<

ပုသိမ်မြို့ အမှတ် (၁) ရပ်ကွက်အတွင်းရှိ လူနေအိမ်ပေါ်သို့ လေယာဉ်အစိတ်အပိုင်းတစ်ခု ပြုတ်ကျခဲ့

လူနေအိမ်ပေါ်သို့ ပြုတ်ကျခဲ့သော လေယာဉ်အစိတ်အပိုင်းအား တွေ့ရစဉ်

ဧရာဝတီတိုင်းဒေသကြီး ပုသိမ်မြို့အ မှတ် (၁) ရပ်ကွက် ငါးအောက်ချောင်းတိုးချဲ့ (၄) လမ်းတွင် နေထိုင်သူ ဦးသက်ဦး၏ နေအိမ်ခေါင်မိုးပေါ်သို့ လေယာဉ်အစိတ်အပိုင်း တစ်ခုပြုတ်ကျခဲ့ကြောင်း သိရသည်။

ဒီဇင်ဘာ ၃ ရက် ညနေ ၆ နာရီခွဲခန့်တွင် အသံကျယ်လောင်စွာဖြင့် ပြုတ်ကျသံကြားသောကြောင့် အိမ်ရှေ့ထွက်ကြည့်ခဲ့ရာ အိမ်နောက်ဖေးမီးဖိုချောင်ဘက်တွင် အဖြူရောင်အစတစ်ခု စိုက်နေသည်ကို တွေ့ခဲ့ရကြောင်း၊ အိမ်တွင်းသို့ ပြန်ဝင်ကြည့်ရာ အိမ်မိုးသွပ်အား ဖောက်ကာမြားတန်းခေါ် သစ်သားတန်းတွင် စိုက်နေသည်ကို တွေ့ရှိခဲ့ရကြောင်း အိမ်ပိုင်ရှင် ဦးသက်ဦးက ဆိုသည်။

“ပြုတ်ကျလာတာကတော့ ည ၆ နာရီ မိနစ် ၄၀ လောက်မှာ ပြုတ်ကျလာတာ။ ဘာသံမှန်းတော့ မသိဘူး။ အုန်းခနဲအသံအကျယ်ကြီးကြားတော့ ကျွန်တော်ဇနီးနဲ့ နှစ်ယောက်အိမ်ရှေ့ဘက်ကို ထွက်ပြီးပြေးကြတယ်။ အပြင်ကနေ ဘာကြီးလဲမသိဘူး တွေ့ရတယ်။  ၀ါးလုံးနဲ့ ထိုးချကြည့်တော့ လေယာဉ်အစိတ်အပိုင်းနဲ့တူတာ တစ်ခုတွေ့ရတယ်။ အကုန်လုံးကလည်း ဘာဖြစ်လဲဆိုပြီး ရပ်ကွက်ထဲက လာကြည့်ကြပါတယ်” ဟုအိမ်ပိုင်ရှင် ဦးသက်ဦးက ပြောသည်။

အဆိုပါပြုတ်ကျလာခဲ့သည့် လေယာဉ်အစိတ်အပိုင်းမှာ အလေးချိန် ၅၅ ကျပ်သား ခန့်ရှိပြီး အရှည် ၁၆ လက်မရှိကာ ထိပ်စွန်းမှာ ၃ လက်မမှ  ၁၀ ဒသမ ၅လက်မအထိရှိကာ ထုထည်တစ်လက်မခန့်ထူကြောင်း သိရသည်။

“ဒီအပိုင်းသည် လေယာဉ်အစိတ်အပိုင်း ဆိုတာမှန်တယ်။ မည်သည့်ပစ္စည်း မည်သည့်လေကြောင်းလိုင်းကဆိုတာ မသိသေးဘူး။ ဒီအချိန်မှာတော့ စစ်ဆေးဖို့အတွက် ပုသိမ်လေတပ်စခန်းဌာနချုပ်ကို ယူသွားတယ်” ဟု ပုသိမ်မြို့မရဲစခန်း စခန်းမှူးဒုရဲမှူး ဦးမျိုးသူက ပြောကြားသည်။

အဆိုပါ အစိတ်အပိုင်းအား  ပုသိမ်လေတပ်စခန်းဌာနချုပ်မှ  ဒုဗိုလ်မှူးကြီး မျိုးဌေးနှင့် ဒုဗိုလ်မှူးကြီးအောင်ဖုန်းမြင့်တို့က လာရောက်ကြည့်ရှုပြီးနောက် ဒီဇင်ဘာ ၄ ရက် မွန်းလွဲ ၂ နာရီခန့်တွင် စစ်ဆေးရန်ယူဆောင်သွားကြောင်း ပုသိမ်မြို့မရဲစခန်းမှ သိရသည်။

 

December 4, 2017














Copy Protected by Chetan's WP-Copyprotect.