YBS ယာဉ်လိုင်းများတွင် အသုံးပြုမည့် ငွေပေးချေစနစ်အတွက် တင်ဒါဒုတိယအဆင့် အောင်မြင်သည့် ကုမ္ပဏီ ၁၄ ခုအား လူတွေ့စစ်ဆေးမည်ဟု ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ ထုတ်ပြန်

YBS ယာဉ်လိုင်းများတွင် အသုံးပြုမည့် ငွေပေးချေစနစ်အတွက် တင်ဒါဒုတိယအဆင့် အောင်မြင်သည့် ကုမ္ပဏီ ၁၄ ခုအား လူတွေ့စစ်ဆေးမည်ဟု ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ ထုတ်ပြန်
Published 6 December 2017

YBS ယာဉ်လိုင်းပေါ်တွင် ယာဉ်စီးခကောက်ခံနေသည့် ယာဉ်အကူ တစ်ဦးအား တွေ့ရစဉ်

ရန်ကုန်ဘတ်စ်ကားများတွင် အသုံးပြုမည့် ငွေပေးချေစနစ်အတွက် တင်ဒါ ဒုတိယအဆင့် အောင်မြင်သည့် ကုမ္ပဏီ ၁၄ ခုအား ဒီဇင်ဘာ ၁၆၊ ၁၇ ရက်များတွင် လူတွေ့စစ်ဆေး သွားမည်ဖြစ်ကြောင်း ရန်ကုန်တိုင်း ဒေသကြီး အစိုးရအဖွဲ့ရုံး၏ သတင်းထုတ်ပြန်ချက်အရ သိရသည်။

ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့၊ YPS (Yangon Payment Services) အတွက် တင်ဒါများခေါ်ယူခဲ့ရာ တင်ဒါတင်သွင်းသူ ၂၁ ဦးအနက် ဒုတိယအဆင့် တင်ဒါအောင်မြင်သူများ စာရင်းကို ဒီဇင်ဘာ ၄ ရက်က ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ရုံးမှ ထုတ်ပြန်ခဲ့သည်။

ဒုတိယအဆင့် တင်ဒါအောင်မြင်သူများကို လူတွေ့စစ်ဆေးမှုများ ပြုလုပ်နိုင်ရန် ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့၊ YPS တင်ဒါစိစစ်ကြီးကြပ်ရေး ကော်မတီက ဒီဇင်ဘာ ၁၆၊ ၁၇ ရက်များတွင် စစ်ဆေးသွားမည် ဖြစ်ပြီး သက်ဆိုင်ရာ ကုမ္ပဏီများအလိုက် စိစစ်မှု အချိန်ဇယားကို အသိပေးသွားမည် ဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

Request For Proposal၊ RFP ပုံစံ (က) Turnkey Solution အတွက် ကုမ္ပဏီ ၁၄ ခု တင်သွင်းခဲ့သည့်အနက် ဒုတိယအဆင့်အဖြစ် ကုမ္ပဏီခုနစ်ခုက အောင်မြင်ခဲ့သည်။ ယင်းကုမ္ပဏီများတွင် Asia Starmar Transport Intelligent ကုမ္ပဏီလီမိတက်၊ Solution Hub ကုမ္ပဏီလီမိတက်၊ Trusty Family ကုမ္ပဏီလီမိတက်၊ Be One နည်းပညာ ကုမ္ပဏီလီမိတက်နှင့် ဆောက်လုပ်ရေး၊ Excel KC Myanmar ကုမ္ပဏီလီမိတက်၊ Capital Connect လီမိတက်၊ Any Pay Payment ဝန်ဆောင်မှု ကုမ္ပဏီလီမိတက်တို့ ပါဝင်ကြောင်း သိရသည်။

Request For Proposal၊ RFP ပုံစံ (ခ)၊ YBS Existing Back-End Solution အတွက် ကုမ္ပဏီ ၁၀ ခု တင်သွင်းခဲ့ပြီးနောက် ခုနစ်ခုကို တင်ဒါဒုတိယအဆင့် အောင်မြင်သည့် ကုမ္ပဏီများ စာရင်းတွင် ထုတ်ပြန်ခဲ့သည်။ ယင်းကုမ္ပဏီများတွင် Solution Hub ကုမ္ပဏီလီမိတက်၊ Creation မြန်မာကုမ္ပဏီ လီမိတက်၊ Skylark (Consortium) Fintech မြန်မာ၊ ABC တယ်လီကွန်း ကုမ္ပဏီလီမိတက်၊ ဆူမီတိုမိုကော်ပိုရေးရှင်း၊ Any Pay Payment ဝန်ဆောင်မှု ကုမ္ပဏီလီမိတက်၊ Trust Link ကုမ္ပဏီလီမိတက်တို့ ပါဝင်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

Yangon Payment စနစ်တင်ဒါခေါ်ယူခြင်း (ပထမအဆင့်) အတွက် အဆိုပြုလွှာပေါင်း ၅၁ ခုကို လက်ခံရရှိခဲ့ကြောင်းနှင့် ၎င်းတို့ကိုစိစစ်ပြီး သတ်မှတ်ထားသော အချက်အလက်များ ပြည့်စုံစွာ တင်ပြသည့် အဆိုပြုလွှာပေါင်း ၅၀ လက်ခံရရှိခဲ့ကြောင်း သိရသည်။

နည်းပညာပိုင်းဆိုင်ရာ Complete Set ဖြင့် ကိုယ်ပိုင် Solution ဖြင့် လျှောက်ထားမည့်သူများအတွက် ဖောင်ပုံစံတစ်မျိုး၊ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့က ဆောင်ရွက်ထားသည့် BackUp System ဖြင့် ဆောင်ရွက်မည့် သူများအတွက် ဖောင်ပုံစံ တစ်မျိုးစီ ခွဲခြားပြီး ခေါ်ယူခဲ့ကြောင်း သိရသည်။

Yangon Payment စနစ်ကို ဖေဖော်ဝါရီလမှ စတင်၍ ရန်ကုန်ဘတ်စ်ကားများတွင် အသုံးပြုနိုင်မည်ဖြစ်ကြောင်း သိရသည်။

Most Read

Most Recent