင် ယခုနှစ်၌ တင်း ၁၃၀၊ ၁၆၀ လောက်အထိ ထွက်လာနိုင်ကြောင်း ပဲကုန်သည်များထံက သိရသည်။