ဘင်္ဂါလီအကြမ်းဖက်သမားများ ဝင်ရောက်နေကြောင်းသိရှိရသဖြင့် မိမိပတ်ဝန်းကျင်တွင် ထူးခြားမှုရှိပါက သက်ဆိုင်ရာရဲတပ်ဖွဲ့ အသီးသီးသို့ သတင်းပေးရန် ရခိုင်ပြည်နယ်ရဲတပ်ဖွဲ့က ထုတ်ပြန်

ဘင်္ဂါလီအကြမ်းဖက်သမားများ ဝင်ရောက်နေကြောင်းသိရှိရသဖြင့် မိမိပတ်ဝန်းကျင်တွင် ထူးခြားမှုရှိပါက သက်ဆိုင်ရာရဲတပ်ဖွဲ့ အသီးသီးသို့ သတင်းပေးရန် ရခိုင်ပြည်နယ်ရဲတပ်ဖွဲ့က ထုတ်ပြန်
Published 5 December 2017

ဘင်္ဂါလီအကြမ်းဖက်သမားများ ရခိုင်ပြည်နယ်အတွင်းသို့ ဝင်ရောက်လျက်ရှိကြောင်း သတင်းများအရ မိမိပတ်ဝန်းကျင်တွင် ထူးခြားမှုရှိပါက သက်ဆိုင်ရာရဲတပ်ဖွဲ့အသီးသီးသို့ သတင်းပေးရန် ရခိုင်ပြည်နယ်ရဲတပ်ဖွဲ့က ထုတ်ပြန်ထားကြောင်း သိရသည်။

အဆိုပါ ထုတ်ပြန်ချက်များကို အများမြင်သာတွေ့ရှိနိုင်သော နေရာများတွင် ကပ်ပေးထားသွားမည်ဖြစ်ကာ မသင်္ကာသောလူများ၊ မသင်္ကာသော လှုပ်ရှားမှုများနှင့် မူးယစ်ဆေးဝါးများနှင့်ပတ်သက်သော လုပ်ဆောင်ချက်များကို သံသယတွေ့ရှိပါကအကြောင်း ကြားပေးနိုင်ရေးအတွက် လုပ်ဆောင်ခြင်းဖြစ်ကြောင်း သိရသည်။

“ပြည်သူကို ပြန်ကြားချက်ဆိုတဲ့စာလေးတွေ ဖြန့်ချိတဲ့အပေါ်မှာ အဓိကတော့ စစ်တွေမြို့နဲ့ ဘူးသီးတောင်၊ မောင်တော၊ ရသေ့တောင်မြို့နယ်တွေပေါ့၊ ဘင်္ဂါလီအကြမ်းဖက်သမားတွေ ဖောက်ခွဲဖျက်စီးရေးလုပ်မယ့် သတင်းကို ကြားနေရတယ်။ အဲဒီအကြမ်းဖက်သမားတွေဟာ ဘင်္ဂါလီတွေရွာထဲမှာလည်း စိမ့်ဝင်နေခြင်းတွေ ရှိနိုင်တယ်။ ရွာကိုအမှီပြုပြီး တခြားနေရာတွေမှာ ဖောက်ခွဲဖျက်ဆီးမှုတွေ လုပ်နိုင်တဲ့အတွက် အခုလိုမျိုး ထုတ်ပြန်ရခြင်း ဖြစ်တယ်။ နောက်ပြီး မူးယစ်ဆေးဝါးသတင်းတွေ၊ အခြားဒုစရိုက်မှုသတင်းတွေနဲ့ ပတ်သက်ပြီးတော့ မိမိပတ်ဝန်းကျင်မှာ ထူးခြားမှုတစ်ခုခုတွေ့ရရင် ချက်ချင်းကြီး ကျွန်တော်တို့ကို သတင်းပေးဖို့အတွက် ရခိုင်ပြည်နယ်ရဲတပ်ဖွဲ့မှူး၊ စစ်တွေခရိုင်ရဲတပ်ဖွဲ့မှူး၊ စစ်တွေမြို့နယ် ရဲတပ်ဖွဲ့မှူး၊ စစ်တွေမြို့မရဲစခန်းမှူး၊ နယ်ထိန်းအရာရှိ စစ်တွေမြို့မ ရဲစခန်းတွေရဲ့ ဖုန်းနံပါတ်တွေနဲ့ စာရွက်တွေ ဖြန့်ချိထားတာ ဖြစ်ပါတယ်။ အချိန်ကာလအားဖြင့်လည်း အခုအချိန်မှာ လုံခြုံရေးကို အလေးထားဆောင်ရွက်နေတဲ့ အချိန်ကာလဖြစ်တဲ့အတွက် အခုလိုမျိုးထုတ်ပြန်ထားတာ ဖြစ်ပါတယ်။ ထူးခြားမှုရှိတာနဲ့ အချိန်မရွေးအကြောင်းကြားနိုင်အောင် လုပ်ဆောင်တာ ဖြစ်ပါတယ်” ဟုလည်း နယ်ထိန်းအရာရှိက ပြောကြားသည်။

အဆိုပါ အကြမ်းဖက်သမားများသည် ရခိုင်ပြည်နယ်မြောက်ပိုင်း ဘူးသီးတောင်၊ မောင်တောနှင့် ရသေ့တောင်မြို့နယ်များအတွင်းရှိ လမ်း၊ တံတားနှင့် အဆောက်အအုံများအား ဖောက်ခွဲဖျက်ဆီးနိုင်ခြေရှိသည့်အတွက် ထိုသို့ ထုတ်ပြန်ရခြင်းဖြစ်ကြောင်း သိရသည်။

Most Read

Most Recent