အရေးကြီးအဆိုအား ကတိအတိုင်း လုပ်ဆောင်ရန် ကချင်ပြည်နယ် အစိုးရအဖွဲ့အား ပြည်နယ်လွှတ်တော်၌ မေးမြန်း

အရေးကြီးအဆိုအား ကတိအတိုင်း လုပ်ဆောင်ရန် ကချင်ပြည်နယ် အစိုးရအဖွဲ့အား ပြည်နယ်လွှတ်တော်၌ မေးမြန်း
Published 5 December 2017

အရေးကြီး အဆိုအား ကတိအတိုင်း လုပ်ဆောင်ရန် ကချင်ပြည်နယ် အစိုးရအဖွဲ့အား ဒုတိယအကြိမ် ကချင်ပြည်နယ်လွှတ်တော် နဝမပုံမှန် အစည်းအဝေး စတုတ္ထနေ့တွင် မေးမြန်းခဲ့ကြောင်း သတင်းရရှိသည်။

အဆိုပါမေးခွန်းကို တနိုင်းမြို့နယ်၊ မဲဆန္ဒနယ်အမှတ် (၂) မှ ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် ဦးဇော်ဝင်းက မေးမြန်းခဲ့ခြင်းဖြစ်ပြီး ကချင်ပြည်နယ် လွှတ်တော်တွင် ၂၀၁၇ ခုနှစ် မတ် ၃၁ ရက်က တနိုင်းမြို့နယ်သို့ စက်သုံးဆီနှင့် ဆန်ကုန်တင်ယာဉ်များ လွတ်လပ်စွာ သယ်ယူရောင်းချခွင့်ပြုပါရန် အရေးကြီးအဆိုနှင့် ပတ်သက်ပြီး အစိုးရအဖွဲ့ အနေဖြင့် မည်ကဲ့သို့ လုပ်ဆောင်နေကြောင်း မေးမြန်းခဲ့ခြင်းဖြစ်သည်။

ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် ဦးဇော်ဝင်းက “တစ်နိုင်ငံလုံးမှာရှိတဲ့ တိုင်းနှင့် ပြည်နယ် အချို့မှာ NTC ဒေသအဖြစ်သတ် မှတ်ထားတာရှိပါတယ်။ တနိုင်းဒေသလို့ စက်သုံးဆီနှင့် ဆန်တွေကို ကန့်သတ်ထားတာ မရှိပါဘူး။ ဖွဲ့စည်းပုံ အခြေခံဥပဒေအရလည်း တူညီသော အခွင့်အလမ်း ရရှိရပါမယ်။ ကုန်သွယ်ရောင်းဝယ်မှုတို့ကို ဖော်ပြထားပါတယ်။ တနိုင်းဒေသကို ဆန်နှင့် ဆီများကို တားဆီးပိတ်ပင်ထားတာ ၂၀၁၆ ခုနှစ် ဒီဇင်ဘာ ၂၆ ရက်ကတည်းက ဖြစ်ပါတယ်။ အရေးကြီးအဆိုကို လွှတ်တော်မှာ အတည်ပြု ဆုံးဖြတ်ခဲ့သော်လည်း အဆိုပါအတိုင်း အစိုးရအဖွဲ့က ဆောင်ရွက်ခဲ့ခြင်း မရှိပါကြောင်း တင်ပြလိုပါတယ်။ တနိုင်းဒေသကိုသွားတဲ့ သူတွေကို ဆန်၊ ဆီ စစ်ဆေးရုံမက မှတ်ပုံတင်တွင် ကချင်ပြည်နယ်သား မဟုတ်ပါက ရှေ့ဆက်မသွားရဆိုသည့် အခြေအနေ ဖြစ်နေပါတယ်။ တနိုင်းအထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာနနှင့် ရှင်ဗွေယန် အုပ်ချုပ်ရေး ဦးစီးဌာနတို့မှ တွက်ချက်မှုအရ ခွင့်ပြုပေးသင့်သော စက်သုံးဆီနှင့် ဆန်ကို တစ်လလျှင် နှစ်ကြိမ်နှုန်းဖြင့် ဝေငှရန် စီစဉ်သော်လည်း နှစ်လမှ တစ်ကြိမ်ရရှိနေပါတယ်။ တနိုင်းမြို့တွင် ၂၀၁၇ ခုနှစ် မေလမှ ယနေ့အချိန်အထိ လုံခြုံရေးနှင့် တရားဥပဒေ စိုးမိုးရေးဌာနမှ ခွင့်ပြုချက်အရ အခုမှတစ်ကြိမ်ပဲ ရပါသေးတယ်။ အခု တနိုင်းကိုပို့တဲ့ ဆန်ကားက ဆီးဒီယန်ဂိတ်မှာ ပိတ်ထားတာ တစ်လခွဲလောက် ရှိနေပါပြီ။ ဂိတ်ပေါင်းလည်း ၁၅ ဂိတ်လောက် ဖြတ်ရပါတယ်။ ဘယ်လို ခွင့်ပြုခွင့်ပြု ရှင်ဗွေယန်ကို တစ်လလောက် သွားနေရတယ်။ ပြည်သူတွေက တပ်မတော်နှင့် အစိုးရဘက်ကိုလည်း အမြင်မကြည်လင်ကြဘူး။ ပြည်သူတွေ အဆင်မပြေလို့ ဒီအဆိုကို မေးမြန်းတာပါ” ဟု ပြောကြားသည်။

ယင်းအဖြေကို ကချင်ပြည်နယ် အစိုးရအဖွဲ့ လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး သူရမျိုးတင်က “ကချင်ပြည်နယ် တနိုင်းမြို့နယ်မှာ အသုံးပြုတဲ့ ဆီနဲ့ဆန်တွေ KIA အဖွဲ့ထံသို့ ရောက်နေကြောင်း၊ တရားဥပဒေ မစိုးမိုးတဲ့ နေရာတွေမှာ KIA အဖွဲ့ကို ဆက်ကြေးများ ပေးဆောင်စေ၍ ရွှေ၊ ပယင်းနှင့် ကျောက်များကို တူးဖော်နေကြောင်း၊ ပတ်ဝန်းကျင် ပျက်စီးမှုများရှိပြီး ဒေသခံအတွက် အကျိုးမရှိစေဘဲ အဖျက်အမှောင့် လုပ်ငန်းတွေမှာ အသုံးပြုနေတဲ့အတွက် ပို့နေတဲ့ ဆန်၊ ဆီတွေကို ကန့်သတ်ပေးဖို့ မြောက်ပိုင်းတိုင်း စစ်ဌာနချုပ်က ၂၀၁၆ အောက်တိုဘာတွင် ကချင်ပြည်နယ် အစိုးရကို အကြောင်းကြားလာကြောင်း၊ အစိုးရအဖွဲ့က ဒေသလိုအပ်ချက်ကို စိစစ်ခဲ့ကြောင်း၊ လူတစ်ဦးလျှင် တစ်ရက်လျှင် ဆန်နို့ဆီဘူး သုံးဘူးနှုန်း ဖြင့်တနိုင်းဒေသရှိ လူဦးရေ ၃၄၁၇၅ ဦး၊ အိမ်ထောင်စုလိုက် ရွှေ့ပြောင်းလုပ်သား ဦးရေ ၇၅၀၀၊ ရှင်ဗွေယန် မြို့နယ်တွင်း နေထိုင်သူများ လူဦးရေ ၈၂၄၆ ဦး စုစုပေါင်း တနိုင်းဒေသနှင့် ရှင်ဗွေယန်ဒေသအတွက် တစ်နှစ်စာ ဆန် ၈၉၃၄၄ အိတ်နှင့် စက်သုံးဆီ လိုအပ်ချက်မှာ တစ်နှစ်လျှင်၂၇၇၂၀ ပေပါ လိုအပ်ပါကြောင်း၊ လိုအပ်ချက်များအလိုက် ခွင့်ပြုခဲ့ကြောင်း၊ နိုင်ငံတော်သမ္မတရုံး နိုင်ငံရေးနှင့် လုံခြုံရေးဌာနသို့ တင်ပြရာတွင် လိုအပ်သည့်ဆန်ကို သယ်ယူရန် ခွင့်ပြုခဲ့သော်လည်း စက်သုံးဆီကို မည်သည့်နေရာတွင် သုံးမည်ကို တင်ပြစေလိုကြောင်း လွှတ်တော်တွင် ရှင်းလင်းခဲ့သည်။

ယင်းအဖြေကို မေးခွန်းမေးမြန်းသည့် လွှတ်တော်ကိုယ်စားလှယ်က “အခုရှင်ဗွေယန်မှာ ဆန်တစ်အိတ် ခြောက်သောင်း ရှိနေပါတယ်။ ပြည်သူတွေက ဆင်းရဲနေချိန်မှာတော့ အစိုးရဘက်က ကြည့်သင့်ပါတယ်။ လွတ်လွတ်လပ်လပ် ရောင်းဝယ်ခွင့်ကို ဘယ်အချိန်အထိ ကန့်သတ်မလဲ ဆိုတာလဲ မေးလိုပါတယ်။ တခြားသောတိုင်းနှင့် ပြည်နယ်တွေမှာရော တခြားတရားမဝင်လုပ်ငန်း မရှိတော့ဘူးလား ဆိုတာလည်း မေးစရာရှိတယ်။ အရေးကြီး အဆိုကို တင်ပြပေမယ့် အခုလို အဆင်မပြေမှုတွေက ဒီတိုင်းသွားတော့မလား မေးချင်ပါတယ်” ဟု ပြောကြားသည်။

ကချင်ပြည်နယ် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီးက မေးခွန်းများကို လွှတ်တော်တွင် ဥပဒေအတိုင်း မေးမြန်းနိုင်မှသာ ဖြေကြားနိုင်တော့မည် ဖြစ်ကြောင်း ပြောကြားသည်။

ကချင်ပြည်နယ် တနိုင်းမြို့နယ်သို့ ဆန်ကုန်တင်ကားများနှင့် ဆီကုန်တင်ကားများ လွတ်လပ်စွာ သယ်ယူရောင်းချခွင့်ပြုရေး ၂၀၁၇ ခုနှစ် မတ် ၃၁ ရက်တွင် တင်သွင်းခဲ့ပြီး လွှတ်တော်ကိုယ်စားလှယ် ၅၃ ဦးအနက် ၄၅ ဦး တက်ရောက်ခဲ့ရာ ၄၃ ဦး ထောက်ခံမဲ ပေးခဲ့သဖြင့် ကချင်ပြည်နယ် တနိုင်းမြို့နယ်သို့ ဆန်ကုန်တင်ကားများနှင့် ဆီကုန်တင်ကားများ လွတ်လပ်စွာ သယ်ယူရောင်းချခွင့်ပြုရေး ကချင်ပြည်နယ် လွှတ်တော်တွင် အရေးကြီး အဆိုမှာ အနိုင်ရရှိခဲ့သည်။

 

Most Read

Most Recent