တရုတ်နိုင်ငံဘက်သို့ တရားမဝင်တင်ပို့မည့် သစ်လုံးရေ ၂၀၀၀ ခန့် သိမ်းဆည်းရမိ

တရုတ်နိုင်ငံဘက်သို့ တရားမဝင်တင်ပို့မည့် သစ်လုံးရေ ၂၀၀၀ ခန့် သိမ်းဆည်းရမိ
Published 5 December 2017

တရုတ်နိုင်ငံဘက်သို့ တရားမဝင်တင် ပို့မည့် သစ်လုံးရေ ၂၀၀၀  ခန့် သိမ်းဆည်းရ မိခဲ့ကြောင်း ဒီဇင်ဘာ ၄ ရက်က သစ်တောဦးစီးဌာနမှ သိရသည်။

တရုတ်နိုင်ငံဘက်သို့ တင်ပို့မည့် တရားမဝင်သစ်များနှင့်စပ်လျဉ်း၍ နိုဝင်ဘာ ဒုတိယပတ်မှစတင်၍ စုံစမ်းဖော်ထုတ်ခဲ့ခြင်းဖြစ်ကြောင်း၊ တရားမဝင်သစ်များ ရှာဖွေဖော်ထုတ်ဖမ်းဆီးရာတွင် ချီဖွေမြို့နယ် ငွားဖာခါးဒေသနှင့် ဆော့လော်မြို့နယ် လန်ဆယ်ဒေသအတွင်း နေရာခုနစ်နေရာ၌ သယ်ယူပို့ဆောင်ရန် စုပုံထားသည့် တန်ချိန် ၁၃၄၅ တန်ကျော်ရှိ စကားဝါနှင့် ထင်းရှူးသစ်လုံး ၁၉၁၆ လုံးကို သိမ်းဆည်းရမိခဲ့ခြင်း ဖြစ်သည်။

သစ်တောဦးစီးဌာန၏ ထုတ်ပြန်ချက်အရ ကချင်ပြည်နယ်၊ သစ်တောဦးစီးဌာန၊ မြစ်ကြီးနားခရိုင်၊ ဝိုင်းမော်မြို့နယ် သစ်တောဝန်ထမ်းများ၊ ဆော့လော်မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနများ ပါဝင်သည့် ပူးပေါင်းအဖွဲ့မှ အဆိုပါဖြစ်စဉ်ကို ဖမ်းဆီးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ် ခုနစ်လပတ် ကချင်ပြည်နယ်အတွင်း ဖမ်းဆီးရမိသည့် သစ်တန်ချိန် ၁၂၉၈ ထက် ယခုဖမ်းဆီးရမိသည့် ပမာဏမှာ ပိုမိုများပြားနေကြောင်း သစ်တောဦးစီးဌာန၏ အချက်အလက်များအရ သိရသည်။

ကချင်ပြည်နယ်နှင့် ရှမ်းပြည်နယ်မှာ တရုတ်နိုင်ငံဘက်သို့ တရားမဝင် သစ်လမ်းကြောင်းများ အဓိကတည်ရှိရာနေရာဖြစ်ပြီး ယခင်လပိုင်းအတွင်းကလည်း ရွှေလီမြစ် ကြောင်းများမှတစ်ဆင့် တရားမဝင်တင်ပို့ရန် ရည်ရွယ်ထားသည့် သစ်လုံးရေ ၁၀၀၀ ကျော်ကို သိမ်းဆည်းရမိခဲ့ကြောင်း သစ်တောဦးစီးဌာန၏ ထုတ်ပြန်ချက်များအရ သိရပြီး တရားမဝင်သစ်များကို ဖမ်းဆီးရမိလျက်ရှိကြောင်း သိရသည်။

ရှမ်းပြည်နယ်မှာလည်း  ယခုဘဏ္ဍာနှစ်၏ အောက်တိုဘာလအထိ တရားမဝင်သစ်တန်ချိန် တစ်သောင်းကျော်အထိ ဖမ်းဆီးရမိခဲ့ပြီး တစ်နိုင်ငံလုံး ဖမ်းဆီးရမိသည့်ပမာဏ၏ သုံးပုံတစ်ပုံကျော်ရှိကြောင်း၊ စစ်ကိုင်း၊ ပဲခူး၊ မကွေးနှင့် မန္တလေးတို့တွင်လည်း သစ်ဖမ်းဆီးရမိမှုမှာ မြင့်တက်နေကြောင်း သိရသည်။

မြန်မာနိုင်ငံ၏ အဖိုးတန်သစ်များအပါအဝင် အခြားသစ်တောထွက်ပစ္စည်းအများ အပြားမှာ တရုတ်နိုင်ငံနှင့် တရားမဝင် ကုန်သွယ်နေခြင်းမှာ နှစ်ရှည်ကြာမြင့်နေပြီ ဖြစ်သော်လည်း လက်ရှိအချိန်ထိ ထိရောက်စွာ တားဆီးနိုင်ခြင်းမရှိသေးကြောင်း သစ်တောဦးစီးဌာနမှ သိရသည်။

အသစ်ရေးဆွဲခဲ့သည့် သစ်တောဥပဒေကြမ်းတွင် တရားမဝင်သစ်နှင့်စပ်လျဉ်းပြီး ပြစ်မှုကျူးလွန်သူများကို ယခင်ထက်ပိုမို၍ ပြစ်ဒဏ်ပေးနိုင်ရန် ဖော်ပြထားပြီး တရားမဝင်သစ် တားဆီးမှုအပိုင်းမှာလည်း သစ်တောဥပဒေ အတည်ပြုပြဋ္ဌာန်းပြီးပါက ပိုမိုထိရောက်စွာ ဆောင်ရွက်နိုင်မည်ဟု သစ်တောဦးစီးဌာနမှ သိရသည်။

 

Most Read

Most Recent