ဘဏ္ဍာရေးနှစ်အသစ် သတ်မှတ်လိုက်ခြင်းကြောင့် ၂၀၁၈ ခုနှစ် ဧပြီလမှ စက်တင်ဘာလအထိ ကြားခံခြောက်လအတွက် ရန်ကုန်တိုင်းဒေသကြီး၏ ရသုံးမှန်းခြေ ငွေစာရင်း (လျာထားချက်) အား လွှတ်တော်သို့ တင်သွင်း

ဘဏ္ဍာရေးနှစ်အသစ် သတ်မှတ်လိုက်ခြင်းကြောင့် ၂၀၁၈ ခုနှစ် ဧပြီလမှ စက်တင်ဘာလအထိ ကြားခံခြောက်လအတွက် ရန်ကုန်တိုင်းဒေသကြီး၏ ရသုံးမှန်းခြေ ငွေစာရင်း (လျာထားချက်) အား လွှတ်တော်သို့ တင်သွင်း
Published 6 December 2017

ကျင်းပလျက်ရှိသည့် ရန်ကုန်တိုင်းဒေသကြီး လွှတ်တော် ပဉ္စမပုံမှန်အစည်းအဝေးကို တွေ့ရစဉ်

ဘဏ္ဍာရေးနှစ်အသစ် သတ်မှတ်လိုက်ခြင်းကြောင့် ၂၀၁၈ ခုနှစ် ဧပြီလမှ စက်တင်ဘာလအထိ ကြားခံခြောက်လအတွက် ရန်ကုန်တိုင်းဒေသကြီး၏ ရသုံးမှန်းခြေငွေစာရင်း လျာထားချက်ကို ဒီဇင်ဘာ ၅ ရက်က ပြုလုပ်ခဲ့သည့် ဒုတိယအကြိမ်၊ ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်၊ ပဉ္စမပုံမှန် အစည်းအဝေး ၂၁ ရက်မြောက်နေ့တွင် စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီး ဦးမြင့်သောင်းက တင်သွင်းခဲ့သည်။

“အခုလို ခြောက်လဘတ်ဂျက် ရေးဆွဲရခြင်းဟာ လွှတ်တော်ကိုယ်စားလှယ်များသိပြီး ဖြစ်တဲ့အတိုင်း ပြည်ထောင်စုကနေပြီးတော့ ဘဏ္ဍာရေးနှစ်အသစ် သတ်မှတ်ထားပြီး ဖြစ်ပါတယ်။ ၂၀၁၈-၂၀၁၉ ဘဏ္ဍာရေးနှစ်ဟာ ၂၀၁၈ အောက်တိုဘာ  ၁ ရက်ကနေပြီးတော့ ၂၀၁၉ ခုနှစ် စက်တင်ဘာမှာဆုံးတဲ့ ဘဏ္ဍာရေးနှစ်အသစ် ဖြစ်လာတဲ့အတွက် ၂၀၁၇-၂၀၁၈ ကြားမှာ ၂၀၁၈-၂၀၁၉ ကြားမှာ ခြောက်လကြားခံ ကာလအဖြစ် ဖြည့်စွက်ဖို့ လိုအပ်နေပါတယ်။ ဒါကြောင့်မို့လို့ သီးခြား ခြောက်လဘတ်ဂျက် ရေးဆွဲတင်ပြလာခြင်း  ဖြစ်ပါတယ်” ဟု စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီး ဦးမြင့်သောင်းက ပြောကြားသည်။

၂၀၁၈ခုနှစ် ဧပြီ ၁ ရက်မှ စက်တင်ဘာလအထိ ခြောက်လအတွက် ရန်ကုန်တိုင်းဒေသကြီး၏ ရသုံးခန့်မှန်းခြေ ငွေစာရင်းကို သက်ဆိုင်ရာ တိုင်းဒေသကြီးအဆင့်ဌာန အဖွဲ့အ စည်းများ၏ ရေးဆွဲတင်ပြချက် အပေါ်တွင် ၂၀၁၇ ခုနှစ် နိုဝင်ဘာ ၂၁ ရက်က တိုင်းဒေသကြီး၊ စီမံကိန်းဝန်ကြီးဌာနက အပြီးသတ် စိစစ်ခဲ့ကြောင်း သိရသည်။ ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်၊ ပြည်သူ့ငွေစာရင်း ကော်မတီက နိုဝင်ဘာ ၂၈ ရက်က ၂၉ ရက်အထိ စိစစ်ခဲ့ကြောင်း သိရသည်။ ယင်းရသုံးမှန်းခြေ ငွေစာရင်းကို ဒီဇင်ဘာ ၄ ရက်က အစိုးရအဖွဲ့က  အတည်ပြုခဲ့ကြောင်း သိရသည်။

“ဒီဘတ်ဂျက် လျာထားချက်များ ရေးဆွဲတဲ့အခါမှာ ပြည်ထောင်စုကနေပြီးတော့ သတ်မှတ်ထားတဲ့ မူဘောင်များကနေ ရေးဆွဲခြင်း ဖြစ်ပါတယ်။ ရငွေများအနေနဲ့တော့ ပြည်ထောင်စုမှ လိုငွေဖြည့်စည်းခြင်း အတွက် ထောက်ပံ့ငွေ ကျပ် ၂၀၈၄၇ ဒသမ ၆၇၆ သန်း ရရှိပါတယ်။ ပြည်ထောင်စုမှ ခွဲဝေပေးတဲ့ ဘတ်ဂျက်ကလည်း ၆၃၈၀၆ ဒသမ ၀၀၆ သန်းရရှိပါတယ်။ ရန်ကုန်တိုင်း ဒေသကြီးအတွင်းရှိတဲ့ ဌာနဆိုင်ရာ အဖွဲ့အစည်းများမှ ရရှိတဲ့ အခွန်အခ ရငွေများကတော့ ၁၆၅၉၆ ဒသမ ၉၇၈ သန်း အခြားကဏ္ဍ ရငွေများကတော့ ၄၈၆၄၉ ဒသမ ၄၅၈ သန်း၊ ငွေလုံးငွေရင်း ရငွေကတော့ ၁၆၁၅၄ ဒသမ ၇၅၈ သန်းနဲ့ ကြွေးမြီရရှိငွေကတော့ ၄၆၁၈၈ ဒသမ ၀၈၉ သန်းတို့ ဖြစ်လို့ စုစုပေါင်း ရန်ကုန်တိုင်းဒေသကြီးရဲ့ ဘတ်ဂျက်မှာ ရငွေဟာ ၂၁၂၂၄၂ ဒသမ ၉၆၅ သန်းဖြစ်ပါတယ်။ အသုံးစရိတ်ကလည်း အဲဒီပမာဏအတိုင်း ဖြစ်ပါတယ်။ သာမန်အသုံးစရိတ်ကတော့ ၆၈၅၉၃ ဒသမ ၂၆၇ သန်း ဖြစ်ပါတယ်။ ငွေလုံးငွေရင်း အသုံးစရိတ်ကတော့ ၁၄၃၆၄၉ ဒသမ ၆၉၈ သန်း ဖြစ်ပါတယ်။ စုစုပေါင်းကတော့ ခုနက ရငွေအတိုင်း ဖြစ်ပါတယ်။ စုစုပေါင်းကတော့ ခုန ရငွေအတိုင်း ဖြစ်ပါတယ်။ ၂၁၂၂၄၂ ဒသမ ၉၆၅ သန်း၊ ဘီလျံအားဖြင့်ပြောရင်၂၁၂ ဒသမ၂၄ ဘီ လျံဖြစ်ပြီးတော့ အသုံးစရိတ်မှာတော့ ကျပ်  ၂၁၂ ဒသမ ၂၄ ဘီလျံလျာထား သတ်မှတ်ထားပါတယ်” ဟု ဝန်ကြီးဦးမြင့်သောင်းက ပြောကြားသည်။

ထိုကဲ့သို့ ရသုံးမှန်းခြေငွေစာရင်း ရေးဆွဲခြင်းတွင် ၂၀၁၈ ခုနှစ် ဧပြီလမှ စက်တင်ဘာလအထိ ရသုံးမှန်းခြေ ငွေစာရင်းကို ပြုစုရေးဆွဲရာ၌  ရန်ကုန်တိုင်းဒေသကြီး မြို့နယ် ၄၅ မြို့နယ်က မြို့နယ်အသီးသီးမှ အောက်ခြေကနေ အထက်အထိ စီမံကိန်းရေးဆွဲသည့် ပုံစံအသုံးပြုပြီး စီမံကိန်း ရေးဆွဲခြင်းကို အခြေခံထားကြောင်း သိရသည်။

“ရသုံးငွေစာရင်းနဲ့ ပတ်သက်သူများအားလုံး ပါဝင်ညှိနှိုင်း ဆွေးနွေးခွင့် ရရှိခဲ့ပါတယ်။ အထူးသဖြင့် ပြည်သူ့ရဲ့ လိုအပ်ချက်များ ဖြစ်တဲ့ဟာကို ပြည်သူ့ကိုယ်စားလှယ်များ၊ မြို့နယ်စီမံကိန်းမှူးများ၊ မြို့နယ်အထွေထွေ အုပ်ချုပ်ရေးမှူးများ ပါဝင်တဲ့ ရေး/ဖော် အဖွဲ့ကနေ သတ်မှတ်ပေးထားတဲ့  စီမံကိန်း ဦးစားပေးမှုများကို ရေးဆွဲခဲ့ပါတယ်။ အခုလို ရေးဆွဲတဲ့ ဘတ်ဂျက်ကို ဒီနှစ်ကစပြီးတော့ Participatory ဘတ်ဂျက်ကို စတင်ကျင့်သုံးနိုင်ကြောင်း တင်ပြပါတယ်။ ရန်ကုန်တိုင်း ဒေသကြီးရဲ့ ရငွေနဲ့ သုံးငွေအခြေအနေများကို ပြည်သူများ ပွင့်လင်းမြင်သာစွာ သိရှိနားလည်စေနိုင်တဲ့ Citizen ဘတ်ဂျက် ဖြစ်ပေါ်လာရေးကိုလည်း ဦးတည်ဆောင်ရွက် ထားနိုင်ခဲ့ပါတယ်။ အဆိုပါ ရသုံးမှန်းခြေ ငွေစာရင်း ရေးဆွဲမှုမှာ မြို့နယ်အသီးသီးက စီမံကိန်းရေးဆွဲရေးနဲ့ အကောင်အထည်ဖော်ရေး ကော်မတီက အစည်းအဝေးကနေပြီးတော့ ရလဒ်ဖြစ်တဲ့ ဦးစားပေးလုပ်ငန်း ၂၀ စီကို သတ်မှတ်ထားတာကို အဲဒီအပေါ်မှာ အခြေခံပြီး အလေးထား စိစစ်ရေးဆွဲထားခြင်း ဖြစ်ကြောင်းကို တင်ပြလိုပါတယ်” ဟု ၎င်းကဆက်လက် ပြောကြားသည်။

ယင်းရသုံးမှန်းခြေ ငွေစာရင်းတွင် အခွန်အကောက်ရငွေ အနေနှင့် အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာနက ရငွေပမာဏ ခန့်မှန်းချက်မှာ ၅၅၉၂ ဒသမ ၂၇၃ သန်း၊ ငါးလုပ်ငန်း ဦးစီးဌာနက ၆၀၆ ဒသမ ၄ သန်း၊ သစ်တောဦးစီးဌာနက ၆၇ ဒသမ ၅ သန်း၊ ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီက ၁၀၁၁၆ ဒသမ ၆၃၈ သန်း၊ စည်ပင်သာယာရေး အဖွဲ့များအတွက် ကျပ်၂၁၄ ဒသမ ၁၆၇ သန်းနဲ့ စုစုပေါင်း ၁၆၅၉၆ ဒသမ ၉၇ သန်း ကောက်ခံရရှိဖို့ လျာထားထားကြောင်း သိရသည်။

“အခြားသာမန် ရငွေများကတော့ ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီ က ၄၂၁၆၃ ဒသမ ၅၅၁ သန်း၊ စည်ပင်သာယာရေး အဖွဲ့ကနေကောက်ဖို့ လျားထားထားတာက ၃၉၆၁ ဒသမ ၈၃၃ သန်းဖြစ်ပါတယ်။ ငွေလုံးငွေရင်း ရငွေအနေနဲ့ ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီက ကျပ် ၁၆၁၅ ၄ဒသမ ၇၈၅သန်း၊ ကြွေးမြီရရှိငွေ ရေပေးဝေရေး လုပ်ငန်းမှာ ဆောင်ရွက်မယ့် JICA က နေရမယ့် ဦဗချေးငွေက ၄၅၄၃၇ ဒသမ ၅ သန်းနဲ့ ကမ္ဘာ့ဘဏ်ကရမယ့် ချေးငွေအရှေ့တောင်အာရှ သဘာဝအန္တရာယ်ကြောင့် ဆုံးရှုံးနိုင်ခြေ စီမံခန့်ခွဲရေး စီမံကိန်းအတွက် ရမယ့်ငွေကတော့ ကျပ် ၇၅၀ ဒသမ ၅၈ သန်းတို့ ဖြစ်ပါတယ်။ အဲဒါကတော့ ငွေလုံးငွေရင်း ရရှိငွေ ဖြစ်ပါတယ်။ သာမန်အသုံးစရိတ်ပိုင်းမှာတော့ ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီက တာဝန်ယူ သုံးစွဲမှာကတော့ ကျပ်ပေါင်း ၁၅၁၇၃၂ ဒသမ ၆၅၂ သန်း၊ တိုင်းဒေသကြီး အစိုးရအဖွဲ့က သုံးမှာက ၃၁၆၅၆ ဒသမ ၇၈ သန်း၊ စည်ပင်သာယာရေး အဖွဲ့က သုံးမှာက ၇၈၆၁ ဒသမ ၇ သန်း၊ အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာနက သုံးမှာက ၅၀၃၄ ဒသမ ၅၇ သန်း၊ လမ်းဦးစီးဌာနက သုံးမှာက ၄၆၇၀ ဒသမ ၄၇ သန်း စသည်ဖြင့် လျာထား သတ်မှတ်ထားပါတယ်။ ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီ ငွေလုံးငွေရင်း အသုံးစရိတ်မှာတော့ ကျပ် ၁၀၃၂၅၇ ဒသမ ၂၁၇ သန်း ပါဝင်ပါတယ်။ အဆိုပါ ငွေလုံးငွေရင်း အသုံးစရိတ်ကတော့ ODA နဲ့ ကမ္ဘာ့ဘဏ်က ချေးငွေတွေ ပါဝင်တဲ့ လုပ်ငန်းများ အသုံးစရိတ်များ ဖြစ်ပါတယ်” ဟု စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီး ဦးမြင့်သောင်းက ပြောကြားသည်။

Most Read

Most Recent