ထောက်ကြန့်ရှိ ဘီယာဆိုင်တစ်ဆိုင်တွင် အရိုက်ခံရသည့် ဆရာတော်ကိစ္စနှင့် ပတ်သက်ပြီး ရန်ကုန်တိုင်းဒေသကြီး တရားစီရင်ရေး၊ ဥပဒေစိုးမိုးရေးနှင့် တိုင်ကြားစာများ၊ အသနားခံစာများ စိစစ်ရေး ကော်မတီက စတင်စစ်ဆေး

ထောက်ကြန့်ရှိ ဘီယာဆိုင်တစ်ဆိုင်တွင် အရိုက်ခံရသည့် ဆရာတော်ကိစ္စနှင့် ပတ်သက်ပြီး ရန်ကုန်တိုင်းဒေသကြီး တရားစီရင်ရေး၊ ဥပဒေစိုးမိုးရေးနှင့် တိုင်ကြားစာများ၊ အသနားခံစာများ စိစစ်ရေး ကော်မတီက စတင်စစ်ဆေး
Published 5 December 2017

ထောက်ကြန့်ရှိ ဘီယာဆိုင်တစ်ဆိုင်တွင် အရိုက်ခံရသည့် ဆရာတော်ကိစ္စနှင့် ပတ်သက်ပြီး ရန်ကုန်တိုင်းဒေသကြီး တရားစီရင်ရေး၊ ဥပဒေစိုးမိုးရေးနှင့် တိုင်ကြားစာများ၊ အသနားခံစာများ စိစစ်ရေး ကော်မတီက စတင်စစ်ဆေးနေကြောင်း ယင်းကော်မတီဥက္ကဋ္ဌ ဦးမြင့်လွင်က ပြောကြားသည်။

“အခုကိစ္စနဲ့ပတ်သက်ပြီး အမှုမှန် ပေါ်ပေါက်ရေးနဲ့ အရေးယူမှု ထိထိရောက်ရောက်ရှိဖို့ အဖြစ်မှန်ကို စုံစမ်းဖော်ထုတ်ပြီးတော့  အမှုမှန် ပေါ်ပေါက်ပြီး လေးလေးနက်နက် ဆောင်ရွက်ဖို့ ဒီဇင်ဘာ ၄ ရက်မှာ ကွင်းဆင်းဆောင်ရွက်တာ ဖြစ်ပါတယ်။ အားလုံးပြည့်ပြည့်စုံစုံပဲ အမှုလည်း ဖွင့်ထားတယ်။ တရားခံတွေလည်း ဖမ်းထားပါတယ်။ တရားခံတစ်ယောက်က လွတ်နေတဲ့အတွက် နယ်ဘက်မှာ လိုက်ဖမ်းနေပါတယ်။ ရိုက်နှက်မှု ဖြစ်ပွားတဲ့ဆိုင်လည်း ပိတ်ထားပါတယ်။ စုံစမ်းစစ်ဆေးတာက ထောက်ကြန့်ရဲစခန်းက ဘယ်လိုဆောင်ရွက် ထားတာလဲ ဆိုတာကို စစ်ဆေးတယ်။ သူတို့ ဆောင်ရွက်ထားတာ မှန်မှန်ကန်ကန် ဆောင်ရွက်ထားသလား၊ လေးလေးနက်နက် ဆောင်ရွက်ထားသလား ဆိုတာကို စစ်ဆေးတာ၊ သေသေချာချာ ဆောင်ရွက်ထားတာကို တွေ့ရှိရတယ်” ဟု ဦးမြင့်လွင်က ပြောကြားသည်။

ရန်ကုန်တိုင်းဒေသကြီး တရားစီရင်ရေး၊ ဥပဒေစိုးမိုးရေးနှင့် တိုင်ကြားစာများ၊ အသနားခံစာများ စိစစ်ရေး ကော်မတီက ယခုဖြစ်စဉ်နှင့် ပတ်သက်ပြီး စစ်ဆေးတွေ့ရှိချက်များကို ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့သို့ တင်ပြသွားမည်ဖြစ်ပြီး အစိုးရအဖွဲ့၏ လုပ်ဆောင်ချက်များကို စောင့်ကြည့်သွားမည် ဖြစ်ကြောင်း ၎င်းက ပြောကြားသည်။

“ရဲစခန်းအပြင် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနတွေကို စစ်ဆေးပါတယ်။ ထွေအုပ်ကိုကျတော့ ပံ့ပိုးကူညီဖို့ပေါ့၊ အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနကိုတော့ မြို့နယ်သံဃနာယကို ခံရတဲ့ ဆရာတော် မနစ်နာအောင် ဆောင်ရွက်ပေးဖို့ သွားလျှောက်ခိုင်းထားတယ်။ လျှောက်လည်း လျှောက်ပြီးသွားပါပြီ၊ စစ်ဆေးတွေ့ရှိ တာတွေကို ရန်ကုန်တိုင်းအစိုးရ အဖွဲ့ကို တွေ့ရှိချက်ကို တင်ပြီးတော့ ဆက်လက် စောင့်ကြည့်သွားမယ်” ဟု ဦးမြင့်လွင်က ပြောကြားသည်။

ဆရာတော်ဘဒ္ဒန္တဣန္ဒကမှာ ဘာသာရေးစာပေများကို ရေးသားထုတ်ဝေလျက်ရှိပြီး သက်တော် ၆၇ နှစ်ရှိကာ ဝါတော် ၄၇ ဝါရှိကြောင်း၊ ယခင်က ရမ်းဗြဲမြို့နယ် ကျက်သရေ သိမ်ကျောင်းတွင် ကျောင်းထိုင်အဖြစ် သီတင်းသုံး နေထိုင်ခဲ့ကြောင်း၊ စာပေဝါသနာအရ ကျောင်းထိုင်ဆရာတော်အဖြစ် စွန့်လွှတ်ကာ လှည်းကူးမြို့နယ်သို့ ပြောင်းရွှေ့ သီတင်းသုံးခဲ့ကြောင်း သိရသည်။

Most Read

Most Recent