<

First Eleven Sports Journal မှရွေးချယ်သည့် အကောင်းဆုံး ဘောလုံးသမားများ မဲပေးရန်

Vote Now

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ဘက်လိုက်မှုရှိနေသဖြင့် ယုံကြည်မှုမရှိကြောင်း ပြောကြားခဲ့သည့် ပြည်ခိုင်ဖြိုးပါတီမှ ဒေါက်တာနန္ဒာလှမြင့်အား ဆွေးနွေးရန် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် ခေါ်ယူ

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ဘက်လိုက်မှုရှိနေသဖြင့် ယုံကြည်မှုမရှိကြောင်း ပြောကြားခဲ့သည့် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ပြောရေးဆိုခွင့်ရှိသူ ဗဟိုကော်မတီဝင် ဒေါက်တာနန္ဒာလှမြင့်အား အဆိုပါကိစ္စရပ်များနှင့်ပတ်သက်၍ ဆွေးနွေးရန် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌက ဖိတ်ခေါ်ထားကြောင်း ဒေါက်တာနန္ဒာလှမြင့်က ဒီဇင်ဘာ ၅ ရက်တွင် ပြောကြားသည်။

ရန်ကုန်မြို့ သံလွင်လမ်းရှိ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီရုံးချုပ် (ရန်ကုန်) တွင် နိုဝင်ဘာ ၂၃ ရက်က လတ်တလောဖြစ်ပေါ်နေသည့် နိုင်ငံရေးအခြေအနေများနှင့် ပတ်သက်ပြီးပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတွင် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်သည် ဘက်လိုက်နေသဖြင့် အယုံအကြည်မရှိကြောင်း မီဒီယာများအား ပြောကြားခဲ့မှုအပေါ် မည်သည့်အတွက်ကြောင့်ပြောဆိုသည်ကို သိရှိလိုသဖြင့် ကော်မရှင်ဥက္ကဋ္ဌ ဦးလှသိန်းနှင့် ဒီဇင်ဘာ ၈ ရက်တွင် လာရောက်တွေ့ဆုံရန် အကြောင်းကြားထားခြင်းဖြစ်ကြောင်း ၎င်းက ပြောကြားသည်။

“အကြောင်းကြားစာက ကောင်းကောင်းမွန်မွန်ပါပဲ။ တက်ရောက်ဖို့ဖိတ်ကြားအပ်ပါတယ်လို့ ကောင်းကောင်းမွန်မွန်ပြောတာပါ။ ကျွန်တော်လည်းသွားမှာပါ။ ဘာဖြစ်လို့လဲဆိုတော့ ဒီလိုတွေ့လိုက်ခြင်းအားဖြင့် ကောင်းမွန်တဲ့ရလဒ်ထွက်မယ်လို့ မျှော်လင့်တယ်။ ဘာဖြစ်လို့လဲဆိုတော့ ကျွန်တော်ကပြောတယ် UEC ကိုအယုံအကြည်မရှိဘူးလို့ ပြောတယ်။ ပြောတယ်ဆိုတာက ဘာကြောင့်လဲဆိုတော့ ကျွန်တော်တို့မှာ အကြောင်းတရားလည်းရှိတယ်။ ဒါကို ကျွန်တော်ရှင်းပြခွင့်ရတဲ့အတွက် ကျေနပ်တယ်။ UEC ကလည်း သူတို့တရားမျှတစွာဆောင်ရွက်ခဲ့တယ်ဆိုတာ ပြန်ရှင်းပြမှာပဲ။ ဘာပဲဖြစ်ဖြစ် ကျွန်တော်တို့က UEC နဲ့ နိုင်ငံရေးပါတီတွေဆိုတာ ယုံကြည်မှုရှိဖို့လိုတယ်။ ယုံကြည်မှုတည်ဆောက်ထားနိုင်မှလည်း ကျွန်တော်တို့က ရှေ့လျှောက်လုပ်ငန်းစဉ်တွေမှာ အဆင်ပြေမယ်။ အောင်မြင်မယ်။ ယုံကြည်မှုမရှိဘူးဆိုရင် အဖုအထစ်တွေဖြစ်နေရင် မကောင်းဘူးလေ။ ကျွန်တော်တို့က ကိုယ့်အမြင်ကိုရှင်းပြတယ်။ UEC က သူတို့ဆုံးဖြတ်တာကို ရှင်းပြမယ်။ အဲဒီမှာ အားနည်းချက်ရှိရင် ရှိတဲ့သူက ရဲရဲဝံ့ဝံ့ဝန်ခံပြီး ပြင်ဆင်ဖို့လိုတယ်လေ။ ကျွန်တော်တို့က UEC ဘက်က ရှင်းပြတာကိုလက်ခံနိုင်တယ်ဆိုရင်လည်း ဒါကိုလက်ခံတယ်ပြောမှာပဲ။ UEC က သူတို့လုပ်တဲ့အရာတွေမှာ ဥပဒေနဲ့အညီ လွဲသွားတယ်ဆိုရင်လည်း ရဲရဲဝံ့ဝံ့ပြောရရင် ၀န်ခံရမှာပဲ။ ယုံကြည်မှုရှိစေချင်တယ်။ ယုံကြည်မှုတည်ဆောက်ချင်တယ်။ အခုလိုတွေ့ဆုံခြင်းသည် ကောင်းမွန်တဲ့ရလဒ်ထွက်မယ်လို့ မျှော်လင့်တယ်။ နှစ်ဦးနှစ်ဖက်အတွက် ယုံကြည်မှုတည်ဆောက်ခွင့်ရတဲ့အတွက် ကြိုဆိုတယ်။ ၀မ်းသာပါတယ်” ဟု ဒေါက်တာနန္ဒာလှမြင့်က ပြောကြားသည်။

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌ ဦးလှသိန်းက “ဂျာနယ်မှာ သူပြောတာကိုခေါ်မေးတာ။ ဆင့်ခေါ်တာမဟုတ်ပါဘူး။ ဆွေးနွေးချင်လို့ ဖိတ်ခေါ်တာပါ” ဟုဆိုသည်။

အဆိုပါသတင်းစာရှင်းလင်းပွဲတွင် ဒေါက်တာနန္ဒာလှမြင့်က ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အနေဖြင့် အောက်တိုဘာလအတွင်းက နိုင်ငံရေးပါတီများအား ပါတီမှတ်ပုံတင်ရာတွင် တင်ပြရမည့် သတ်မှတ်အင်အားများကို ပြန်လည်တင်ပြခိုင်းခြင်း၊ ပါတီများကို ထုတ်ပြန်သည့်ကြေညာချက်များကို ရွေးကောက်ပွဲကော်မရှင်သို့ တင်ပြခိုင်းခြင်း၊ ပါတီကြေညာချက်များသည် ဥပဒေနှင့်မညီညွတ်ပါက အရေးယူခံရမည်ဟု ရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌက မီဒီယာများသို့ဖြေကြားခဲ့သည့် အခြေအနေများကိုထောက်ပြကာ ကော်မရှင်လုပ်ဆောင်ချက်များအပေါ် ဝေဖန်ခဲ့သည်။

ထို့ပြင် ၂၀၁၇ ကြားဖြတ်ရွေးကောက်ပွဲ၌ ရှမ်းပြည်နယ် ကျိုင်းတုံမဲဆန္ဒနယ် အမှတ် (၂) တွင် ရွေးကောက်ပွဲအနိုင်ရရှိထားသည့် ပြည်ခိုင်ဖြိုးပါတီဝင် ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် ဦးရှာမွေလရှဲန်အား အဆိုပါမဲဆန္ဒနယ်၌ ဒုတိယခိုင်လုံမဲအများဆုံးရရှိသူ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီဝင် လွှတ်တော်ကိုယ်စားလှယ်လောင်း ဒေါက်တာဝဏ္ဏစိုးက တရားမဲ့ပြုကျင့်မှုဖြင့် ကန့်ကွက်လွှာတင်သွင်းထားမှုအပေါ် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ခုံရုံးက ကြားနာစစ်ဆေးမှုများပြုလုပ်ပြီး မူလပြည်ခိုင်ဖြိုးပါတီကိုယ်စားလှယ်အား အနိုင်ပေးခဲ့ပြီး ကော်မရှင်၏ဆုံးဖြတ်ချက်အပေါ် NLD ပါတီ လွှတ်တော်ကိုယ်စားလှယ်လောင်းက အယူခံတင်သွင်းရာတွင် မူလအောက်ခုံရုံး၏ ဆုံးဖြတ်ချက်အားပြင်ဆင်၍ NLD ပါတီ လွှတ်တော်ကိုယ်စားလှယ်လောင်းအား ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်အဖြစ် ရွေးကောက်တင်မြှောက်ခံရသူဖြစ်ကြောင်း ဆုံးဖြတ်သည့်အခြေအနေနှင့် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က နိုင်ငံရေးပါတီများနှင့် တွေ့ဆုံဆွေးနွေးခြင်းမရှိသည့် အခြေအနေများကိုလည်း ထောက်ပြခဲ့သည်။