မောင်တောမြို့နယ်တောင်ပိုင်း ကျောက်ပန္တူစေတီရွာတွင် မြေမြှုပ်ထားသော လက်လုပ်မိုင်း ၉၇ လုံး တွေ့ရှိ

မောင်တောမြို့နယ်တောင်ပိုင်း ကျောက်ပန္တူစေတီရွာတွင် မြေမြှုပ်ထားသော လက်လုပ်မိုင်း ၉၇ လုံး တွေ့ရှိ
Published 7 December 2017

ရှာဖွေတွေ့ရှိခဲ့သည့် လက်လုပ်မိုင်းများကို တွေ့ရစဉ်

မောင်တောမြို့နယ်တောင်ပိုင်း ကျောက်ပန္တူစေတီရွာ ဘင်္ဂါလီရွာမှ မြေမြှုပ်ထားသော လက်လုပ်မိုင်း ၉၇ လုံးကို ဒီဇင်ဘာ ၅ ရက် ညနေ ၄ နာရီက တွေ့ရှိသိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။

အဆိုပါ လက်လုပ်မိုင်းများအား ကျောက်ပန္တူကျေးရွာမှ ကျေးရွာသားများက ဟင်းရွက်ခူးရန်သွားစဉ် မသင်္ကာဖွယ်ရာ မြေစာပုံအောက်တွင် ပလတ်စတစ်ပုံးများကို တွေ့ရှိသဖြင့် သက်ဆိုင်ရာကို အကြောင်းကြားခဲ့ပြီး သက်ဆိုင်ရာ လုံခြုံရေးတပ်ဖွဲ့ဝင်များက သွားရောက် တူးဖော်စဉ် ပလတ်စတစ်ပုံးနှစ်လုံးနှင့် ပလတ်စတစ်အိတ်တစ်အိတ်ဖြင့်ထည့်လျက် မြေမြှုပ်ထားခဲ့သည့် လက်လုပ်မိုင်းများအား သိမ်းဆည်းရမိခဲ့ခြင်းဖြစ်ကြောင်း ကျောက်ပန္တူကျေးရွာအုပ်ချုပ်ရေးမှူးထံမှ သိရသည်။

အဆိုပါ လက်လုပ်မိုင်းများအား ကျောက်ပန္ဒူစေတီရွာ ဘင်္ဂါလီရွာနေ အီလီးယစ့် (ခ) မောင်လှ (ဘ) ဟာဘီတူလာ ၄၆ နှစ် (စက်ဆရာ) ၏နေအိမ်အနီး ပေ ၂၀၀ အကွာ တောင်ကုန်းအောက် ငှက်ပျောတောတွင် မြေမြှုပ်လျက် တွေ့ရှိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ကျောက်ပန္တူကျေးရွာ အုပ်ချုပ်ရေးမှူး ဦးမောင်ထွန်းအောင်က “ပထမတွေ့တာက ရွာကအမျိုးသမီးတွေ ဟင်းရွက်ခူးသွားတဲ့အခါ ကျောက်ပန္တူစေတီရင်းကျေးရွာက အီလီးယစ့် (ခ) မောင်လှ၊ ၄၆ နှစ် (စက်ဆရာ) နေအိမ်နောက်ဘက် ပေ ၂၀၀ အကွာ တောင်ကုန်းအောက် ငှက်ပျောတောမှာ မသင်္ကာဖွယ်ရာ မြေစာပုံကိုတွေ့လို့ အကြောင်းကြားလာတာ ဖြစ်ပါတယ်။ တွေ့တာက မွန်းလွဲပိုင်းကတွေ့တယ်။ သက်ဆိုင်ရာကို သတင်းပို့ပြီး ကျွန်တော်တို့ သွားရောက် စစ်ဆေးတဲ့အချိန်မှာ ပလတ်စတစ်ပုံးကြီးနှစ်လုံးနဲ့ ပလတ်စတစ်အိတ်တစ်အိတ်မှာ ထည့်ထားတဲ့ လက်လုပ်မိုင်း စုစုပေါင်း ၉၇ လုံးကို ညနေ ၄ နာရီမှာ တွေ့တာပါ။ လက်လုပ်မိုင်းတွေက သံပိုက်တွေ၊ ကားပစ္စတင်တွေနဲ့ လုပ်ထားတာပါ။ ယမ်းတော့မရှိသေးဘူး။ အဲဒီမိုင်းတွေကို တပ်မတော်က သိမ်းဆည်းသွားပါတယ်” ဟု ပြောကြားသည်။

မောင်တောမြို့နယ်တောင်ပိုင်း ကျောက်ပန္တူနှင့် သင်္ဘောကွေ့ကျေးရွာများ၌ ARSA အစွန်းရောက် ဘင်္ဂါလီအကြမ်းဖက်သမားများ ပြုလုပ်ထားသည့် လိုဏ်ဂူများကို နိုဝင်ဘာလထဲတွင် တွေ့ရှိခဲ့သည်။

နိုဝင်ဘာ ၁၃ ရက် မွန်းလွဲ ၁ နာရီခွဲခန့်က မောင်တောမြို့နယ်တောင်ပိုင်း ကျောက်ပန္တူကျေးရွာအုပ်စု စေတီကျေးရွာအနီး၌ မြေသားများဖြင့် ဖုံးအုပ်ထားသည့် အမြင့်သုံးပေခွဲခန့်၊ အနံနှစ်ပေခန့်ရှိ ဝင်ပေါက်နှင့် အတွင်းပိုင်းတွင် အလျား ၁၅ ပေ၊ အနံ ငါးပေ၊ အမြင့် ငါးပေခန့်ရှိ မြေကျင်းတစ်ကျင်း တွေ့ရှိခဲ့ပြီး အဆိုပါမြေကျင်း၏ အမိုး/အကာများအား အချင်း လေးလက်မခန့်ရှိ သစ်လုံးတိုင်များ၊ ဝါးထရံများ၊ မိုးကာစများဖြင့် ပြုလုပ်ထားပြီး အပေါ်မှမြေသားများ ဖုံးအုပ်ထားကာ သစ်ပင်များ စိုက်ပျိုးထားကြောင်း သိရသည်။

အလားတူ နိုဝင်ဘာ ၅ ရက် နံနက်ပိုင်းကလည်း ကျောက်ပန္တူကျေးရွာအလယ်ရှိ တောင်ကုန်းငယ်၌ အလျား ၁၅ ပေ၊ အနံ ၁၀ ပေ၊ အမြင့် ငါးပေရှိ သစ်လုံးများမိုးထားပြီး ပျဉ်ခင်းထားသော လူလုပ်လိုဏ်ဂူတစ်ခုကို တွေ့ရှိခဲ့ကာ စစ်ဆေးချက်များအရ ယခင်က အကြမ်းဖက်သမားများ၏ ရိက္ခာနှင့် ဆေးဝါးများ သိုလှောင်ခဲ့သည့် ခြေရာလက်ရာများကို ရှာဖွေ့တွေ့ရှိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ထို့အတူ နိုဝင်ဘာ ၅ ရက်မှာပင် သင်္ဘောကွေ့ကျေးရွာ၏ အရှေ့ဘက်တောင်ကုန်း၌ အမြင့် လေးပေ၊ အနံ သုံးပေရှိပြီး ကျောက်သားအား ထွင်းထားသော လိုဏ်ဂူတစ်ခုအား ရှာဖွေတွေ့ရှိခဲ့ကြောင်းနှင့် အဆိုပါလိုဏ်ဂူသည် အပေါက်ဝမှ ပေ ၃၀ ခန့် ဝင်ရောက်သွားပါက လမ်းခွဲနှစ်ခုရှိကာ ယာဘက်လမ်းခွဲ၏ အရှည်သည် ပေ ၄၀ ခန့်ရှိပြီး ဘေးဝဲယာနံရံများ၌ နှစ်ပေခန့်ရှိလူနေထိုင် အိပ်စက်နိုင်ရန် နေရာများနှင့် အဆုံး၌ ငါးပေပတ်လည်အကျယ်ရှိ မြေလွတ်တစ်ခုတို့ကို ပြုလုပ်ထားကြောင်း၊ ဝဲဘက်လမ်းခွဲ၏ အရှည်သည်လည်း ပေ ၄၀ ခန့်ရှည်လျာပြီး ဘေးဝဲယာနံရံများ၌ နှစ်ပေခန့်ရှိ လူနေထိုင် အိပ်စက်ရန်နေရာများနှင့် လမ်းအဆုံး၌ ထွက်ပေါက်တစ်ခုတို့ကို ပြုလုပ်ထားကြောင်းနှင့် ၎င်းလိုဏ်ဂူသည် ယခင်က အကြမ်းဖက်သမားအင်အား ၂၀ မှ ၂၅ ဦးခန့် နေထိုင်ခဲ့ကြောင်းတို့အား စစ်ဆေးတွေ့ရှိရပြီး လိုဏ်ဂူအတွင်းမှ ဆန်အိတ်ပိုင်းငါးပိုင်း၊ ဆီပုံးခွံတစ်ခု၊ သင်္ဘောကွေ့ကျေးရွာနေ မာမတ်တူဆောင်း (ဘ) မိုဟာမတ် ကာလာမျာနှင့် ကျောက်ပန္တူကျေးရွာနေ အဒူဟာလိပ် (ဘ) အာဘူဟာရှိန်းတို့၏ အမည်များပါရှိသည့် ကျောင်းသားကတ်နှစ်ခု၊ ကိုရမ်ကျမ်း စာအုပ်သုံးအုပ်နှင့် ဟောင်းနွမ်းနေသည့် အင်္ကျီသုံးထည်တို့အား ရှာဖွေတွေ့ရှိခဲ့ကြောင်း သိရသည်။

Most Read

Most Recent