ဒဂုံမြို့နယ်တွင် ခရီးသည်ထံမှ ရွှေထည်ပစ္စည်းနှင့်ငွေများ ဓားထောက်ခြိမ်းခြောက် လုယက်ခဲ့သည့် အငှားယာဉ်မောင်းနှင့် အမျိုးသမီးအား ဖမ်းဆီးရမိ

ဒဂုံမြို့နယ်တွင် ခရီးသည်ထံမှ ရွှေထည်ပစ္စည်းနှင့်ငွေများ ဓားထောက်ခြိမ်းခြောက် လုယက်ခဲ့သည့် အငှားယာဉ်မောင်းနှင့် အမျိုးသမီးအား ဖမ်းဆီးရမိ
Published 7 December 2017

ဒဂုံမြို့နယ်တွင် ခရီးသည်ထံမှ ရွှေထည်ပစ္စည်းနှင့် ငွေများ ဓားထောက်လုယက်ခဲ့သည့် အငှားယာဉ်မောင်းနှင့် အမျိုးသမီးတစ်ဦးကို ဖမ်းဆီးရမိခဲ့ကြောင်း ဒီဇင်ဘာ ၆ ရက်တွင် အနောက်ပိုင်းခရိုင်ရဲတပ်ဖွဲ့မှ စုံစမ်းသိရသည်။

ဖြစ်စဉ်မှာ အောက်တိုဘာ ၉ ရက် နံနက် ၆ နာရီခန့်က ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး လှိုင်မြို့နယ်နေ မ... သည် ဘာတာကားမှတ်တိုင်မှ လသာမြို့နယ် သံဈေးသို့သွားရန် အငှားယာဉ်တစ်စီးအား ငှားရမ်းစီးနင်းရာမှ ဒဂုံမြို့နယ် အမှတ် (၂) အခြေခံပညာအထက်ကျောင်း ရှေ့အရောက်တွင် ဓားဖြင့်ထောက်ကာ လုယက်ခံခဲ့ရခြင်းဖြစ်သည်။

ထိုသို့လုယက်ခံရသဖြင့် မ... ထံမှ ရွှေဆွဲကြိုးတစ်ကုံး၊ လော့ကက်သီးတစ်ခု၊ စိန်လက်စွပ်တစ်ကွင်း၊ ရွှေလက်စွပ်တစ်ကွင်း၊ လက်ကိုင်ဖုန်းတစ်လုံးနှင့် ကျပ်ငါးသိန်းတို့ ဆုံးရှုံးခဲ့ကြောင်း သိရသည်။

အဆိုပါဖြစ်စဉ်မှ ကျူးလွန်သူ ယာဉ်မောင်းနှင့် အမျိုးသမီးတို့အား အနောက်ပိုင်းရဲတပ်ဖွဲ့မှ ရဲတာဝန်ရှိသူများက စုံစမ်းရာ မ... ငှားစီးခဲ့သည့်ယာဉ်မှာ ဗဟန်းမြို့နယ် မင်းလမ်းရှိ ပစ်တိုင်းထောင်အငှားဂိတ်တွင် ဂိတ်ထိုးသည့် Toyota Corrona Premio အငှားယာဉ်ဖြစ်ကြောင်း၊ ယာဉ်မောင်းမှာ လှည်းကူးမြို့နယ်နေ ရဲဝင်းထွန်း (၃၂ နှစ်) ဖြစ်ကြောင်း သိရသဖြင့် ဖမ်းဆီးရမိရေး ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ရဲဝင်းထွန်း နေထိုင်သည့် လှည်းကူးမြို့နယ်ရှိ နေအိမ်အား ရဲတပ်ဖွဲ့ဝင်များမှ သွားရောက်စုံစမ်းရာ ၎င်းမှာ အဆိုပါနေအိမ်၌ နေထိုင်ခြင်းမရှိဘဲ လှိုင်သာယာမြို့နယ် အမှတ် (၁၂) ရပ်ကွက်ရှိ ဦးလေးတော်စပ်သူ၏ နေအိမ်တွင် ရောက်ရှိနေကြောင်း၊ ထို့နောက် လှိုင်သာယာမြို့နယ်ရှိ နေအိမ်သို့ သွားရောက် ဖမ်းဆီးရာ ဒီဇင်ဘာ ၂ ရက် နံနက် ၁၁ နာရီခန့်တွင် ၎င်းအား ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

ရဲဝင်းထွန်းအား စစ်ဆေးရာ အခင်းဖြစ်ပွားသည့်နေ့တွင် ၎င်းနှင့်အတူ ကျုးလွန်ခဲ့သူ အမျိုးသမီးမှာ ဒဂုံတောင်မြို့နယ်နေ မမီကို (၂၆ နှစ်) ဖြစ်ကြောင်းသိရပြီး ၎င်းအား မင်္ဂလာဒုံမြို့နယ်တွင် ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

“ယာဉ်မောင်းနဲ့ လုယက်မှုမှာ အတူကျူးလွန်တဲ့ အမျိုးသမီးက ကားငှားစီးရင်းနဲ့ ရင်းနှီးသွားကြတာ။ အခင်းမဖြစ်မီ အောက်တိုဘာ ၈ ရက် ည ၁၂ နာရီလောက်မှာ ယာဉ်မောင်းရဲဝင်းထွန်းက မမီကိုဆီ ဖုန်းဆက်ခေါ်ပြီး သူတို့နှစ်ယောက် တစ်ညလုံး ခရီးသည်တွေကို ပို့ဆောင်ပေးခဲ့ကြတယ်။ အခင်းဖြစ်တဲ့ နံနက်မှာတော့ သံဈေးကိုသွားမယ့် အမျိုးသမီးကို ဓားထောက်ခြိမ်းခြောက်ပြီး ရွှေထည်ပစ္စည်း၊ ဖုန်းနဲ့ ငွေတွေကို လုတာပါ” ဟု အနောက်ပိုင်းခရိုင်ရဲတပ်ဖွဲ့မှ ရဲအရာရှိတစ်ဦးက ပြောကြားသည်။

ပြစ်မှုကျူးလွန်ရာတွင် အသုံးပြုသည့် အငှားယာဉ်၊ သက်သေခံပစ္စည်းများဖြစ်သည့် ရွှေထည်ပစ္စည်းများနှင့် လက်ကိုင်ဖုန်းတစ်လုံးအား ရဲတပ်ဖွဲ့မှ ပြန်လည်သိမ်းဆည်းထားပြီး ရဲဝင်းထွန်းနှင့် မမီကိုတို့နှစ်ဦးအား အခြားပြစ်မှုများ ကျူးလွန်ထားခြင်းရှိ မရှိ ဆက်လက် စစ်ဆေးနေကြောင်း သိရသည်။

အဆိုပါဖြစ်စဉ်မှ ရဲဝင်းထွန်းနှင့် မမီကိုတို့နှစ်ဦးအား ဒဂုံမြို့မရဲစခန်းက (ပ)၁၆၁/ ၂၀၁၇၊ ရာဇသတ်ကြီးပုဒ်မ ၃၉၂ ဖြင့် အမှုဖွင့်ထားကြောင်း သိရသည်။

Most Read

Most Recent