စစ်တွေမြို့သို့ ရောက်ရှိနေသော နေရပ်စွန့်ခွာ ဟိန္ဒူဘာသာဝင်အားလုံး မောင်တောမြို့သို့ ပြန်လည်ထွက်ခွာသွားကြပြီဖြစ်ကြောင်း သိရ

စစ်တွေမြို့သို့ ရောက်ရှိနေသော နေရပ်စွန့်ခွာ ဟိန္ဒူဘာသာဝင်အားလုံး မောင်တောမြို့သို့ ပြန်လည်ထွက်ခွာသွားကြပြီဖြစ်ကြောင်း သိရ
Published 6 December 2017

ARSA ဘင်္ဂါလီအစွန်းရောက်အကြမ်းဖက်သမားများရန်ကြောင့် ရခိုင်ပြည်နယ်၊ စစ်တွေမြို့သို့ ရောက်ရှိနေသော နေရပ်စွန့်ခွာ ဟိန္ဒူဘာသာဝင်များအားလုံး မောင်တောသို့ ပြန်လည်ထွက်ခွာသွားကြပြီဖြစ်ရာ စစ်တွေမြို့တွင် ကယ်ဆယ်ရေးစခန်းများအားလုံး ပိတ်သိမ်းခဲ့ပြီဖြစ်ကြောင်း သိရသည်။

စစ်တွေမြို့သို့ ရောက်ရှိနေခဲ့သော နောက်ဆုံးလက်ကျန် ဟိန္ဒူဘာသာဝင် ၅၀၀ ကျော်တို့သည် အကြမ်းဖက်မှုဖြစ်စဉ်အတွင်း ရွာလုံးကျွတ်သတ်ဖြတ်ခံခဲ့ရသော ခမောင်းဆိတ်၊ ရဲဘော်ကျ၊ ကျေးရွာများအပါအဝင် တမန်းသား အစရှိသောကျေးရွာ ၁၅ ရွာတို့မှ ကျေးရွာသားများသည် စစ်တွေမြို့ရှိ ဓညဝတီဘောလုံးကွင်း အဆောက်အုံအောက်တွင် ခိုလှုံနေရပြီး ယင်းတို့အားမောင်တောမြို့ ခရိုင်အုပ်ချုပ်ရေးရုံးအနောက်တွင် ဆောက်လုပ်နေသည့် တန်းလျားများဆီသို့ သွားရောက်နေထိုင်ကြခြင်းဖြစ်ကြောင်းနှင့် မြို့ပတ်ဝန်းကျင်ရှိ နေအိမ်ရှိသူများမှာ နေအိမ်သို့သွားရောက်နေထိုင်ကြကြောင်း သိရသည်။

ဟိန္ဒူဘာသာဝင်တစ်ဦးဖြစ်သူ ဦးကျော်ကျော်နိုင်က “အရင်နေ့က ၃၀၀ ကျော်ပြန်သွားတယ်။ အခု ကျွန်တော်တို့ ၁၅၀ ခန့်ကလည်း ဒီနေ့ပြန်သွားပြီ။ မောင်တောကိုရောက်နေပါပြီ။ လောလောဆယ်တော့ တန်းလျားမှာနေကြပါတယ်။ ကျွန်တော်တို့ ဟိန္ဒူ ၅၀၀ ကျော်အတွက် မောင်တောမြို့ပေါ်မှာ တန်းလျားဆောက်လုပ်ပေးထားတယ်။ အဲဒီမှာ သွားရောက်နေထိုင်ကြမယ်။ ယာယီပေါ့။ အစိုးရကဆောက်လုပ်နေတာပါ။ မြို့ပေါ်မှာ အိမ်ရှိတဲ့လူတွေကတော့ အိမ်တွေမှာသွားနေကြတယ်။ အိမ်မရှိတဲ့လူတွေကတော့ အဲဒီတန်းလျားမှာ ယာယီနေထိုင်ကြတယ်။ ကျွန်တော်တို့ကို ရွာတည်ပေးတဲ့အခါမှာလည်း ဟိန္ဒူတွေအများကြီး စုပေါင်းတည်ဆောက်ပေးစေချင်ပါတယ်။ ဒါမှလည်း ကျွန်တော်တို့ နေထိုင်ရဲမှာဖြစ်တယ်။ ရွာတည်မယ့်ကိစ္စကတော့ သေချာမသိရသေးဘူး” ဟုဆိုသည်။

ထို့ပြင် ကျေးရွာတည်ဆောက်ပေးမည်ဆိုပါကလည်း ဟိန္ဒူဘာသာဝင်များ အထွတ်အမြတ်ထားကြသော ကျောက်ပန္တူနယ်မြေအတွင်း တည်ဆောက်ပေးမည်ဆိုပါက ပိုမိုသင့်တော်မည်ဖြစ်ကြောင်း၊ ဟိန္ဒူလူမျိုးများအနေဖြင့် ရခိုင်ပြည်နယ်အတွင်း လူနည်းစုတစ်ခုအဖြစ် တည်ရှိနေခြင်းဖြစ်ကာ ခမောင်းဆိပ်နှင့် ရဲဘော်ကျကျေးရွာများမှ သတ်ဖြတ်ခံရသော ဖြစ်ရပ်များမှာလည်း လူမျိုးသုဉ်းသတ်ဖြတ်ခံရခြင်းဖြစ်ကြောင်း ဟိန္ဒူလူမျိုးများက သုံးသပ်ပြောဆိုကြသည်။

စစ်တွေရောက် နေရပ်စွန့်ခွာ ဟိန္ဒူဘာသာဝင်များအနေဖြင့် မိမိတို့ကျေးရွာသို့မပြန်လိုခြင်းနှင့် ကျေးရွာရှိနေအိမ်များမရှိတော့ခြင်းများကိုလည်း ရင်ဆိုင်နေကြရပြီး စုပေါင်းတည်ဆောက်ပေးမည်ရွာကိုသာ အလိုရှိနေကြကြောင်း သိရသည်။

Most Read

Most Recent