<

ထိုင်းအလုပ်ရှင်က မြန်မာလုပ်သား ၂၀၀ ခန့်အား သတ်မှတ်အလုပ်ချိန်ထက်ပိုခိုင်းကာ အချိန်ပိုကြေးမပေးဘဲ သေနတ်ဖြင့်ခြိမ်းခြောက်

အချိန်ပိုကြေးမပေးဘဲ သေနတ်ပြခြိမ်းခြောက်ခံရသည့် အလုပ်သမားများအား ဒီဇင်ဘာ ၅ ရက်က တွေ့ရစဉ် (ဓာတ်ပုံ-AAC)

ဒီဇင်ဘာ ၄ ရက်က ဘန်ကောက်မြို့အနီး ထာ့ခန်နယ်မြေရှိ အလုပ်ရုံတစ်ခုတွင် အလုပ်လုပ်နေသည့် မြန်မာလုပ်သား ၂၀၀ ခန့်အား သတ်မှတ်အလုပ်ချိန်ထက်ပိုခိုင်းပြီး အချိန်ပိုကြေးမပေးဘဲ အလုပ်ရှင်မှ သေနတ်ဖြင့်ခြိမ်းခြောက်ခဲ့သည့်အတွက် ထိုင်းအာဏာပိုင်များသို့ တိုင်ကြားခဲ့ကြောင်း သိရသည်။

အဆိုပါစက်ရုံတွင် မြန်မာလုပ်သားများမှာ တစ်ရက်လျှင် ၁၀ နာရီအလုပ်လုပ်နေရပြီး အလုပ်သမားခေါင်းဆောင်များမှ အလုပ်ချိန်ရှစ်နာရီထက် ကျော်လွန်သည့်အတွက် ဥပဒေအရ သတ်မှတ်အချိန်ပိုကြေးပေးရန် တောင်းဆိုရာ သေနတ်ပြခြိမ်းခြောက်ခဲ့သည့်အပြင် အလုပ်ရှင်သူဌေး၏တပည့်များက ရိုက်နှက်သည့်အတွက် မြန်မာလုပ်သားနှစ်ဦးမှာ ဆေးရုံတွင် ဆေးကုသမှုခံယူခဲ့ရသည်။

အဆိုပါဖြစ်စဉ်နှင့်ပတ်သက်ပြီး သက်ဆိုင်ရာနယ်မြေခံ ထိုင်းစစ်တပ်သို့ တိုင်ကြားခဲ့ရာ ဒီဇင်ဘာ ၅ ရက်တွင် အလုပ်ရှင်မှ အလုပ်သမားများတောင်းဆိုသည့် အချိန်ပိုကြေးအားပေးရန် ကတိပြုခဲ့ပြီး သိမ်းဆည်းထားသည့် အလုပ်သမားများ၏ အထောက်အထားများကိုလည်း ပြန်လည်ပေးအပ်ခဲ့ကြောင်း အလုပ်သမားကူညီစောင့်ရှောက်ရေး မဟာမိတ်အဖွဲ့ AAC အဖွဲ့မှ ကိုရဲမင်းက ဆိုသည်။

“အလုပ်သမားတွေက သတ်မှတ်အလုပ်ချိန်ထက် ပိုလုပ်ရတဲ့အတွက် အချိန်ပိုကြေးတောင်းတာကို အလုပ်ရှင်ကမပေးဘဲ သေနတ်ပြခြိမ်းခြောက်ပြီး သူ့တပည့်တွေနဲ့ ရိုက်နှက်ခိုင်းတဲ့အတွက် အလုပ်သမားနှစ်ဦး ဆေးရုံတက်ပြီး ကုသမှုခံယူခဲ့ရတယ်။ ဒီနေ့မှာတော့ သက်ဆိုင်ရာထိုင်းအာဏာပိုင်တွေနဲ့ ညှိနှိုင်းတော့ အလုပ်ရှင်က အလုပ်သမားတွေ တောင်းဆိုတဲ့အတိုင်းပေးမယ်။ ပြီးတော့ သိမ်းထားတဲ့ CI တို့ အထောက်အထားတို့ ပြန်ပေးတယ်။ အလုပ်ရုံမှာ ဆက်လုပ်ချင်တဲ့ အလုပ်သမားတွေကိုလည်း နဂိုအတိုင်းဆက် အလုပ်ခိုင်းမယ်ပြောတယ်။ ဒါပေမဲ့ အလုပ်သမားတော်တော်များများက မလုပ်ရဲကြတော့ဘူး” ဟု ကိုရဲမင်းက ဒီဇင်ဘာ ၅ ရက်တွင် ပြောကြားသည်။

December 5, 2017














Copy Protected by Chetan's WP-Copyprotect.