အကြောင်းအရာအလိုက် အမျိုးသားအဆင့်နိုင်ငံရေး ဆွေးနွေးပွဲကျင်းပရေး အကြိုဖိုရမ် ဒီဇင်ဘာနောက်ဆုံးပတ်တွင် ပြုလုပ်ရန်စီစဉ်

အကြောင်းအရာအလိုက် အမျိုးသားအဆင့်နိုင်ငံရေး ဆွေးနွေးပွဲကျင်းပရေး အကြိုဖိုရမ် ဒီဇင်ဘာနောက်ဆုံးပတ်တွင် ပြုလုပ်ရန်စီစဉ်
Published 6 December 2017

အကြောင်းအရာအလိုက် အမျိုးသားအဆင့်နိုင်ငံရေးဆွေးနွေးပွဲ (သို့မဟုတ်) ဒုတိယအကြိမ် အရပ်ဘက်လူ့အဖွဲ့အစည်းများ ဖိုရမ်ကျင်းပရန်အတွက် အကြိုဖိုရမ်ကို ဒီဇင်ဘာနောက်ဆုံးပတ်တွင်ပြုလုပ်ရန် စီစဉ်လျက်ရှိကြောင်း သတင်းရရှိသည်။

အကြိုဖိုရမ်ကို ဒီဇင်ဘာ ၂၆ ရက်မှ ၃၀ ရက်အထိ ကျင်းပရန် လျာထားသတ်မှတ်ထားကြောင်းနှင့် နေပြည်တော်တွင်ပြုလုပ်သွားမည့် အကြောင်းအရာအလိုက် အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲ (သို့မဟုတ်) ဒုတိယအကြိမ် အရပ်ဘက်လူ့အဖွဲ့အစည်းများဖိုရမ် ကျင်းပမည့်ရက်ကို ဇန်နဝါရီ ၂၊ ၃ ရက်များတွင် ပြုလုပ်နိုင်ရန် အကြမ်းဖျင်းသတ်မှတ်ထားပြီး သက်ဆိုင်ရာအစိုးရအဖွဲ့ထံမှ ရက်အတည်ပြုချက် တောင်းခံထားကြောင်း ဒုတိယအကြိမ် အရပ်ဘက်လူ့အဖွဲ့အစည်းများဖိုရမ် ဖြစ်မြောက်ရေးကော်မတီမှ ပြောရေးဆိုခွင့်ရှိသူ ဦးစိုးဌေးက ဒီဇင်ဘာ ၅ ရက်တွင် ပြောကြားသည်။

“တစ်နေ့ကပဲ ကျွန်တော်တို့ အရေးပေါ်အစည်းအဝေးလုပ်ပါတယ်။ အဲဒီအစည်းအဝေးမှာ အကြိုဖိုရမ်ကို ဒီဇင်ဘာ ၂၆၊ ၂၇၊ ၂၈၊ ၂၉၊ ၃၀ ငါးရက်ကို မန္တလေးမှာလုပ်ဖို့ အကြမ်းဖျင်းသတ်မှတ်ခဲ့ပါတယ်” ဟု ဦးစိုးဌေးက ပြောကြားသည်။

ထို့ပြင် နေပြည်တော်တွင်ပြုလုပ်မည့် အကြောင်းအရာအလိုက် အမျိုးသားအဆင့်နိုင်ငံရေးဆွေးနွေးပွဲ (သို့မဟုတ်) ဒုတိယအကြိမ် အရပ်ဘက်လူ့အဖွဲ့အစည်းများဖိုရမ်အတွက် ဇန်နဝါရီ ၂ ရက်နှင့် ၃ ရက်များတွင် ကျင်းပနိုင်ရန် အကြမ်းဖျင်းသတ်မှတ်ထားသည်နှင့် ပတ်သက်၍ လူမှုရေးဝန်ကြီး ဦးနိုင်ငံလင်းနှင့် တွေ့ဆုံကာ ရက်သတ်မှတ်အတည်ပြုပေးနိုင်ရန် မေးမြန်းထားကြောင်း၊ အစိုးရဘက်မှအတည်ပြုပေးပါက မိမိတို့အကြမ်းဖျင်း လျာထားသတ်မှတ်ထားသည့်ရက်မှာ အတည်ဖြစ်သွားမည်ဖြစ်ကြောင်း ၎င်းက ဆက်လက်ပြောကြားသည်။

“လောလောဆယ်အစိုးရဘက်က Confirm ဖြစ်တာကိုစောင့်နေတယ်။ အစိုးရဘက်က Confirm ဖြစ်တာနဲ့ မန္တလေးမှာ သတင်းစာရှင်းလင်းပွဲလုပ်ဖို့ရှိတယ်။ ပြည်ထောင်စုကော်မတီအနေနဲ့ပေါ့။ အရပ်ဘက်လူ့အဖွဲ့အစည်းဖိုရမ်မှာ ဘယ်ခေါင်းစဉ်တွေကိုတော့ ကျွန်တော်တို့ စာတမ်းတင်သွားမယ်။ ဘယ်ရက်မှာကျင်းပမယ်။ ဘယ်အစီအစဉ်တွေနဲ့ ကျင်းပသွားမယ်ဆိုတာကို သတင်းစာရှင်းလင်းသွားပါမယ်။ လာမယ့် တစ်ရက်နှစ်ရက်အတွင်း ဖြစ်ဖို့များတယ်။ ကျွန်တော်တို့ကတော့ အကြမ်းဖျင်းသတ်မှတ်ထားတဲ့ရက်တွေက ပြောင်းလို့အဆင်မပြေတာတော့အမှန်ပဲ။ ရက်ပြောင်းလိုက်ရင် တိုင်းနဲ့ပြည်နယ်အားလုံးက စီစဉ်ထားတာတွေလွဲကုန်မယ်။ ဒီအတွက်လည်း တစ်နေ့ကပဲ ရန်ကုန်တိုင်းအစိုးရအဖွဲ့ရုံးမှာ ဦးနိုင်ငံလင်းနဲ့ အကျေအလည် ဆွေးနွေးခဲ့ကြပါတယ်။ သူ့ဘက်ကလည်း နေပြည်တော်မှာစီစဉ်ရမှာဖြစ်တဲ့အတွက် နေပြည်တော်ကောင်စီကို အကြောင်းကြားရမှာတို့ အဲဒီက စီစဉ်ထားတဲ့အခြေအနေတွေကို ပြန်ပြောရမှာဖြစ်တဲ့အတွက် သူကလည်း အချိန်လေးတစ်ခုတောင်းထားတာပါ” ဟု ဦးစိုးဌေးကဆိုသည်။

အကြောင်းအရာအလိုက် အမျိုးသားအဆင့်နိုင်ငံရေးဆွေးနွေးပွဲ (သို့မဟုတ်) ဒုတိယအကြိမ် အရပ်ဘက်လူ့အဖွဲ့အစည်းများဖိုရမ်ကို နေပြည်တော်တွင် ပြုလုပ်သွားမည်ဖြစ်ပြီး ယင်းအတွက် အကြိုဖိုရမ်ကို မန္တလေးတိုင်းတွင် ပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။

အဆိုပါအကြိုဖိုရမ်နှင့် အကြောင်းအရာအလိုက် အမျိုးသားအဆင့်နိုင်ငံရေးဆွေးနွေးပွဲ (သို့မဟုတ်) ဒုတိယအကြိမ် အရပ်ဘက်လူ့အဖွဲ့အစည်းများဖိုရမ်များတွင် စာတမ်းများ၊ သဘောထားများ တင်ပြဆွေးနွေးနိုင်ရန်အတွက် တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးတို့တွင်လည်း မိမိတို့သက်ဆိုင်ရာ အရပ်ဘက်အဖွဲ့အစည်းများတွေ့ဆုံ၍ ဆွေးနွေးပွဲများ ပြုလုပ်လျက်ရှိသည်။

ပထမအကြိမ် အရပ်ဘက်အဖွဲ့အစည်းများဖိုရမ်တွင် ရှေ့ဆက်ပြုလုပ်မည့်ဖိုရမ်ပုံစံကို ဆွေးနွေးခြင်းနှင့် အရပ်ဘက်လူမှုအဖွဲ့အစည်း (CSO) များအနေဖြင့် မိမိတို့တိုင်းဒေသကြီးနှင့်ပြည်နယ်အတွင်း အမျိုးသားရေးအသွင်အပြင် (National Building) တည်ဆောက်ရေးတို့အတွက် လိုအပ်သည့်အရာများကို CSO ရှုထောင့်မှတင်ပြခြင်းတို့ကို ပြုလုပ်ခဲ့ပြီး အဆိုပါဖိုရမ်မှရလဒ်များအား ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ-၂၁ ရာစုပင်လုံ ဒုတိယအစည်းအဝေးသို့ တင်သွင်းခဲ့ခြင်းမရှိခဲ့ပေ။

အကြောင်းအရာအလိုက် ကျင်းပသော အမျိုးသားအဆင့်နိုင်ငံရေးဆွေးနွေးပွဲ (ပထမအကြိမ် အရပ်ဘက်လူ့အဖွဲ့အစည်းများဖိုရမ်) တွင် နိုင်ငံရေး၊ လူမှုရေး၊ စီးပွားရေး၊ မြေယာနှင့် သဘာဝသယံဇာတ စသည့်ကဏ္ဍလေးခုအနက် လူမှုရေးကဏ္ဍမှ ပြန်လည်နေရာချထားရေး၊ ပြန်လည်ထူထောင်ရေးနှင့် လူမှုဖွံ့ဖြိုးရေးဆိုင်ရာကိစ္စရပ်များ၊ စီးပွားရေးကဏ္ဍမှ ဖက်ဒရယ်စနစ်ဆိုင်ရာစီးပွားရေးနှင့် ဘဏ္ဍာရေးဆိုင်ရာကိစ္စရပ်များ၊ မြေယာနှင့် သဘာဝပတ်ဝန်းကျင်ဆိုင်ရာ မူဝါဒကိစ္စရပ်များကဏ္ဍမှ သဘာဝပတ်ဝန်းကျင်နှင့် သဘာဝဘေးအန္တရာယ် ကာကွယ်ရေးဆိုင်ရာကိစ္စရပ်များ စသည်တို့ကို ဆွေးနွေးခွင့်ရရှိခဲ့သည်။

Most Read

Most Recent